(ဂ)-ကျောက်ဖြူမြို့၊မဒေးကျွန်းရေနက်ဆိပ်ကမ်း တွင် ရေနံစိမ်းများအကြောင်းတစ်ခုခုကြောင့်ယိုစိမ့် မှုဖြစ်ပေါ်လာပါ က အရေးပေါ်ဖြေရှင်း နိုင်သည့် အစီအမံများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁၂.၃.၂၀၁၄)

ဦးကြည်သာ (ဂွ)မဒေးကျွန်း ရေနက်ဆိပ်ကမ်းသည် တန်ချိန်သုံးသိန်းခန့်ရှိသည့် ရေနံစိမ်းတင် သင်္ဘောကြီးများ အမြဲဝင်ထွင်နိုင် သကဲ့သို့ ရေနံစိမ်းသိုလှောင်ကန်ကြီး ၁၂ ခု ုရှိပါကြောင်း၊ တစ်ခုလျှင် ကုဗမီတာ တစ်သိန်းရှိသည့်အတွက် စုစုပေါင်း ကုဗမီတာ ပေါင်း ၁၂သိန်းရှိသည့် ရေနံစိမ်းများကို သိုလှောင်နိုင်သည့် အနေအထား ရှိပါကြောင်း၊ ထိုကဲ့သို့ ရေနံစိမ်းများကို သယ်ယူသိုလှောင်ရာတွင် လူနှင့် စက်ကိရိယာများ၏ ချို့ယွင်းချက်ကြောင့် ရေနံစိမ်းများယိုဖိတ်မှုရှိသလို သဘာဝ ဘေးအန္တရာယ်ကြီးများကြောင့်လည်း ရေနံစိမ်းများ ယိုဖိတ်မှုဖြစ်တတ်ပါကြောင်း၊  ထိုင်းနိုင်ငံ ထိုင်းပင်လယ်ကွေ့တွင်  PTT ကုမ္ပဏီပိုင် ရေနံစိမ်းတင် သင်္ဘော ရေနံစိမ်းယိုဖိတ်ခဲ့သည့်အတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှု အများအပြား ဖြစ်ခဲ့ပါကြောင်း၊  ယင်းကိစ္စနှင့်ပတ်သက်၍  မေးမြန်းသည့်အခါ PTT ကုမ္ပဏီ အနေဖြင့် Insurance ထားရှိခြင်းကြောင့် ယိုဖိတ်ရေနံစိမ်းများကို  ဖယ်ရှားရာတွင် အခက်အခဲမရှိ ဖြေရှင်းနိုင်သည်ဟု သိရှိရပါကြောင်း၊ ကျောက်ဖြူဒေသသည်လည်း  မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်သည့်ဒေသဖြစ်ရာ ရေနံစိမ်းသိုလှောင်ကန်ကြီးများ  ခိုင်ခန့်မှုရှိ/မရှိနှင့် ရေနံများ ယိုဖိတ်ခဲ့ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်ကာ ပေးဆပ်ရမည့် ပမာဏသည် အလွန်များပြားပါကြောင်း၊  ထို့ကြောင့် ရေနံစိမ်းသိုလှောင်မှု ပမာဏကြီးမားသော သိုလှောင်ကန်ကြီးများမှာ အကြောင်း တစ်ခုခုကြောင့် ရေနံစိမ်းယိုဖိတ်မှုများ ဖြစ်ပေါ်လာခဲ့ပါက ငွေရေးကြေးရေးအစီအမံဖြစ်သည့် Insurance နှင့် ကျွမ်းကျင်မှုအစီအမံအဖြစ် ရုတ်တရတ် ယိုစိမ့်ရေနံများကို ရှင်းလင်းမည့် ကိရိယာမျိုး ထားရှိမှု ရှိ/မရှိ စသည့် အစီအမံများ ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထူး
အဖြေ

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထူးပထမတစ်ချက်က မြန်မာနိုင်ငံရေပိုင်နက်အတွင်းမှာ အကြောင်းတစ်ခုခုကြောင့် ရေနံစိမ်းများ ယိုဖိတ်မှုဖြစ်ပေါ်လာပါက ကာကွယ်နိုင်ရန်အတွက် စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်များ၌ ရေကြောင်းသွားလာမှုနှင့် ငါးလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ ရေနံလုပ်ငန်း အလေ့အထနှင့်အညီ ကာကွယ်ရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တားမြစ်ရန်တို့အတွက် ကြိုတင်ကာကွယ်ခြင်း ပြုလုပ်ရမည် ဆိုသည့်အချက်ကို ထည့်သွင်းထားရှိပါကြောင်း၊  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် အရှေ့တောင် အာရှရေနံစိမ်း ပိုက်လိုင်း ကုမ္ပဏီနှင့် ချုပ်ဆိုထားသော Agreement Establishing Rights and Obligation တွင် စာချုပ်အပိုဒ် ၅ အပိုဒ်ခွဲ (၁) နှင့် (၂)တို့တွင်  ရေနံစိမ်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းစီမံကိန်း၌ အသုံးပြုမည့် သဘာဝဓာတ်ငွေ့ပတ်ဝန်းကျင် လုံခြုံစိတ်ချမှုဆိုင်ရာ စံချိန်စံညွှန်းများကို အဆိုပါကုမ္ပဏီအနေဖြင့် နိုင်ငံတကာ လိုက်နာကျင့်သုံးသည့် စံချိန်စံညွှန်းများ အတိုင်း သတ်မှတ်လိုက်နာကျင်‌့သုံးသွားရမည်ဖြစ်ပြီး၊ ၎င်းကုမ္ပဏီကိုယ်စား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အနေဖြင့် စံချိန်စံညွှန်းပါအချက်များအပေါ် အရေးယူဆောင်ရွက်ရန်နှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် သဘောတူညီချက်များသည် မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးလျက်ရှိသော တည်ဆဲဥပဒေများအား လိုက်နာရမည်ဖြစ်သည့်အပြင် မြန်မာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေအား လိုက်နာရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာသတ်မှတ်ချက်များအရ ကမ်းလွန်ပင်လယ်ပြင်တွင် ရေနံရှာဖွေတူးဖော် ထုတ်လုပ်သော ရေနံကုမ္ပဏီများနှင့် နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများသည် နိုင်ငံတကာပင်လယ်ပြင် ညစ်ညမ်းမှုမရှိစေရေး ဥပဒေကိုလည်း တိကျစွာလိုက်နာ ကျင့်သုံးရမည်ဖြစ်ပါကြောင်း။

ဒုတိယတစ်ချက်မှာ ရေနံယိုဖိတ်မှုအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ပျက်စီးမှုများမှ ကာကွယ်တားဆီးနိုင်ရန် အတွက် စီမံကိန်း၏ ဆောက်လုပ်ရေးဒီဇိုင်းတွင် နည်းပညာနှင့် အချက်အလက်များ ထည့်သွင်းတည်ဆောက် ထားခြင်း၊ ရေနံလက်ခံဆိပ်ကမ်း၊ ပိုက်လိုင်းနှင့် စခန်းများတွင် Seismic Intensity 8 ဒီကရီနှင့် Seismic Acceleration 0.3 ဂရမ်ခံနိုင်ရည်ရှိအောင် ထားရှိခြင်းကြောင့်   ပြင်းထန်သော ငလျင်နှင့် မုန်တိုင်းများဒဏ်ကို ခံနိုင်ရည်ရှိပါကြောင်း၊ ရေနံလက်ခံဆိပ်ကမ်း၊ ရေနံလက်ခံသံကန်တန်းများတွင်လည်း အလိုအလျောက် ထိန်းချုပ်ကွပ်ကဲနိုင်သည့်စနစ် SCADA System ကို တပ်ဆင်ထားရှိသည့်အပြင် ရေနံလက်ခံသံကန် တစ်ခုနှင့် တစ်ခုကြား စံချိန်စံညွှန်းမြင့်စွာ မီးခံကြားလွှာခေါ် Fire Proofနှင့် ရေနံပျံ့နှံ့ခြင်းမှကာကွယ်ပေးနိုင်မည့် အတားအဆီး ခေါ် Oil Separation Barrier များကိုလည်း  တပ်ဆင်ထားရှိပြီးဖြစ်ပါကြောင်း၊  စီမံကိန်းတစ်ခုလုံးအတွက် အလိုအလျောက်မီးဘေးအန္တရာယ် စောင့်ကြည့်စနစ်နှင့် အသိပေးအချက်ပြစနစ်များကိုလည်း တပ်ဆင်ထားရှိပြီးဖြစ် ပါကြောင်း။

ထပ်မံ၍ ရေနံတင်သင်္ဘောများ မတော်တဆထိခိုက်မှုကြောင့် ဖြစ်ပေါ်လာမည့် ရေထုညစ်ညမ်းမှုဆိုင်ရာပြဿနာ များကို ထိန်းချုပ်နိုင်ရန်အတွက် Oil Boom များကိုလည်း အသုံးပြုပြီး ရေနံယိုဖိတ်မှု လွင့်စင်ဧရိယာတွင် အနည်းဆုံးဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊  ရေပေါ်တွင် ဖိတ်စင်လွင့်မျောမည့်ရေနံစိမ်း ဧရိယာကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့အတွက်လည်း Piston Membrane Chemical များကိုအသုံးပြုသွားမည်ဖြစ်ပြီး Oil Collectors များဖြင့်လည်း ရေနံများပျံ့နှံ့မှုမရှိအောင် ဆောင်ရွက်ထား စီမံထားရှိပါကြောင်း။ မတော်တဆ ဘေးအန္တရာယ်ထိခိုက်မှုများ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် နောက်ဆက်တွဲ ထပ်မံဖြစ်ပွားမည့် ကာကွယ်တားဆီးရေးအတွက် အရေးပေါ် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့် အရေးပေါ် မီးငြိမ်းသတ်ရေးအဖွဲ့တို့ကိုလည်း ဖွဲ့စည်းထားရှိပြီး၊ ရေနံစိမ်းများ အကြောင်းတစ်ခုခုကြောင့် ယိုစိမ့်မှုဖြစ်ပေါ်ပါက လည်း အရေးပေါ်ဆောင်ရွက်နိုင်သည့် အစီအမံ ၄ ခုရှိပါကြောင်း။

ပထမတစ်ခုက ကျောက်ဖြူရေနံတင်/ချ လုပ်ငန်း ဆောင်ရွက်မည့်ဆိပ်ကမ်း အနေနှင့် တန်ချိန် သုံးသိန်း တင်ဆောင်သည့် ရေနံတင်သင်္ဘောကြီးများ ရေနံယိုစိမ့်မှု ဖြစ်ပေါ်လာပါက စနစ်တကျ ရှင်းလင်းနိုင်မည့် အထောက်အကူပြု ပစ္စည်းကိရိယာ၊ ရှင်းလင်းနိုင်မည့် အစီအစဉ်များကို ကြိုတင်တင်ပြစေပြီးမှ ပြည့်စုံ လုံလောက်မှုရှိမှသာ ဆီတင်ဆိပ်ကမ်းအဖြစ် ဆောင်ရွက်ခွင့်ပြုခြင်းဖြစ်ပါကြောင်း။

ဆိပ်ကမ်းနယ်နိမိတ်အတွင်း ယိုစိမ့်မှုဖြစ်ပါက ယိုစိမ့်မှုပမာဏ အပေါ် မူတည်၍ ဆိပ်ကမ်း Contingency Plan အရ ရှင်းလင်းရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

တတိယအဆင်‌့အဖြစ် သင်္ဘောများသည် မည်သည်‌့ဆိပ်ကမ်းများတွင်မဆို ဆိုက်ကပ်ရပ်နားထားပါက ဆိပ်ကမ်းရေပြင် ညစ်ညမ်းမှုမဖြစ်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိကြောင်း နိုင်ငံတကာ ပင်လယ်ပြင်ညစ်ညမ်းမှုများ ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့် နိုင်ငံတကာစာချုပ်များက ပြဋ္ဌာန်း သတ်မှတ်ထားသော  ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်စေမည်ဖြစ်ပါကြောင်း။

နံပါတ်(၄) အချက်အနေဖြင့် ရေနံစိမ်း၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လောင်စာဆီ၊ ရေနံထွက်ပစ္စည်းမျိုးစုံ၊ အခြားဘေး အန္တရာယ်ရှိ ပစ္စည်းများကို သယ်ဆောင်လာသည့် သင်္ဘောတိုင်းသည် ပင်လယ်ပြင်ညစ်ညမ်းမှု တစ်စုံတစ်ရာကို ဖြစ် ပွားစေရန် ကျူးလွန်မှုတစ်ရပ်ရပ်ကို ပြုလုပ်မိခဲ့ပါက နစ်နာသောနိုင်ငံအတွက် လုံလောက်သော လျော်ကြေးပေးနိုင် ရန်အလို့ငှာ သီးခြားပင်လယ်ပြင်ညစ်ညမ်းမှုပြဿနာဆိုင်ရာပေါ်လစီ  Marine Insurance Policy for Damages with respect to Marine Pollution events and accidental Pollution incidents ကို သီးခြားဝယ်ယူပြီး၊ ပင်လယ်ပြင်ညစ်ညမ်းမှုကာကွယ်စောင့်ရှောက်ရေးဥပဒေ Law on Prevention of Marine Pollution များကို ကမ္ဘာ့နိုင်ငံအသီးသီးက ပြဋ္ဌာန်းထားပြီးဖြစ်ရာ ယင်း Marine Insurance ထားရှိသည့် သင်္ဘောများကိုသာလျင် ဝင်ရောက်ဆိုက်ကပ်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း။  

ထို့အပြင် ရေနံယိုဖိတ်မှုကြောင့် ဖြစ်ပေါ်လာနေသည့် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ လျော်ကြေးများ ရရှိရေး၊ ရေနံယိုဖိတ်မှု ဆိုင်ရာညစ်ညမ်းမှုများအတွက် သန့်စင်မှုဆိုင်ရာဆောင်ရွက်ထားရှိမှုအတွက် ကုန်ကျစရိတ်များကို အာမခံကုမ္ပဏီများ မှ ပြန်လည်ရရှိရန် ဆောင်ရွက်ရာတွင်လည်း အပြည်ပြည်ဆိုင်ရာ သဘောတူညီထားသော  Convention များ ရှိပါကြောင်း၊ ဥပမာအားဖြင့်-

International convention on Civil Liability for Oil Pollution Damage၊ 1992 Protocol to the International Convention on the Establishment of an International Fund for Compensation for Oil Pollution Damage (Fund 1992)၊ International Convention on Civil Liability for Bunker Oil Pollution Damage, 2001 တို့နှင့်အညီ ဆောင်ရွက်ထားတာရှိပါကြောင်း၊  ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန အနေနှင့်လည်း မြန်မာ့ရေပိုင်နက်အတွင်းမှာဖြစ်စေ၊ ဆိပ်ကမ်းဧရိယာအတွင်းတွင်ဖြစ်စေ၊ ရေပြင်၌ရေနံစိမ်းတစ်မျိုးမျိုး ယိုဖိတ်မှုဖြစ်ပေါ်လာပါက အရေးပေါ်ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရေနံယိုဖိတ်မှု တုန့်ပြန်ဆောင်ရွက်ရေး ပေါ်လစီ၊ အရေးပေါ်ပေါ်လစီ National Oil Spill Contingency Plan မူကြမ်းကို ရေးဆွဲပြုစုပြီးဖြစ်ရာ  အတည်ပြုထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊  အဆိုပါအမျိုးသားအဆင့် ရေနံယိုဖိတ်မှု တုန့်ပြန်ဆောင်ရွက်ရေး အရေးပေါ်စီမံချက်ကို နိုင်ငံတော်က အတည်ပြုထုတ်ပြန်ပြီးချိန်တွင် မြန်မာနိုင်ငံရှိဆိပ်ကမ်းများမှ ရေနံယိုဖိတ်မှု ဖြစ်ပေါ်စေနိုင်သည့် အရင်းအမြစ်အသီးသီးသည် ရေနံယိုဖိတ်မှုကြောင့် ရေပြင်ညစ်ညမ်းမှုများကာကွယ် သွားနိုင်ရေးအတွက် သက်ဆိုင်ရာ ဆိပ်ကမ်းများအလိုက် ရေနံယိုဖိတ်မှု ကာကွယ်တားဆီးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အစီအမံများကို ရေးဆွဲစီမံထားရှိရမည်ဖြစ်ရာ အဆိုပါအစီအမံများ သည် အမျိုးသားအဆင့် ရေနံယိုဖိတ်မှု တုန့်ပြန်ဆောင်ရွက်ရေး အရေးပေါ်စီမံချက်၏ အစိတ်အပိုင်းများအဖြစ် ပါရှိမည်ဖြစ်ပါကြောင်း၊  ၎င်းအပြင် ဆိပ်ကမ်းနယ်နိမိတ်၏အပြင်ဘက် မြန်မာ့ရေပိုင်နက်အတွင်းရေနံ ယိုစိမ့်မှုဖြစ်ပေါ်ပါကလည်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ရေးဆွဲ ထားသည့် National Contingency အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ရေ ပိုင်နက် အတွင်း ရေနံယိုဖိတ်မှုများ ဖြစ်ပေါ်လာပါက ဆောင်ရွက်ထားရှိသော အစီအစဉ်များကို သိသာနိုင်ပါရန်အတွက် လွှတ်တော်သို့တင်ပြဖြေကြားပါသည်။