(ဂ)- ၁၉၅၃ ခုနှစ်၊လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရ လယ်ယာမြေများကို လယ်သမားများ လက်သို့ ပြန်လည်လွှဲအပ်ရန်နှင့်လ/န(၃၉)ခွင့်ပြုမိန့် မကျသေးသောနစ်နာသူလယ်သမားများ အတွက် မည်သို့ ဆောင်ရွက်ပေးမည်ကိုသိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၂၉.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့သစ်၊ လှိုင်သာယာမြို့သစ်များ အကောင်အထည်ဖော် သည့် နေရာတွင်လည်းကောင်း၊ သန်လျင်ကျောက်တန်းမြို့နယ်များတွင် စက်မှုဇုန်များ ဖော်ထုတ်ရာတွင် လည်းကောင်း လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် အမိန့် ယခင်အခေါ် လ/န(၃၉)၊ ယခုအခေါ် ပုဒ်မ ၃၀ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ) ခွင့်ပြုမိန့်မရှိဘဲ လူနေမြေကွက်တွေ၊ စက်မှုဇုန်မြေကွက်များ ဖော်ထုတ်ပေးခဲ့သည့်နေရာများတွင် လည်းကောင်း၊ လှိုင်သာယာမြို့နယ်တွင် ကွင်းပေါင်း ၂၂ ကွင်း၊ မြေဧရိယာပေါင်း ၆၅၃၃.၃၂၆ ဧက၊ ရွှေပြည်သာမြို့နယ်တွင် ကွင်းပေါင်း ရှစ်ကွင်း၊ မြေဧရိယာ ၃၁၇၂.၉ ဧက၊ ကျောက်သန်းမြို့နယ်တွင် ကွင်းပေါင်း ၂၁ ကွင်း၊ မြေဧရိယာ ၅၁၃၁.၁၅ ဧက စုစုပေါင်း ကွင်းပေါင်း ၅၁ ကွင်း၊ လယ်မြေပေါင်း ၁၄၈၃၇.၃၇ ဧကရှိသည်ကို တိကျစွာသိရှိရပါကြောင်း၊ လ/န(၃၉) ခွင့်ပြုမရ၍ မြေသိမ်းမိန့်ထုတ်ပြန်နိုင်ခြင်းမရှိသည့်မြေများကို ဥပဒေများအရ လယ်သမား များကသာ ပိုင်ဆိုင်ခွင်‌့၊ စီမံခန့်ခွဲခွင့်ရှိတာဖြစ်ခြင်းကြောင့် သက်ဆိုင်ရာလယ်သမားကို ပြန်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေသိမ်းဆည်းခံပြဿနာကို ဥပဒေနှင့် အညီ စဉ်စားဆုံးဖြတ်ခြင်း ထက် မြေရယူထားသော ကုမ္ပဏီ၊ အစိုးရအဖွဲ့အစည်းများ၏ သဘောဆန္ဒ အတိုင်း စိစစ်ဆုံးဖြတ် နေခြင်းများမဖြစ်ပေါ်စေရန် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း မေးခွန်း(၁) သိမ်းဆည်း စဉ်က တည်ဆဲဖြစ်သော ၁၉၅၃ ခုနှစ်၊ လယ်ယာ မြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေတို့အရ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်  လ/န(၃၉) ခွင့်ပြုခွင့်ရေး မရှိပါက ထိုမြေကို မူလလက်ငုတ်လယ်သမားကသာ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်ရှိသဖြင့် ထိုမြေများကို ဥပဒေနှင့်အညီ လက်ငုတ်လယ်သမားများကို ပြန်လည် ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ။ မေးခွန်း(၂) လ/န(၃၉)ခွင့်ပြုမိန့်ကျပြီးသော လယ်မြေများအပေါ်တွင် အဆောက်အဦများ ဆောက်လုပ်ပြီးဖြစ်ပါက တောင်သူလယ်သမားကို နစ်နာမှုမရှိအောင် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ
ဖြေကြားချက် 

ရန်ကုန်တိုင်းဒေသကြီးတွင် ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ် ကာလအတွင်း မြို့သစ်စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုရန် လှိုင်သာယာ မြို့သစ်၊ ရွှေပြည်သာမြို့သစ်နှင့် သံလျင်-ကျောက်တန်းဒေသ စက်မှုဖွံ့ဖြိုးရေး Master Plan ကို မိမိတို့ ဝန်ကြီးဌာနမှ ရေးဆွဲခဲ့ပါကြောင်း၊

မြို့သစ်စီမံကိန်း New Town Development အတွက် စနစ်တကျ Master Plan ရေးဆွဲပြီး အကောင် အထည်ဖော်တည်ဆောက်ခဲ့ပါကြောင်း၊ မြို့သစ်တည်ဆောက်ရေး စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်ခဲ့စဉ်က ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ(၃၉) အရ လယ်ယာမြေမှ လူနေမြို့ပြစီမံကိန်းမြေ အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန်၊ ဥပဒေနှင့်အညီ လျှောက် ထားခြင်းကို မပျက်မကွက် ဆောင်ရွက်ခဲ့ပြီး လ/န(၃၉) အမှုတွဲအများစုမှာ သက်ဆိုင်ရာ၏ ခွင့်ပြု မိန့်ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် လ/န(၃၉) ခွင့်ပြုမိန့် ကိစ္စမပြီးပြတ်ဘဲ ဆောင်ရွက်ဆဲ ကျန်ရှိ နေသော အမှုတွဲများ ရှိသည့်အတွက် လ/န(၃၉) ခွင့်ပြုမိန့် မရဘဲ သိမ်းဆည်းထားသည့် မြေဧကများ ဆိုသည်မှာ လ/န(၃၉) အမှုတွဲဆောင်ရွက်မှုမပြီးပြတ်ခြင်းသာဖြစ်ပြီး ခွင့်ပြုမိန့်မရှိဘဲ မြေသိမ်းယူခြင်း ဟု အဓိပ္ပာယ် မသက်ရောက်စေလိုသည်ကို  တင်ပြလိုပါကြောင်း၊ မြို့သစ် စီမံကိန်းနှင့် ယင်းစီမံကိန်း အတွင်း အကျုံးဝင်နေသော စီမံကိန်းလုပ်ငန်း အသီးသီးကို ခွင့်ပြုချက် ရရှိပြီးမှသာ တည်ဆောက် နိုင်ခြင်းဖြစ်ပါကြောင်း၊

မိမိအနေဖြင့် မေးခွန်းများကို ပြန်လည်ဖြေကြားရမည်ဆိုပါက မေးခွန်း(၁) ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေအာဏာတည်ဆဲ အချိန်ကာလက လယ်ယာမြေကို မြို့သစ်စီမံကိန်းမြေ အဖြစ် ပြောင်းလဲသတ်မှတ်ရန် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုလမ်းညွှန်ချက်ဖြင့် အခွင့်အမိန့်အရ ဆောင် ရွက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊  ထိုအချိန်ကာလက မူလလက်ငုတ် လယ်သမားများသည် လယ်ယာမြေ စိုက်ပျိုးလုပ်ကိုင်ခွင့်ကိုသာ ရရှိခဲ့ကြခြင်းဖြစ်ပြီး လယ်ယာမြေ ပိုင်ဆိုင်ခွင့်မရှိခြင်း၊ ရန်ကုန်မြို့၏ တိုးပွား လာမည့်လူဦးရေ၊ ပြောင်းလဲလာသည်‌့ လူနေမှုစနစ်တို့အပေါ် ရည်ရွယ်လျက် အနာဂတ်မြို့ပြ Plan အား ရေးဆွဲထားခြင်း ဖြစ်ပါသဖြင့် ပြန်လည်လွှဲအပ်ရန် အစီအစဉ်မရှိပါကြောင်း။

မေးခွန်း(၂) လ/န(၃၉) ခွင့်ပြုမိန့်မကျသေးသော မြေပေါ်တွင် အဆောက်အဦများ ဆောက် လုပ်ပြီး စီးပြီးဖြစ်ပါက နစ်နာသူ လက်ငုတ်လယ်သမားများကို စီမံကိန်းဆောင်ရွက်ထားရှိသည့် အခြေ အနေ ပေါ်မူတည်ပြီး ထိုက်သင့်မျှတသော အကျိုးခံစားခွင့် တစ်ရပ်ရရှိအောင် ညှိနှိုင်း ဆောင်ရွက် ပေး လျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။

ဦးအောင်သိန်းလင်း(တောင်ဥက္ကလာပ) မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

ဒုတိယဝန်ကြီး၏ ဖြေကြားချက်များကို မိမိအဖြေင့် နားလည်ပါကြောင်း၊ သို့သော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရတဲ့ စုံစမ်းရေးကော်မရှင်အနေနှင့်  စိစစ်ရာတွင် လ/န(၃၉)ကျရန်ဆိုပါက သက်ဆိုင်ရာလယ်သမားကို ကာလဒေသတန်ဖိုးနှင့်လျော်ညီသော မြေလျော်ကြေး၊ နစ်နာကြေးပေးပြီး မှသာ မြေသိမ်းမိန့်ထုတ်ပြန်ပြီး သိမ်းယူခြင်းများကို ဆောင်ရွက်နိုင်ပါကြောင်း၊ အချို့ လ/န(၃၉) မကျသည့် ကိစ္စများတွင် လယ်သမားများအနေဖြင့် လျော်ကြေး၊ နစ်နာကြေး မရသေးသည့်အတွက် Procedure အရ ပြည့်စုံစွာ ဆောင်ရွက်ပြီးသော်လည်း လျော်ကြေး၊ နစ်နာကြေးပေးရန် Procedure ကျန်ရှိနေပါကြောင်း၊ ရွှေပြည်သာတွင် လျော်ကြေးရသည့် လယ်သမား ၁၀၁ ယောက်သာရှိပါကြောင်း၊ ဒီမှာ လ/န(၃၉)မကျသေးသည့မြေဧက  ၃၁၇၂.၉ ဧက ရှိပါကြောင်း၊ အလားတူ မြေ လျော်ကြေး မရရှိခြင်းသည့်အပြင် လ/န(၃၉)မကျသေးဘဲ သိမ်းထားသည့် မြေများလည်းရှိပါကြောင်း၊  ထို့ကြောင့် လ/န(၃၉) Procedure အပြည့်အစုံမလုပ်ရသေးသော မြေများနှင့် ပတ်သက်ပြီး မည်သို့ စိစစ် ဖြေရှင်း ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဒေါက်တာဝင်းမြင့်

ယခုကဲ့သို့ မြေယာ သိမ်းဆည်းခဲ့သည့် ကိစ္စရပ်များသည် ယခုခေတ်တွင် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ၁၉၈၉ ခုနှစ်နှင့်၁၉၉၇ ခုနှစ် ကာလအတွင်း ဆောင်ရွက်ခဲ့သည့်ကိစ္စများဖြစ်သည့်အတွက် ထိုစဉ်က ရှိခဲ့သည့် တည်ဆဲအစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းမဟုတ်ပါကြောင်း၊

 ၁၉၈၉ ခုနှစ်နှင့် ၁၉၉၇ ခုနှစ် ကာလဆောင်ရွက်စဉ်ကတည်းကပင် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက တည်ဆဲဥပဒေနှင့်အညီ လ/န(၃၉)ကို လျှောက်ထားခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း တချို့အမှုတွဲများ ကျန်ရှိနေခြင်းဘဲဖြစ်ပါကြောင်း၊  ယင်းအမှုတွဲများကို Procedure အရ တင်ပြထားပြီး လည်းဖြစ်ပါကြောင်း၊  သိမ်းဆည်းခဲ့သောမြေယာများနှင့်ကျန်ရှိနေသသော အမှုတွဲများကို တင်ပြရ မည်ဆိုပါက လှိုင်သာယာတွင် မြေဧကစုစုပေါင်း ၁၇၈၆၁.၄၈၆ ရှိသည့်အနက် ၆၅၃၃ ဧက၊  ရွှေပြည်သာ တွင် ၈၉၅၀ အနက် ၃၁၇၂.၉ ဧက၊  သန်လျင်၊ ကျောက်တန်းတွင် စုစုပေါင်း ၈၀၁၃.၂၂ ဧက အနက် ၅၁၃၁ ဖြစ်ခြင်း ဧက ကျန်ရှိပါကြောင်း။ ထို့ကြောင့် စုစုပေါင်း လ/န(၃၉)လျှောက်ထားမှု စုစုပေါင်း ၃၄၈၂၄.၉၈၆အနက် လ/န(၃၉)ကျသည့်အမှုတွဲ ၁၉၉၈၇.၆၁ ကျပြီး ၁၄၈၃၇.၃၇၆ ကျန်ရှိခြင်းဖြစ်ပါကြောင်း၊

လျော်ကြေးပေးမှုအခြေအနေကို တင်ပြရမည်ဆိုပါက လှိုင်သာယာမြို့နယ်တွင်  မြေဧကပေါင်း ၂၀၃၇.၁၉ ဧကအတွက် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၃၉၈၉.၂၉၊  ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုံ(၁)တွင် ဧက ၇၆ ဧကအတွက် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၂၁၂၅.၂၊ သန်လျင်၊ ကျောက်တန်း မြို့နယ်တွင် ၆၇၈၀ ဧကအတွက် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၁၃၂၇.၂၃၂ သန်းတို့ကို အသီးသီးပေး လျော်ခဲ့ပြီးဖြစ်ပါကြောင်း၊ အလားတူ စက်မှုဇုန်များရှိ ကုမ္ပဏီများ၊ စက်မှုဇုန်တွင် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများက တိုက်ရိုက် လယ်သမားများနှင့် ညှိနှိုင်းပြီးပေးလျော်ရန်ကို လည်း ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။