နိုင်ငံတော်မှ တောင်သူလယ်သမားများထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)များကို ရာနှုန်းပြည့်နီးပါး ထုတ်ပေးပြီးကြောင်း သိရှိရသော်လည်း အချို့ တောင်သူလယ်သမားများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ကို လက်ဝယ်မရရှိသေးပါကြောင်း၊
ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနများက သက်ဆိုင်ရာအထက် အဆင့်ဆင့်သို့ တင်ပြထားသော လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးပြီး ဖြစ်ကြောင်း စာရင်းများသည် မှန်ကန်ခြင်းရှိ/မရှိ၊ မှန်ကန်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်းနှင့် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၁၁-၂-၂၀၁၃ ခုနှစ်၊ ရက်စွဲပါစာအမှတ်၊ ၁၂/လယ-၅၁(၀၀၄/၂၀၁၃)တွင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်း လုပ်ငန်းများအတွက် မြေစာရင်း ပုံစံ(၁၀၅) ရေးကူးခွင့်ကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရေးကူးခွင့်ပြုရန် သက်ဆိုင်ရာဌာနများထံသို့ အကြောင်းကြားစာပေးပို့ ဆောင်ရွက်လျက် ရှိကြောင်း မြေစာရင်းပုံစံ(၁၀၅) ရေးကူးရမည့် တည်ဆဲဥပဒေဖြစ်သော မြန်မာနိုင်ငံမြေစာရင်းလက်ဆွဲ ဥပဒေ အခန်း(၂)(ဂ) မိတ္တူများလျှောက်ထားခြင်း အခန်းပါပုဒ်မ ၃၈၉ တွင် မြေပုံများမှ ကောက်နုတ်ချက်များကို ရယူ လိုကြောင်း အမှုတွဲထိန်းထံ လျှောက်ထားသောအခါ မြေစာရင်းပုံစံ(၁၀၃) မှတ်ပုံတင်စာရင်းအမှတ်(ဂ) လျှောက်လွှာပုံစံဖြင့်ရေးပြီး ရုံးခွန်တံဆိပ်ခေါင်း ၂၅ ပြားတန် ကပ်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အခွန် မြေတိုင်းစာရင်းခွန်ကိုနုတ်၍ နုတ်ဖြင့် လျှောက်ထားနိုင်ပါကြောင်း၊ ထိုသို့ လျှောက်ထားသည့်အခါ မြေတိုင်းစာရင်းသည် သက်ဆိုင်ရာပုံစံတွင်ရေးသွင်းရမည်ဖြစ်ပြီး ရုံးခွန်တံဆိပ် ခေါင်းကပ်ရန်မလို၊ အခကြေး ငွေများမပေးဆောင်ရဟူ၍ လည်းကောင်း၊ ထိုသို့ မလျှောက်ထားမီ မည်သူ့လက်ဝယ်တွင် လိုအပ်သော စာရင်း မြေပုံများရှိသည်ကို သိသာအောင် ပထမ စုံစမ်းရမည်ဟုလည်းကောင်း၊ အဆိုပါအခန်းပုဒ်မ ၃၉၄ တွင် မြေပုံများရေးကူးရာတွင် မြေစာရင်းပုံစံ (၁၀၅) ဖြင့် ရေးကူးပေးရမည်။ သို့မဟုတ် အဆိုပါပုံစံမှာ မြေပုံရေးကူးရန် နေရာမလုံလောက်ပါက ဖယောင်းအဝတ်စက္ကူဖြင့် ရေးဆွဲပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် ရက်စွဲပါ စာအမှတ်၊ ၁၂/လယ၅၁(၀၀၄/၂၀၁၃)ဖြင့် ညွှန်ကြားချက်သည် တည်ဆဲဥပဒေနှင့် ညီညွတ်မှုရှိ/မရှိ၊ ညီညွတ်မှုရှိပါက မည်ကဲ့သို့ဆောင်ရွက်မည်နှင့် လက်တွေ့ဆောင်ရွက်လျက်ရှိသော လယ်ယာမြေကို အခြား နည်းအသုံးပြုခွင့် လျှောက်ထားခြင်းလုပ်ငန်းများအတွက် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင့် ဆောင်ရွက်ရာတွင် လုပ်ငန်းအလိုက် ထောက်ခံချက်အဆင့်ဆင့်နှင့် အခြားဆောင်ရွက်မှု အဆင့်ဆင့်တို့ကို သိရှိလိုပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပြဋ္ဌာန်းသည့်အချိန်မှ ယခု အချိန်ထိ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်းကိစ္စတွင် ခွင့်ပြုခဲ့သော အမှုအရေအတွက်နှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ခွင့်ပြုခဲ့ သော အမှုအရေအတွက်ကို သိရှိလိုပါကြောင်း သိရှိပါသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စွာ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်/ခရိုင်များအလိုက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ နှစ်စဉ်ရရှိသည့် မြေအသုံး ချမှုစာရင်းများ ကိုအခြေခံ၍ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေဒေသအခြေအနေပေါ် မူတည်လျက် ဆောင်ရွက်ရမည့် မြို့နယ်များ ခွဲခြား၍ စီမံချက်များရေးဆွဲပြီး ၁-၁-၂၀၁၃ ရက်နေ့မှစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး စတင် ဆောင်ရွက်ခဲ့ရာ ၁၆-၆-၂၀၁၄ ရက်နေ့အထိ ပထမဦးစားပေးဆောင်ရွက်မှုအတွက် ၉၉.၆၈ ရာခိုင်နှုန်း၊ ဒုတိယဦးစားပေးဆောင်ရွက်မှုအတွက် ၁၈.၆၀ ရာခိုင်နှုန်း စုစုပေါင်း ၉၅.၉၀ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ မြေပြင်ကွင်းဆင်း၍ စနစ်တကျ ကြီးကြပ်စိစစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးပြီးဖြစ်ကြောင်း စာရင်းများသည် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မှန်ကန်မှုရှိမည် ဖြစ်ပါသည် လယ်ယာမြေ ဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ (ခ) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ဦးစီးဌာနတို့သည် လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟုပါရှိသည့် ပြဋ္ဌာန်းချက်နှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိပြီး ပြည်သူလူထုအနေနှင့် လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဒေသအတွင်း လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ ၁၁-၂-၂၀၁၃ ရက် ရက်စွဲပါစာအမှတ်နှင့် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်စွာဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားနိုင်ရေးအတွက် လျှောက်ထားသည့် ဦးပိုင်/ လုပ်ကွက်မြေပုံ (မြေစာရင်းပုံစံ-၁၀၅) ရေးကူးခွင့်ကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့၏ စိစစ်ကြီးကြပ်ခွင့်ပြုချက်ဖြင့် ရေးကူးခွင့်ပြုရန် မြေတိုင်းခနှင့် မြေပုံရေးကူးခများ ကောက်ခံပေးသွင်းခြင်းမပြုစေဘဲ အခမဲ့ရေးကူးပေးရန် ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော လယ်ယာမြေ ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ မြေပုံ ရေးကူးခွင့် လျှောက်ထားခြင်းမှအပ အခြားသောကိစ္စရပ်များအတွက် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် ထိန်းသိမ်းထားရှိသည့် မှတ်ပုံတင်စာရင်းနှင့် မြေပုံများမှမိတ္တူ သို့မဟုတ် ကောက်နုတ်ချက်များ ရေးကူးပေးခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမြေစာရင်းလက်ဆွဲ ဥပဒေ အခန်း(၉)ပါ ပြဋ္ဌာန်းချက်များအပြင် အဆိုပါ ပြဋ္ဌာန်းချက်များအပေါ် လုပ်ထုံးလုပ်နည်းများကို တစ်ပြေးညီ ဖြစ်စေရန်အတွက် ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနရုံးချုပ်၏ ၃-၃-၁၉၉၄ ရက်စွဲပါအမြဲ အမိန့်အမှတ်၊ ၁/၉၄ နဲ့ မြေစာရင်းမြေပုံမှတ်တမ်းများ မိတ္တူရေးကူးခြင်း၊ နည်းလမ်းညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုပုံစံ(၇) ထုတ်ပေးပြီးစာရင်းအား တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များ၏ မြေပြင်ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ခဲ့ခြင်းသည် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မှန်ကန်မည်ဖြစ်ပါကြောင်း၊ ဗဟိုလယ်ယာမြေ စီမံ ခန့်ခွဲမှုအဖွဲ့၏ ၁၁-၂-၂၀၁၃ ရက်စွဲပါစာဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်း လုပ်ငန်းများအတွက် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင့်ကိစ္စ ညွှန်ကြားချက်သည် အတည်ပြုပြဋ္ဌာန်းထားရှိသည့် လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
