(ဃ)-တောင်သူလယ်သမားများခေတ်မီစိုက်ပျိုးရေး နည်းပညာတိုးတက်ရေးအတွက်စိုက်ပျိုးရေးပညာ ရှင်များကျေးရွာအသီးသီးသို့သွားရောက်ပြီး အသိ ပညာပေးဟောပြောပွဲများပြုလုပ်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ (၃.၇.၂၀၁၄)

ယခုအချိန်တွင် မိမိတို့နိုင်ငံကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာအောင် တည်ဆောက်လျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံအနေနှင့် အခြေခံစီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနေဖြင့် နည်းလမ်းပေါင်းစုံနှင့် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ စိုက်ပျိုးရေးတက္ကသိုလ်ကလည်း စိုက်ပျိုးရေး နည်းပညာရှင်များကိုလည်း နှစ်စဉ် မွေးထုတ်ပေးလျက်ရှိပါကြောင်း၊

သို့ရာတွင် နိုင်ငံအတွင်းရှိ  ကျေးရွာအသီးသီးသို့ ခေတ်မီစိုက်ပျိုးရေး နည်းပညာများ၊ ပြန့်ပွားရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်မှု အားနည်းလျက် ရှိသေးသည့်အတွက် တောင်သူလယ်သမား အများစုသည် ယနေ့တိုင် မိရိုးဖလာနည်းဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ တောင်သူလယ်သမားများကို ခေတ်မီစိုက်ပျိုးရေး၊ နည်းပညာတိုးတက်ရရှိရေးအတွက် မည်ကဲ့သို့ ကြိုးပမ်းဆောင်ရွက်နေသည်ကိုလည်းကောင်း၊ စိုက်ပျိုးရေးပညာရှင်များဟာ ကျေးရွာအသီးသီးသို့ သီးနှံစိုက်ပျိုး ချိန်ပေါ် အမှီပြုလျက်  သွားရောက်ပြီး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက စတင်ဆောင်ရွက်ပေးမည့် အချိန်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်‌ွမောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက်(၁)မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေး(Seed Production)၊ (၂) လေ့ကျင့်ပညာပေးရေး(Training & Education)၊ (၃) သုတေသနနှင့်ဖွံ့ဖြိုးရေး(Research & Development) လုပ်ငန်းများကို အဓိကအကောင် အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ သီနှံဌာနများအနေနှင့် စပါး အပါအဝင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အပြင် စက်မှုကုန်ကြမ်းသီးနှံများကိုပါ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာများကို သီးနှံအလိုက်၊ ရာသီအချိန်အလိုက် စံပြကွက်များ စိုက်ပျိုးပြသခြင်း၊ နည်းပညာသင်တန်းများ၊ တောင်သူ ပညာပေး ဆွေးနွေးပွဲများ၊ ကွင်းပြပွဲများပြုလုပ်ခြင်း၊ ကွင်းဆင်း လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ထုတ်ဝေ ဖြန့်ဖြူးခြင်း၊ မြန်မာ့ရုပ်မြင်သံကြား၊ တောင်သူလယ်သမား ကဏ္ဍရုပ်သံလိုင်း၊ Farmer Channel နှင့် Sky net ရုပ်သံလိုင်းတို့က ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို ထုတ်လွှင့်ပေးခြင်းနည်းလမ်းဖြင့် ပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် ပြည်နယ်ဦးစီးမှူးရုံး ၁၅ ရုံးဖွင့်လှစ်ထားပြီး၊ ခရိုင်ရုံး ၇၄ ရုံး၊ မြိ့နယ်ရုံး ၄၁၄ ရုံးတို့ကို ဖွင့်လှစ်ကာ စိုက်ပျိုးရေးပညာရှင်များ ခန့်ထား၍ တောင်သူလယ်သမားများအား မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရေး၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာရရှိရေးအတွက် သီးနှံစိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ သိရှိနားလည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လက်တွေ့ကွင်းဆင်းပြသ ဆောင်ရွက်လျက်ရှိပါကြောင်း၊

စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ ပညာရှင်များနှင့်ဖွဲ့စည်းထားသော ကွင်းဆင်းပညာပေးအဖွဲ့များ(Mobile Team) ဖွဲ့စည်းထားပြီး တိုင်းဒေသကြီး/ပြည်နယ်များသို့ လှည့်လည်ဟောပြော ဆွေးနွေးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် FAO, JICA, KOICA, ACIR, IFAD, World Bank တို့နှင့်လည်းကောင်း၊ INGO အဖွဲ့အစည်းများနှင့် လည်းကောင်း၊ ပူးပေါင်း၍ တောင်သူလယ်သမားများ တိုးတက်ရေးနှင့် ခေတ်မီစိုက်ပျိုးနည်း ပညာများ ပြန့်ပွားရေးအတွက် ဆောင်ရွက်ပေးလျက် ရှိပါသည်။

သို့ဖြစ်ပါ၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သီးနှံအလိုက်၊ ရာသီ အလိုက်၊ အပင်သက်တမ်းအလိုက် တောင်သူများ၊ ခေတ်မီစိုက်ပျိုးနည်းပညာများ တိုးတက်ရရှိရေး အတွက် နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နည်းပညာအကူအညီရယူလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားပါသည်။