ချင်းတွင်းအထက်ပိုင်း စစ်ကိုင်းတိုင်းအထက် ခန္တီးခရိုင်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုင်ခွင့်ရဒေသ၊ မြို့နယ်များတွင် အလုပ် သမား မှတ်ပုံတင်ရုံးမရှိခြင်းကြောင့် အလုပ်လျှောက်ထားလိုသူ ဝန်ထမ်းအသစ်များအနေဖြင့် မုံရွာ၊ ကလေးဝ မြို့နယ်များ သို့ အလုပ်သမားမှတ်ပုံတင်ကတ် သွားရောက်ပြုလုပ်ရခြင်းများကြောင့် အချိန်နှင့်ငွေကြေးများစွာ ကုန်ကျပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း အထက်ချင်းတွင်းဒေသ ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ မြို့နယ်များဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်မှ ဒေသခံ ပြည်သူလူထု များအတွက် ခန္တီး သို့မဟုတ် ဟုမ္မလင်းမြို့နယ်များတွင် အလုပ်သမားမှတ်ပုံတင်ရုံးကို ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသည် ဖြစ်ပေါ် တိုးတက်လာသော အလုပ်သမားရေး ရာလုပ်ငန်းရပ်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံပြင်ဆင်တိုးချဲ့ရေးကို စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေး ကော်မတီနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့သို့ သဘောတူထောက်ခံချက်ရရှိထားပြီးဖြစ်သောကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ဖွဲ့စည်းပုံပြင်ဆင် တိုးချဲ့ရာတွင် ရုံးဖွင့်လှစ်ရန် ကျန်ရှိနေသော ခရိုင် ၁၉ ခုတွင် ရုံးသစ်များဖွင့်လှစ်ဖို့ တင်ပြရန် တင်ပြထားသည့်အနက် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်များနှင့် ခန္တီးခရိုင်မြို့ နယ်များအတွက် ခန္တီးမြို့မှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ခရိုင်ရုံးကိုဖွင့်လှစ်ရန် လည်း ထည့်သွင်းရေးဆွဲထားခြင်းကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်ရရှိသည်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
