ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိဖြစ်ပွားခဲ့သော လူသတ်မှုနှင့် လုယက်မှုများသည် ၂၀၁၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အရေအတွက်ထက် ပိုမိုဖြစ်ပွားခဲ့ပါကြောင်း၊ ၁.၁.၂၀၁၄ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ ဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်စဉ်များနှင့် ၁၂၅ မှုအား တရားစွဲဆိုနိုင်ခဲ့ပြီး လက်ကျန်အမှုသည် ၂၃ ခုသာ ကျန်ရှိပါကြောင်း၊ လုယက်မှုဖြစ်စဉ် ၂၄ မှုအား တရားစွဲဆိုနိုင်ခဲ့ပြီး ၁၂ မှုသာတရားစွဲဆိုရန် ကျန်ရှိနေကြောင်းကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရပါကြောင်း၊ သို့သော် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင်လူသတ်မှု၊ အင်းလျားကန်စောင်းတွင် လုယက်မှုဖြစ်ပြီး ကားခိုးယူထွက်ပေးမှု၊ အင်းစိန်မြို့နယ်အတွင်း စားသောက်ဆိုင်တစ်ဆိုင်အား ဝင်ရောက်ပြီး ဓားပြတိုက်မှု၊ နေ့ခင်းဖက်တွင် ရွှေဆိုင်နှင့် စတိုးဆိုင်များကို ဝင်ရောက်ပြီး ဓားပြတိုက်မှု ကျူးလွန်သည့်နေရာရှိ ဆိုင်များတွင် CCTV ကင်မရာများ တပ်ထားသော်လည်း တရားခံများကို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးပေးနိုင်မှုမရှိခြင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း လူသတ်မှုနှင့် လူသတ်ပြီး ရွှေထည်ပစ္စည်းများ ယူဆောင်သွားမှုသည် ယခုအချိန်ထိ လူ ၅၀ ကျော် ကိုစစ်ဆေးပြီးသော်လည်း ကျူးလွန်သည့်တရားခံကို ဖော်ထုတ်ဖမ်းဆီးပေးနိုင်မှုမရှိခြင်း စသည့် အမှုများသည် ယခုအချိန်ထိ တရားခံဖမ်းဆီးရမိမှု မရှိဘဲ အများပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ဖြစ်ရပါကြောင်း၊ ၎င်းအပြင် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် အပြင်းအထန်ရိုက်နှက်မှုများ ဖြစ်ပွားခဲ့သည့် သမ္မတရုပ်ရှင်ရုံအနီးက ရိုက်နှက်မှုနှင့် သာကေတမြို့နယ်နှင့် ဗဟန်းမြို့နယ်စားသောက်ဆိုင်များက ရိုက်နှက်မှုများသည်လည်း သတင်းစာနှင့် ဂျာနယ်များတွင် အထင်ကရသတင်းများအဖြစ် ဖော်ပြချက်များရှိခဲ့သော်လည်း အရေးယူမှုနှင့် နောက်ဆက်တွဲ မှုခင်းအခြေအနေတို့ကို လုံးဝမသိရသည့်အပြင် ပုံသဏ္ဍာန်တူအုပ်စုဖွဲ့ရိုက်နှက်မှုများသည်လည်း နေရာအနှံ့အပြားတွင် အများအပြားဖြစ်ပွားနေကြောင်း သတင်းများအရ သိရှိရပါကြောင်း၊ ထို့အပြင် ညအချိန်မတော် အများပြည်သူသွားလာသည့် လမ်းများပေါ်တွင် ပြိုင်ကားနှင့် မော်တော်ကားများ အုပ်စုဖွဲ့ မောင်းနှင်ပြီး ရမ်းကားမှုကြောင့် ပြည်သူလူထုအနေဖြင့် ညအချိန်လမ်းထွက်ရမည်ကို စိုးရိမ်ကြောင့်ကြပြီး သွားလာနေရသည့်သူများအနေဖြင့်လည်း ထိတ်လန့်ကြောက်ရွံ့စွာ သွားလာနေရပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကို ထိရောက်သော ပြစ်မှုပြစ်ဒဏ်များ မချမှတ်နိုင်ခြင်းကြောင့် ပိုမိုအတင့်ရဲလာမှုများလည်း သတင်းများအရ ကြားသိနေရပါကြောင်း။
ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအတွက် တစ်နေ့တစ်ခြားများပြားလာသည့် မှုခင်းများအပေါ် မှုခင်းကျဆင်းရေးအတွက် ထိန်းချုပ်နိုင်မှုနည်းလမ်းနှင့် လူအများစိတ်ဝင်စားသည့် တရားခံမပေါ်ပေါက်သေးသည့်မှုခင်းများအတွက် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်နှင့် နိုင်ငံတကာအဆင့်မီ ရာဇဝတ်မှုနှိမ်နှင်းရေးနည်းလမ်းများကို မည်ကဲ့သို့ ကျင့်သုံးဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အနီးကပ်ကြပ်မတ်မှုနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သုတေသနအဖွဲ့များ ဖွဲ့စည်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို တရားခံထိန်းသိမ်းရေးဥပဒေနှင့်အညီ အမိန့်နာခံတတ်သည့် တပ်ဖွဲ့ဝင်ကောင်းများဖြစ်စေရန် ရဲစည်းကမ်းဖောက်ဖျက်မှုများ လေ့လာသုံးသပ် ကြီးကြပ်သော စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကိုလည်းကောင်း၊ တပ်ဖွဲ့ဝင်နှင့် အသုံးအဆောင် ပစ္စည်းများ၏ စွမ်းအင်မြှင့်တင်ရန်အတွက် လေ့လာသုံးသပ်ကြီးကြပ်သော စွမ်းအင်မြှင့်တင်မှုကြီးကြပ်ရေး ကော်မတီကိုလည်းကောင်း၊ မှုခင်းများ လျော့နည်းပပျောက်စေရန်နှင့် ကြိုတင်ကာကွယ်ရန်အတွက် မှုခင်းဖြစ်ပွားမှုအမျိုးအစားနှင့် အခြေအနေအချိန်အခါတို့ကို လေ့လာစိစစ်သုံးသပ်ကြီးကြပ်သည့် မှုခင်းကျဆင်းရေးကြီးကြပ်မှု ကော်မတီကိုလည်းကောင်း အသီးသီးဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မှုခင်းဖြစ်နိုင်ခြေရှိသော အကြောင်းတရားများကို အခြေခံပြီး နိုင်ငံတော်အဆင့် မှုခင်းကြိုတင်ကာကွယ်ရေး ဖော်ဆောင်နိုင်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်မှ ချမှတ်ထားသည့် မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ မူဝါဒသဘောတရား ၈ ခုနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြောင်းလဲလာသော မှုခင်းကြိုတင်ကာကွယ်ရေး အယူအဆများအရ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးကဏ္ဍအပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပြစ်မှုဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးများသည် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲစခန်းမှူးများနှင့် တွေ့ဆုံပြီး မှုခင်းဖြစ်စဉ်အပေါ်မူတည်ပြီး ရေတိုအစီအမံများ၊ တည်မြဲစီမံချက်များကို သုံးသပ်ကာ မှုခင်းဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန်အတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မှုခင်းကျဆင်းရေးကော်မတီ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း ကြီးကြပ်မှုကော်မတီ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီတို့ကိုလည်း နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် ဖွဲ့စည်းထားရှိပြီး မှုခင်းကျဆင်းရေးနှင့် ပြစ်မှုကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် ၆ ရပ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် ၆ ရပ်မှာ အသိပညာပေးခြင်း၊ ကြိုတင် ကာကွယ်မှုများ ဆောင်ရွက်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ်အကဲဖြတ် ဆန်းစစ်ခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းတို့ ဖြစ်ပါကြောင်း။
ရန်ကုန်မြို့သည် စီးပွားရေးမြို့တော်ဖြစ်ပြီး နိုင်ငံတကာနှင့် ပတ်သက်သည့် သံရုံးအဆောက်အဦများ၊ ကုလသမဂ္ဂဆိုင်ရာအဆောက်အဦများ၊ စက်မှုဇုန်များ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် ပင်လယ်ဆိပ်ကမ်းများတည်ရှိခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းစုံလင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့အတွက် အခြေခံကောင်းမွန်ခြင်းများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ နေရာဒေသအနှံ့အပြားမှ ရွှေ့ပြောင်းနေထိုင်သူများပြားခြင်း၊ လူတန်းစား စုံလင်းခြင်းနှင့် လူဦးရေထူထပ်သိပ်သည်းခြင်းများလည်း တိုးတက်များပြားလျက်ရှိပါကြောင်း၊ အဆိုပါ အကြောင်းအချက်များအပြင် အပျော်အပါးလိုက်စားခြင်း၊ အလွန်အကျွံသောက်စားမူးယစ်ခြင်း၊ ရုတ်တရတ်ဒေါသကို မထိန်းနိုင်ခြင်းနှင့် ရန်ငြိုးထား၍ လက်စားချေခြင်းတို့ကြောင့် တစ်ဦးချင်း ခိုက်ရန်ဖြစ်ပွားကျူးလွန်ခြင်း၊ အုပ်စုဖွဲ့၍ အပြန်အလှန်ရိုက်နှက် ကျူးလွန်ခြင်း၊ လူသတ်မှု၊ လုယက်မှုစသည့် မှုခင်းဖြစ်စဉ်များသည် အခြားတိုင်းဒေသကြီး/ပြည်နယ်များထက် ပိုမိုဖြစ်ပွားရခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေစုစုပေါင်း ၇၃၅၅၀၇၅ ဦးရှိပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူ ၁း၁၂၂၈ ဦး အချိုးဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းဖြစ်ပွားသော မှုခင်းအမျိုးအစား၊ အခြေအနေနှင့် နေရာဒေသအလိုက် ထိထိရောက်ရောက် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန် ဥပဒေနှင့် ညီညွတ်သော နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး မှုခင်းကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားသောမှုခင်းများ ဖော်ထုတ်ဖမ်းဆီးတရားစွဲဆိုတင်နိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ဖြစ်ပွားသော ဖြစ်စဉ်များအပေါ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဦးစီး၍ ခရိုင် ၄ ခုမှ ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ် ၄၄ မြို့နယ်မှ ရဲတပ်ဖွဲ့မှူးများ၊ စခန်းမှူးများ၊ အထူးအဖွဲ့မှ တပ်ခွဲမှူးများ၊ တပ်စုမှူးများကို တွေ့ဆုံကာ မှုခင်းဖြစ်စဉ်ပေါ်ကို အခြေတည်၍ ရေတိုအစီအမံများ၊ တည်မြဲစီမံချက်များကို အခါမလပ် သုံးသပ်၍ လူသတ်မှု၊ လုယက်မှု၊ လူအုပ်စုဖြင့် ကျူးလွန်သော မှုခင်းဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန်အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
ခရိုင်ရဲတပ်ဖွဲ့မှူးများ၏ ကြီးကြပ်မှုနှင့် မှုခင်းကျဆင်းရေး စီမံချက်ပါလုပ်ငန်းများဖြစ်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ စာသင်ကျောင်း၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံ၊ လူမှုရေးအသင်းအဖွဲ့များအတွင်း ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ်အတွင်း ပညာပေးဟောပြောမှု ၉၀၂ ကြိမ်၊ ပြည်သူလူထု ၆၆၅၇၇ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၃၉၁၁ ကြိမ်၊ ပြည်သူလူထု ၁၃၆၈၈၅ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၉၂၉၅ ကြိမ်၊ ပြည်သူလူထု ၃၂၅၃၂၅ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၉၉၆၉ ကြိမ်၊ ပြည်သူလူထု ၁၅၁၅၅၀၁ ဦးတို့ကို ပညာပေးဟောပြောနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။
ထို့အပြင် လှည်းကင်း၊ ဝပ်ကင်း၊ ရပ်ကင်းများဖြင့် နယ်မြေစိုးမိုးရေးဆောင်ရွက်ခြင်း၊ မှုခင်းဖြစ်ပွားစေနိုင်သော လောင်းကစား၊ လက်နက်ပုန်း၊ ယစ်မျိုး၊ ပြည့်တန်ဆာ၊ မူယစ်ဆေးဝါး၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ၊ ရဲအက်ဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၄၊ အရေးပေါ်စီမံမှုအက်ဥပဒေ၊ ဆင်ဆာမဲ့ဗီဒီယိုခွေများ ဖမ်းဆီးမှုစသည့် ကြိုတင်ကာကွယ်မှု ၁၀ မျိုးကိုလည်း အရှိန်အဟုန်ဖြင့် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ်တွင် ၂၀၄၂၂မှု၊ ၂၀၁၂ ခုနှစ်တွင် ၂၅၄၅၇ မှု၊ ၂၀၁၃ ခုနှစ်တွင် ၂၀၀၅၂ မှု၊ ၂၀၁၄ ခုနှစ်တွင် ၈၂၁၄၉ မှုတို့ကိုလည်း ဖမ်းဆီးတရားစွဲ တင်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် လုယက်မှုအခြေအနေတို့ကို စိစစ်ရာတွင် ၂၀၁၁ ခုနှစ်တွင် လူသတ်မှု ၁၅၅ မှုဖြစ်ပွားခဲ့ရာ ၁၄၆ မှု (၉၄ ရာခိုင်နှုန်း) တရားစွဲတင်နိုင်ခဲ့ပြီး လုယက်မှု ၄၇ မှု ဖြစ်ပွားရာ ၃၂ မှု (၆၈ ရာခိုင်နှုန်း) တရားစွဲတင်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် လူသတ်မှု ၁၆၄ မှုဖြစ်ပွားရာ ၁၅၆ မှု (၉၅ ရာခိုင်နှုန်း) တရားစွဲတင်နိုင်ခဲ့ပြီး လုယက်မှု ၃၀ မှုဖြစ်ပွားရာ ၂၆ မှု (၈၆ ရာခိုင်နှုန်း) တရားစွဲတင်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် လူသတ်မှု ၁၃၀ မှု ဖြစ်ပွားခဲ့ပြီး ၁၂၁ မှု (၉၃ ရာခိုင်နှုန်း) တရားစွဲတင်နိုင်ခဲ့ပြီး လုယက်မှု ၃၃ မှုဖြစ်ပွားခဲ့ရာ ၂၅ မှု (၇၅ ရာခိုင်နှုန်း) တရားစွဲတင်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လူသတ်မှု ၁၈၆ မှု ဖြစ်ပွားခဲ့ရာ ၁၇၂ မှု (၉၂.၄၇ ရာခိုင်နှုန်း) တရားစွဲတင်နိုင်ခဲ့ပြီး လုယက်မှု ၄၈ မှုဖြစ်ပွားခဲ့ရာ ၃၅ မှု (၇၂.၉၁ ရာခိုင်နှုန်း) တရားစွဲတင်နိုင်ခဲ့ပါကြောင်း၊ လူအုပ်စုဖြင့် ကျူးလွန်တဲ့ မှုခင်းဖြစ်စဉ်များတွင် ၂၀၁၁ ခုနှစ်၌ ဖြစ်ပွားခြင်းမရှိဘဲ၊ ၂၀၁၂ ခုနှစ်တွင် ၁ မှု၊ ၂၀၁၃ ခုနှစ်တွင် ၅ မှုနှင့် ၂၀၁၄ ခုနှစ်တွင် ၃ မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သည့် တရားခံအားလုံးကိုလည်း ဖမ်းဆီးတရားစွဲနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုသို့ အောင်မြင်စွာဖော်ထုတ်ဖမ်းဆီး တရားစွဲတင်နိုင်ခြင်းမှာ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးကဏ္ဍအပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း။
ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖြစ်သည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလုံခြုံရေးကိစ္စရပ်များကို ပိုမိုခိုင်မာစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဥရောပသမဂ္ဂမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၂ မြို့နယ်တွင် ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစနစ်သင်တန်း၊ တရားဥပဒေ စိုးမိုးရေးအတွက် လူစုလူဝေးထိန်းသိမ်းနည်းသင်တန်း၊ လုံးခြုံရေးဆိုင်ရာသင်တန်းများ၊ သတင်းမီဒီယာဆိုင်ရာ သင်တန်းများကိုလည်း ဖွင့်လှစ်လေ့ကျင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါသင်တန်းများပို့ချနိုင်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအပေါ် လေးစားစွာ ဆက်ဆံတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိခြင်း၊ ပြည်သူများအနေဖြင့် ရဲလုပ်ငန်းအပေါ် သက်ဝင်ယုံကြည်လာပြီး ပြဌာန်းထားသည့် ဥပဒေများကို သိရှိနားလည်သည်နှင့်အမျှ လေးစားလိုက်နာမှု ပိုမိုရရှိလာခြင်း၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် ဖြေရှင်းနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးမှုအခြေအနေများ ပိုမိုတိုးတက်မြင့်မားလာပြီး ဖြစ်ပွားသောမှုခင်းဖြစ်စဉ်များကို ရက်ပိုင်းအတွင်း ဖြစ်စဉ်ဖြစ်ရပ်အမှန်နှင့် ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ ထို့အတူ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်လည်း အောင်မြင်မှုရရှိရေးအတွက်ကို ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သ့ိုဖြစ်ပါ၍ နိုင်ငံတော်အတွင်း ဖြစ်ပွားလျက်ရှိသော လူသတ်မှုနှင့် လုယက်မှုဖြစ်စဉ်များ၊ လူအုပ်စုဖြင့် ကျူးလွန်သောမင်းမဲ့စရိုက်ဆန်ဆန် ရာဇဝတ်မှုခင်းကျူးလွန်ခြင်းများကို ထိန်းချုပ်နိုင်ရန်အတွက် ရဲတပ်ဖွဲ့တွင်သာ တာဝန်ရှိသည်ဟူသော ရှေးရိုးစွဲလက်ခံယုံကြည်မှုအား ဖျောက်ဖျက်၍ ကဏ္ဍပေါင်းစုံ စုပေါင်းလုပ်ဆောင်ရန် တာဝန်ရှိသည်ဟူသောအသိဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံသားအားလုံးကို ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ဖြစ်ပွားသောမှုခင်းများကိုလည်း ရာနှုန်းပြည့် နီးပါး ဖော်ထုတ်တရားစွဲဆိုနိုင်ခဲ့ပြီး အောင်မြင်မှုများရရှိနေပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးက တည်ဆဲဥပဒေများအား လိုက်နာဆောင်ရွက်ခြင်း၊ မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် စွမ်းအားပြည့်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပိုမိုတိုးမြှင့်နိုင်ပါက တရားဥပဒေစိုးမိုးရေး ခိုင်မာလာပြီး မှုခင်းဖြစ်စဉ်များကို ပိုမိုထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
