ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ သရက်တောရပ်ကွက်သည် လူနေစိပ်၍ နွမ်းပါးသူများသောရပ်ကွက်ဖြစ်ပြီး လူနေစိပ်သောကြောင့် ရာသီမရွေး မီးဘေးကို စိုးရိမ်ပူပန်နေရပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းမှ စာရင်းများအရ သရက်တောရပ်ကွက်တွင် အိမ်ခြေ ၁၉၁၃ အိမ်၊ အိမ်ထောင်စုပေါင်း ၁၉၁၃ စု၊ လူဦးရေ ၇၂၈၇ ရှိပြီး သရက်တောရပ်ကွက်သို့ အသုံးပြုရန်ပေးအပ်ထားသော မီးသတ်ကားသည် ကာလရှည်ကြာပြီဖြစ်သဖြင့် ပြင်ဆင်မရအောင် အခြေအနေဆိုးဝါးနေသဖြင့် သက်ဆိုင်ရာသို့ ပြန်လည် အပ်နှံခဲ့ပြီးဖြစ်ပါကြောင်း၊ မီးလောင်မှုဖြစ်ပွားလျှင် ခရီး (၁၀) မိုင် ကွာသော ပြည်မြို့မှ မီးသတ်ကားများဖြင့် လာရောက်ကူညီ ငြှိမ်းသတ်ပေးနေရပါကြောင်း၊ သို့ဖြစ်ပါ၍ ရွှေတောင်မြို့ သရက်တောရပ်ကွက်အတွက် သီးသန့်မီးသတ် ကား (၁) စီး အမှန်တကယ် လိုအပ်နေပါသောကြောင့် မီးသတ်ကားတစ်စီး ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်နှင့် အိမ်ခြေ ၂၉၅၃၀ လုံး၊ အိမ်ထောင်စု ၂၉၅၃၉ စု၊ လူဦးရေ ၁၂၈၈၃၅ ဦး၊ ကျေးရွာအုပ်စုပေါင်း ၄၈ အုပ်စု၊ ကျေးရွာပေါင်း ၂၉၇ ရွာရှိပါကြောင်း၊ ၁-၁-၂၀၀၄ ရက်နေ့မှ ၂-၇-၂၀၁၄ ရက်နေ့အထိ ၁၀ နှစ်ကျော်ကာလအတွင်း မီးလောင်မှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် ၁၁၈၆၇၃၈၀ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါကြောင်း၊ ယခုအချိန်တွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးစီးအင်အား ၁၄ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ မီးသတ်စက်ယာဉ် ၁ စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၇၀ ဦးနှင့်အတူ မြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် အရန်မီးသတ်စခန်းရှိ ဌာနပိုင် (ယာဉ်/၈၂၂၂) ဖို့ဒ်ဆန်းမီးသတ်ရေသယ်ယာဉ်သည် ပြုပြင်သုံးစွဲ၍ မရတော့သဖြင့် ၂၆-၃-၂၀၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်ကို ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ နိုင်ငံတော်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်တိုင်းတွင် ဦးစီးအရာရှိ ဦးစီးအင်အား ၉ ဦးပါဝင်သော မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး ၁ ရုံး၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးစီးအင်အား ၂၈ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ စုစုပေါင်း ၄ စီးပါဝင်သော မြို့နယ်မီးသတ်စခန်း ၁ စခန်းနှင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးစီးအင်အား ၉ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၂ စီး ပါဝင်သော နယ်မြေမီးသတ်စခန်းတို့ဖြင့် တာဝန်ချသွားရန် နိုင်ငံတော်မှ ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ရွှေတောင်မြို့နယ် မီးသတ်စခန်းတွင် မူလကမီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် မီးသတ်စက်ယာဉ် ၁ စီးရှိပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ်တွင် မီးသတ်ရေသယ်ယာဉ် ၁ စီး၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် မီးငြှိမ်းသတ်ယာဉ် ၁ စီး ထပ်မံ ထုတ်ပေးခဲ့သည့် အတွက် ယခုအချိန်တွင် မီးသတ်ယာဉ် ၄ စီးရှိသည့်အတွက် ဖွဲ့စည်းပုံသတ်ချက်နှင့် ကိုက်ညီလျက်ရှိပါကြောင်း၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အဆင့်/ခရိုင်အဆင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ် ချမှတ်ထားပြီး နီးစပ်ရာမြို့နယ်များမှ ယာဉ်အုပ်စုစနစ်နှင့် စုဖွဲ့ပြီး မီးလောင်မှုများကို အဆင့်လိုက်ထွက်ခွာ ငြှိမ်းသတ်ရသည့်အတွက် ခရိုင်ရုံးစိုက်ရာ ပြည်မြို့မှ မီးသတ်ယာဉ်များ ရောက်ရှိမီးငြှိမ်းသတ်ခြင်းဖြစ်ပါကြောင်း၊ ရွှေတောင်မြို့၊ သရက်တော ရပ်ကွက်သည် မြို့ပေါ်ရပ်ကွက် တစ်ခုဖြစ်ပြီး ရွှေတောင်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းနှင့် ၁ ဖာလုံသာကွာဝေးသည့်အတွက် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်စခန်းရှိ မီးသတ် ယာဉ် ၄ စီးဖြင့် အချိန်တိုအတွင်း ရောက်ရှိငြှိမ်းသတ်နိုင်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များ ဖြည့်တင်းရေးအတွက် ဦးစားပေးအဆင့် သတ်မှတ်ရာတွင် မြို့တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အစီအစဉ်အပြင် အိမ်ခြေနှင့် လူဦးရေထူထပ်မှု၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ စက်ရုံ/ အလုပ်ရုံများ တည်ရှိမှု၊ ၁၀ နှစ်အတွင်း မီးလောင်မှုအကြိမ်အရေအတွက်၊ ဆုံးရှုံးမှုတန်ဖိုး၊ မီးသတ်ယာဉ် ဝင်/ထွက်နိုင်သော လမ်းများ စသည့်အချက်များအပေါ် မူတည်ပြီး ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ သရက်တောရပ်ကွက်သည် ရပ်ကွက်အဆင့်ဖြစ်သည့်အပြင် မြို့နယ်မီးသတ်စခန်းမှ အချိန်တိုအတွင်း သွားရောက်မီးငြှိမ်းသတ်နိုင်သည့်အတွက် လတ်တလောအခြေအနေတွင် မီးငြှိမ်းသတ်ယာဉ် ဖြည့်ဆည်းပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
