(က)-တရားရင်ဆိုင်နေရသောနေပြည်တော်ကောင်စီ အတွင်းရှိမြေယာမဲ့များအား ကျေးရွာသစ်စီမံကိန်း အကောင်အထည် မဖော်မီအတွင်းတရားစွဲဆို ထားခြင်းမှ ပြန်လည် ရုပ်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၄.၇.၂၀၁၄)

နိုင်ငံတော်သမ္မကြီးမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်တောများတွင် နှစ်ကာလ အတိုင်းအတာတစ်ခုအထိ တရားမဝင်ကျူးကျော်နေထိုင်သော ရွာစုနှင့် အိမ်ထောင်စုများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး စာရင်းဇယားများ ကောက်ယူကာ ကျေးရွာသစ်များ ဖွဲ့စည်းနေရာချထားပေးရန် ညွှန်ကြားခဲ့ပါကြောင်း၊ ယင်းညွှန်ကြားချက်အရ နေပြည်တော်မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် စာရင်းဇယားများ စနစ်တကျကောက်ယူပြီး ၃၀-၅-၂၀၁၄ ရက်နေ့အထိ ကျေးရွာပေါင်း ၁၁၈၄ ရွာကို ပြည်ထဲရေးဝန်ကြီးဌာနအမည်ပေါက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြေဧရိယာ ၃၃၇၄၄၄ ဧကကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုပေးသည့်အတွက် မြေမဲ့ယာမဲ့ပြည်သူများသည် နိုင်ငံတော်အစိုးရ၏ ကျေးရွာသစ်စီမံကိန်းကြောင့် ဝမ်းသာကျေးဇူးတင်နေကြပါကြောင်း၊  သို့သော် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ရွှေဂဲအင်းကျေးရွာအုပ်စုအတွင်းရှိ မြို့ပတ်လမ်းအနောက်ဘက် ရန်ကုန်-မန္တလေးအမြန် လမ်းကြားတွင်နေထိုင်ကြသော အိမ်ထောင်စု ၂၄၆ စုမှာ ၉-၉-၂၀၁၃ ရက်နေ့၌ ဇမ္ဗူသီရိတရားရုံးတွင် သစ်တောဥပဒေပုဒ်မ ၄၀ ပုဒ်မခွဲ(က)နှင့် တရားစွဲဆိုခံနေရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတရုံး၏ ၁၁-၁-၂၀၁၃  ရက်စွဲပါစာအမှတ်၊ ၁၃ ၁/၇ သမ္မတရုံးပါ ညွှန်ကြားချက်အတိုင်း အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကဲ့သို့ နေပြည်တော် ကောင်စီနယ်မြေအတွင်း သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်တောများတွင် နှစ်ကာလအတိုင်းအတာတစ်ခုအထိ အခြေချနေထိုင်သော ရွာစုနှင့် အိမ်ထောင်စုများအား မှန်ကန်သော စာရင်းဇယားကောက်ယူ၍ မြေမဲ့ယာမဲ့ပြည်သူများအား ကျေးရွာသစ်စီမံကိန်း ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ တရားရုံးများတွင် တရားရင်ဆိုင်နေရသော နေပြည်တော်ကောင်စီအတွင်းရှိ မြေမဲ့ယာမဲ့များအား ကျေးရွာသစ်စီမံကိန်း အကောင်အထည်မဖော်မီအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးအတွက် ဆင်းရဲသား တောင်သူလယ်သမားများ၏ ဘဝကို စာနာသည့်အနေဖြင့် တရားစွဲဆိုထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


အဖြေ

တရားရုံးများသည် မိမိတရားရုံးတွင် အရေးယူစစ်ဆေးလျက်ရှိသော ပြစ်မှုများကို မိမိသဘောအလျှောက် ရုပ်သိမ်းခွင့်မရှိပါကြောင်း၊ ဦးတိုက်လျှောက်ထားသည့်အမှုမျိုးသည် ပြစ်ဒဏ် (၆) လအောက် ပြစ်မှုဖြင့် အရေးယူ စစ်ဆေးသော အမှုမျိုးတွင် ဦးတိုက်လျှောက်ထားသော တရားစွဲဆိုသည့် တရားလိုကသာ အမှုမပြီးပြတ်ခင် တိုင်တန်းချက်ကို ရုပ်သိမ်းခွင့်ပြုရန်အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၄၈ အရ လျှောက်ထားခွင့်ရှိပါကြောင်း၊ တခြားတရားရုံးက အရေးယူစစ်ဆေးလျက်ရှိသော အခြားပြစ်မှုများနှင့်ပတ်သက်၍ စီရင်ချက်မချမှတ်မီ သက်ဆိုင်ရာဥပဒေအရာရှိက အမှု ရုပ်သိမ်းခွင့်ပြုပါရန် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ လျှောက်ထားရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအမှု ရုပ်သိမ်းခွင့်ရှိသူက ဥပဒေနှင့်အညီ တရားရုံးသို့ တင်ပြလျှောက်ထားမှသာလျှင် တရားရုံးက ဥပဒေနှင့်အညီ အမှုရုပ်သိမ်းခွင့် ပြု/မပြုကို အမိန့်ချမှတ်ရမည်ဖြစ်ပါကြောင်း၊ တရားရုံးများက တရားရင်ဆိုင်နေရသော နေပြည်တော်ကောင်စီအတွင်းရှိ မြေမဲ့ယာမဲ့အများအပေါ် တရားစွဲဆိုထားသောအမှုများကို ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာပုဂ္ဂိုလ်ကသာလျှင် အမှုရုပ်သိမ်းခွင့်ပြုရန် တရားရုံးကို လျှောက်ထားရမည်ဖြစ်သည့်အတွက် တရားရုံးကို လျှောက်ထားလာမှသာလျှင် တရားရုံးက ဥပဒေနှင့်အညီ ရုံးသိမ်းခွင်‌့ပြု သင့်/မသင့် ဆုံးဖြတ်ရန်ဖြစ်ပါကြောင်း၊ အမှုရုပ်သိမ်းရန် ဥပဒေအား လျှောက်ထားခွင့်ရှိသော ပုဂ္ဂိုလ်က လျှောက်ထားရန်ကိစ္စဖြစ်သည့်အတွက် တရားရုံးများတွင် တရားရင်ဆိုင်နေရသော နေပြည်တော်ကောင်စီအတွင်းရှိ မြေမဲ့ယာမဲ့များအား ကျေးရွာသစ်စီမံကိန်း အကောင်အထည်မဖော်မီအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးအတွက် ဆင်းရဲသား တောင်သူလယ်သမားများ၏ ဘဝကို စာနာသည့်အနေဖြင့် တရားစွဲဆိုထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိသည် တရားရုံးနှင့် မသက်ဆိုင်ခြင်းမရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။