ယနေ့မေးမြန်းလိုသည့်မေးခွန်းများမှာ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေးနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အစီအစဉ်တွက် ကချင်းတိုင်းရင်း သားမျိုးနွယ်စုများနှင့် သက်ဆိုင်သော မေးခွန်း(၃) ခုကို မေးမြန်းသွား မည်ဖြစ်ပါကြောင်း၊ ယင်းမေးခွန်းကို မေးမြန်းရသည့်ရည်ရွယ်ချက်မှာ “၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ အိမ်အကြောင်းအရာသန်းခေါင်း စာရင်းကောက် ယူရန် ရက်အနည်းငယ်သာ လိုအပ်သောအချိန်မှာ ကချင်တိုင်းရင်းသားလူမျိုးများ အတွင်း မေးခွန်း (ပုံစံ ၈) လူမျိုးနဲ့ပတ်သက်သောဇယားကို ဖြေဆိုရာတွင် တိကျသေချာမှုရှိစေရန်နဲ့ ဝိရောဓိများ၊ သံသယဖြစ်မှုများ ရွေးချယ်ရန် ခက်ခဲနေသောအခြေအနေများ ကို အောင်မြင် ကျော်လွှားနိုင်စေရန် အတွက်” ဖြစ်ပါကြောင်း။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်မေးခွန်းပုံစံ ၈ လူမျိုးနှင့်ပတ်သက်ပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူစဉ်က လူမျိုးစာရင်းကို အခြေခံထားရာတွင် ကချင်တိုင်းရင်းသား မျိုးနွယ်စုများနှင့် ပတ်သက်၍ ဒေသအခေါ် အဝေါ်များရောထွေးနေခြင်း၊ စာလုံးပေါင်းမှားယွင်းခြင်း၊ အချို့မျိုးနွယ်စုများ ကျန်နေခြင်းများ ရှိနေပါကြောင်း၊ အရေးကြီးဆုံးအချက်မှာ ကချင်မျိုးနွယ်စုများ၏ ဘုံနာမည်ဖြစ်သော ကချင်ကို မျိုးနွယ်စုစာရင်းတွင် ထည့်သွင်းပြီး Code နံပါတ် 101 လို့သတ်မှတ်ကာ မေးခွန်းဖြေဆိုရန် ဇယားပါဝင်နေပါကြောင်း၊ ကချင်တိုင်းရင်း သားများမှာ ကချင်ဟူသော ဘုံနာမည်ကို ချစ်ခင်မြတ်နိုးပြီး ထာဝစဉ်ထိန်းသိမ်းကြသကဲ့သို့ မိမိတို့၏မျိုးနွယ်စုများ ကိုလည်း တန်ဖိုးထားဂုဏ်ယူကြသူများ ဖြစ်ပါကြောင်း။
ကချင် တိုင်းရင်သားလူမျိုး မျိုးနွယ်စုတိုင်းမှာ စာပေ၊ ယဉ်ကျေးမှု အမှတ်လကဏ္ခများ တန်ဖိုးထားမှုများ ကိုယ်စီရှိ ကြသည့်အတွက် မိမိတို့၏ မျိုးနွယ်စုများတည်ရှိမှုမှာ အရေးပါသည့် အခန်းကဏ္ဍတစ်ခု ဖြစ်လာပါကြောင်း၊ သို့သော် ယခုအခါ ကချင် 101 Code နှင့် ပတ်သက်၍ ကချင်တိုင်းရင်းသား မျိုးနွယ်စုများအတွင်း ဒွိဟနှင့်ဝိရောဓိများ ဖြစ် ပွားနေပြီး ငြင်းခုန်းမှုများကြုံတွေ့ နေကြရပါကြောင်း၊ တစ်ချို့ကဘုံနာမည်ဖြစ်သော ကချင် 101 ကို ဖြေဆိုရန် တိုက်တွန်းကြပြီး တစ်ချို့က မိမိတို့ပါဝင်သော မျိုးနွယ်စု သတ်မှတ်ချက်များကို ဖြေဆိုရန် တိုက်တွန်းနေကြ ပါကြောင်း။
၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့က နေပြည်တော်အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီးက သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေ စုစုပေါင်းအရေအတွက် လောက် ကိုသာ ဖော်ထုတ်ရရှိလာခြင်းမဟုတ်ဘဲ နိုင်ငံသူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများ ပါဝင်ဖွဲ့စည်းမှု တို့ကိုပါ ဖော်ညွှန်းနိုင်သည့်အတွက် အလွန်အရေးကြီးသောလုပ်ငန်းဟု ဆိုနိုင်ကြောင်း၊ ဒီသန်းခေါင်စာရင်း မှ နိုင်ငံတည်ရှိမှု လူမျိုးစုများဖွဲ့စည်းပါဝင်မှုအင်အားနှင့် အမျိုးသား ပေါင်းစည်းမှုများကို မှန်ကန်သောကိန်းဂဏန်းပေါ် အခြေတည်ပြီး ကမ္ဘကိုထုတ်ဖော် ပြသနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးမှ ပြောကြားခဲ့သည်မှာ ကချင် တိုင်းရင်းသား မျိုးနွယ်စုများ ရွေးချယ်ရမည့် လမ်းကို ဖော်ပြနေကြောင်း သိမြင်ခဲ့ရပါကြောင်း၊
ကချင်း တိုင်းရင်းသားများအတွင်း ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်း ကောက်ယူမှုနှင့်ပတ်သက်၍ ကျယ်ကျယ်လောင်လောင်နှင့် စိုးရိမ်ပူပန်မှုများ ရှိနေခြင်းမှာ ဘုံနာမည်ဖြစ်သော ကချင်နှင့် မျိုးနွယ်စု အသီးသီးတွင် ပါဝင်နိုင်ရေးဖြစ်ပြီး လက်ရှိဇယားမှာ ကချင်တိုင်းရင်းသားများ အတွက် မျိုးနွယ်စုအတွင်း ရွေးချယ်မှုနှင့် ဘုံဖြစ်သော ကချင် 101 ရွေးချယ်မှု နှစ်ခု ဖြစ်နေပါကြောင်း၊ ကချင် 101 ကိုသာ ဖြေဆိုပါက မျိုးနွယ်စုများကို ပြန်လည်ရွေး ထုတ်ရန်အလွန် ခက်ခဲသွားနိုင်ပါကြောင်း၊ မျိုးနွယ်စုအားလုံးကို အသေးစိတ်ဖြေဆိုပါက တိကျမှန်ကန်သော မျိုးနွယ်စုစာရင်းကို ရရှိနိုင်ယုံမက မျိုးနွယ်စုအားလုံးကို စုပေါင်း ခြင်းဖြင့် ကချင်ဟူသော ဘုံနံမည်ဖြစ်သည့် ကချင်လူမျိုး စာရင်းကိုပါ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကချင်တိုင်းရင်းသားလူမျိုးများ၏ လှပသောအနာဂတ်ကိုဖန်တီးနိုင်ရေး၊ နိုင်ငံတော်၏ သန်းခေါင်စာ ရင်း ကောက်ယူရေး လုပ်ငန်းစဉ်တွင် ကချင်တိုင်းရင်းသားလူမျိုး မျိုးနွယ်စုအားလုံး သံသယကင်းရှင်းစွာဖြင့် မနာ ဂတ်မျှော်လင့်ချက်များစွာဖြင့် အားလုံးပါဝင်နိုင်ကြစေရန် ရည်ရွယ်ချက် ဖြင့် လည်းကောင်း ရွေးချယ်မှုမှားယွင်းခြင်း ကင်းပြီး မှန်ကန်သောရွေးချယ်မှုဖြင့် မိမိတို့ကချင်တိုင်းရင်းသား မျိုးနွယ်စုများ၏ အနာဂတ်ကို ဖန်တီးနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း ဤမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း-
(၁) ၂၀၁၄ ခုနှစ် ပြည်လုံးကျွန်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူခြင်း၊ မေးခွန်းပုံစံ ၈ လူမျိုးဇယားကိုဖြေဆိုရာတွင် ကချင်လူမျိုးဟုဖြေကြားလာပါက စာရင်းကောက်ယူသူများအနေဖြင့် မည်သည့် မျိုးနွယ်စု ဖြစ်ပါသနည်း ဟူသည့် ဒုတိယမေးခွန်းကို ထပ်မံမေးမြန်းပြီး ပြန်လည်ဖြေဆိုမည့်မျိုးနွယ်စုအမည်၏ Code နံပါတ် သတ်မှတ်ချက်ကိုပါ စာရင်းတွင် ဖြည့်စွက်ပေးပါရန် အချိန်မှီဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ။
(၂) ကချင်တိုင်းရင်းသားလူမျိုးတွင်ပါဝင်သော Code နံပါတ် သတ်မှတ်ထားသော မျိုးနွယ်စုများနှင့် Code နံပါတ် သတ်မှတ်ချက်တွင် မပါဝင်သဖြင့် အခြားစာရင်းတွင်ပါဝင် သွားမည့်ကချင်မျိုးနွယ်စုများ အားလုံးကိုစုပေါင်း၍ ကချင်တိုင်းရင်းသားလူမျိုးဟု သတ်မှတ်ကြေညာမှတ်တမ်းတင်ထားရှိပေးရန် အစီအစဉ် ရှိ/မရှိ။
(၃) ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုပြီးစီး၍ တိုင်းရင်းသားများ၏ မျိုးနွယ်စုစာရင်းများ မှန်ကန်တိ ကျအောင် ပြန်လည်ပြုစုရာတွင် ကချင်တိုင်းရင်းသားလူမျိုးတွင် ပါဝင်သော မျိုးနွယ်စုများအားလုံး၏ သဘာတူညီချက်ရယူပြီး နောင်ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုမှတ်တမ်းတင် ထားရှိပေးရန် အစီအစဉ် ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပထမမေးခွန်းနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်တွင် မေးမြန်း ရမည့် မေးခွန်းများနှင့် ပတ်သက်၍ ကနဦးအဆင့် စဉ်းစားရာတွင် ပြုပြင်ပြင်ဆင်ပေးရမည့် ကိစ္စရပ်များ ကို ပြင်ဆင်ပေးရန်နှင့် နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော ကိန်းဂဏန်း ရရှိစေရန်စသည့် အချက်များအပေါ် အခြေတည်ပြီးတော့မှ လက်တွေ့အကောင် အထည်ဖော်ဆောင်ပေးရမည့် ဌာန/အဖွဲ့အစည်းများအား ပြည် တွင်း/ပြည်ပ ပညာရှင်များနှင့် ပေါင်းစပ်ပြီး အလုပ်ရုံဆွေးနွေးပွဲများအား ကြိမ်ဖန်များ စွာပြုလုပ်၍ မေးခွန်းအရေအတွက်နှင့် မေးခွန်းအကြောင်းအရာများကို စိစစ်ရွေးချယ် ခဲ့ခြင်းဖြစ်ပါကြောင်း။
လူမျိုးဟူသောမေးခွန်းနှင့်ပတ်သက်၍ လက်ရှိအတည်ပြုထားသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို စတင်အခြေခံ၍ စဉ်းစားခဲ့ရခြင်းမှာလည်းပဲ မကြာခဏရှင်းလင်းပြောဆိုနေပြီး ၎င်းကိန်းဂဏန်းအရေအတွက်မှာလက်ရှိ အတည်ပြုသုံး စွဲနေသော တရားဝင်အချက်အလက်ဖြစ်ပြီး ယနေ့တိုင် ထပ်မံပြင်ဆင် ဖြည့်စွက်အတည်ပြုထားခဲ့ခြင်း မရှိသေးပါသဖြင့် ၎င်းကိုပင် အခြေခံစာရင်း Baseline Data ဖြင့် စတင်အခြေခံကိုးကားရခြင်း ဖြစ်ပါကြောင်း။
၎င်းအပေါ် အခြေခံပြီး လူမျိုးအမည်၊ သတ်ပုံသတ်ညွှန်းများ မှားယွင်း နေပါသည်ဟူသော ပြောဆိုချက်၊ မြေပြင်တွင် လူမျိုးစုနွယ်အချို့ မရှိကြပါဟူသည့် ပြောဆိုချက်နှင့် တိုင်းရင်းသားမျိုးနွယ်စုအသစ်အချို့လည်း ကျန်နေပါသေး၍ ပြန် လည်ပြင်ဆင်ထည့်သွင်းပေးရန်ဟူသော တောင်းဆိုချက်များကြောင့် ပြည်သူ့ဆန္ဒနှင့်အညီ ပြင် ဆင်ဆောင်ရွက် ရန်အတွက် ဤမေးခွန်းကိုထည့်သွင်း ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ နှစ်ပေါင်းများစွာ ကြာရှိနေခဲ့သော အငြင်းပွား ဖွယ် အခြေအနေအား အခုကာလမှာ ပြင်ဆင်မဆောင်ရွက်ခဲ့ပါက အနည်းဆုံး နောင် ၁၀ နှစ် ကြာသည့်တိုင် ဆောင် ရွက်နိုင်တော့မည်မဟုတ် သဖြင့် ယခုကဲ့သို့ ဆောင်ရွက် ပေးခဲ့ခြင်းလည်း ဖြစ်ပါကြောင်း။
ပထမမေးခွန်းပါ လူမျိုး ကိုမေးမြန်းရာ၌ ဖြေကြားသူက ကချင်လူမျိုးဟုဖြေကြားလာပါက စာရင်းကောက်များမှ ကချင်မျိုးနွယ်ထဲတွင် မည်သည့်လူမျိုးစု ဖြစ်ပါသလဲဟု ဒုတိယမေးခွန်းကို ထပ်မံမေးမြန်းပေးရန် တောင်းဆိုချက် အားဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း။ စာရင်းစစ် စာရင်းကောက် သင်တန်းများမှာလည်းပဲ ဤအချက်ကို အသေးစိတ်ဆွေးနွေးပို့ချပြီးဖြစ်ပြီး မေးမြန်းသူ၏ရည်ရွယ်ချက်မှာ မျိုးနွယ်စုများအဖို့ မိမိမျိုးနွယ်စုအား ပြောဆို ရန် မေ့လျော့နေမည်စိုး၍ သတိပေးစေလိုသည့် ဆန္ဒဖြစ်မည်ဟုလည်း ယူဆမိပါကြောင်း၊ ကချင်လူမျိုးဟု ဖြေ သည်ဖြစ်စေ၊ ကချင်လူမျိုးစု အတွင်း၌ရှိသော မျိုးနွယ်စု၏အမည်ကို ဖြေဆိုသည်ဖြစ်စေ၊ ကချင်လူမျိုးစာရင်းဝင်သွား မည်ဖြစ်ပါကြောင်း ဥပမာအားဖြင့် ဖြေကြားသူက ထရုံမျိုးနွယ်စုဟု ဖြေကြားပါက ထရုံမျိုးနွယ်စုတွင်အရေအတွက် တစ်ယောက်တိုးသကဲ့သို့ မူလကချင်လူမျိုးတွင်လည်း သင်္ချာသဘောအရ အရေအတွက်တစ်ဦး တိုးသွားမည်ဖြစ် ပါကြောင်း၊ ကချင်လူမျိုးဟုမဖြေသော်လည်း ကချင်မျိုးနွယ်စုပျောက်ကွယ်သွားခြင်းမရှိပါကြောင်း၊ ကချင်လူမျိုးဟူ သီးခြား ကုတ်တစ်ခု သတ်မှတ်ထားရခြင်းမှာလည်း မူလအစဉ်အဆက်ကပင် သန်းခေါင်းစာရင်းကောက်ယူရာ၌ ကချင်လူမျိုးဟု သာထည့်သွင်း ဖြေကြားခဲ့ခြင်းကြောင့် ကချင်လူမျိုးစုဟု သီးခြားထည့်သွင်း ဖော်ပြခဲ့ခြင်းသာ ဖြစ်နိုင်ပါကြောင်း၊ ကချင် လူမျိုးဟု သီးခြားဖြေသူများအတွက် အရေအတွက်ကို အချိန်တိုအတွင်း ဖော်ထုတ်နိုင်ရန် အတွက် သတ်မှတ်ပေး ထားခြင်းလည်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ပေးမထားပါက အခြားဟူသောအကွက်တွင် ရောက်ရှိသွားမည်ဖြစ်ပြီး၊ ပြန် လည်ရေတွက်ရာတွင် လူသန်း ၆၀ အပေါ်မှာတစ်ရပ်ချင်း၊ တစ်ခုချင်းပြန်လည် ရေတွက်ရမည်ဖြစ်သဖြင့် အချိန် ကြာမြင့်သွားမည်လည်း ဖြစ်ပါကြောင်း၊ မည်သို့ပင်ဖြစ်စေကာမူ ဖြေကြားသူက ကချင်လူမျိုးဟု ဖြေကြားပါက စာရင်းကောက်များက ကချင်လူမျိုးတွင် မည်သည့်မျိုးနွယ်စုဖြစ်ပါသနည်းဟု ထပ်မံမေးမြန်းပေးမည်ဖြစ်ပြီး မိမိတို့ အနေဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ လိုက်နာဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။ ၎င်းအပြင် ပထမမေးခွန်းမှာပါသော လူမျိုးကိုဖြည့်စွက်ရာ၌ ဖြေဆိုသူကာယကံရှင်မှ ပြောကြားသည့် လူမျိုးအမည်ကို Code နံပါတ် (ဂဏန်းသင်္ကေတ) စာရင်းကိုကြည့်၍ သက်ဆိုင်ရာ Code နံပါတ်ကို ရေးသွင်းသွားမည်ဖြစ်ပါကြောင်း၊ ၎င်းအချက်များမှာ မူလကပင် ၎င်းကဲ့သို့ ဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီး အချက်များဖြစ်ပြီး တစ်ဆက်တည်းမှာပင် လူမျိုးအမည်များအတွက် အသံထွက် စာလုံးပေါင်းများ မှားယွင်းနေ၍ ပြင်ဆင်ပေးရန် တောင်းဆိုချက်နှင့် ပတ်သက်၍ ဖြေဆိုသူကာယကံရှင် က ပြောကြားသည့် လူမျိုးအမည်ကို ဘေးမှ ကွက်လပ်တွင်စာဖြင့် စာလုံးပေါင်းမှန်အောင် ချပြရေးသား အတည်ပြုပေး မည်ဖြစ်ကြောင်းလည်း ရှင်းလင်းဖြေကြားပါသည်။
မေးခွန်း(၂) နှင့်စပ်လျဉ်း၍ ကချင် တိုင်းရင်းသားလူမျိုးတွင် ပါဝင်ပြီး Code နံပါတ်သတ်မှတ်ပြီးသော မျိုးနွယ်စုများမှာ ကချင်တိုင်းရင်းသား လူမျိုးများအဖြစ် ပါဝင်သွားမည် ဖြစ်ပြီး၊ Code နံပါတ် သတ်မှတ်ချက်တွင် မပါဝင်သော အမည်သစ်ဆိုပါက အခြားဟူသော အကွက်မှာ ကနဦး ရေးသွင်းသွားမည်ဖြစ်ပါကြောင်း၊ အားလုံးပြီးစီးသည်ဆိုပါက ၎င်းမျိုးနွယ်စု အရေအတွက် မည်မျှရှိသည်ကို ရေတွက်ခြင်း၊ မည်သည့် မျိုးနွယ်စုအောက်တွင် ရှိသည်ကို သတ်မှတ်ပေးရန်အတွက် ၎င်းမျိုးနွယ်စု၏ဆန္ဒ၊ သက်ဆိုင်ရာတိုင်းရင်းသား ခေါင်းဆောင်များ၏ဆန္ဒ အကြံပြုချက်၊ ပူးပေါင်းဆောင်ရွက်ချက်ပေါ် မူတည်ပြီး အဆင့်ဆင့်ဆုံးဖြတ်သွားမည် ဖြစ်ပါကြောင်း၊ မည်သည့် မျိုးနွယ်စုသည် ကချင်လူမျိုးအောက်တွင် ရှိသည်ဟူ၍ သဘောတူ သတ်မှတ် ဆုံးဖြတ်ပြီးပါက ထိုမျိုးနွယ်စုများကို စုပေါင်း၍ ကချင်တိုင်းရင်းသားလူမျိုးဟု သတ်မှတ်ကြေညာပေးသွားမှာ ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ကချင်ပြည်နယ်တွင်နေ ထိုင်သော ကချင်မျိုးနွယ်စုအောက်တွင်ရှိနေသော ထရုံလူမျိုးစုအား Code နံပါတ် မသတ်မှတ်ရသေးပါက စာရင်းကောက်ယူချိန်တွင် အခြားဟူသောအကွက်၌ ပါရှိသွား သော်လည်း ကိန်းဂဏန်းရရှိလာချိန်မှာ ၎င်းတို့က ကချင်လူမျိုးအောက်တွင် ရှိနေသည်ဟူသော သဘောတူညီမှုရှိပါက အဆင့်ဆင့်အတည်ပြုချက်ဖြင့် ကချင်လူမျိုးစု အဖြစ် စာရင်းပူးပေါင်း ထည့်သွင်းသွားမည် ဖြစ်ပါကြောင်း၊ ဤအချက်များမှာ ကာယကံရှင် လူမျိုးစု၏ သဘောတူညီ ချက်အပေါ် မူတည် စဉ်းစားရမည့် ဒုတိယအဆင့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။
တတိယမေးခွန်းနှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးစီးချိန်တွင် တိုင်းရင်းသားများ၏ မျိုးနွယ်စုစာရင်းများ မှန်ကန်တိကျအောင် ဆောင်ရွက်ရာ၌ သက်ဆိုင်ရာတိုင်းရင်းသား လူမျိုးခေါင်းဆောင် ကိုယ်စား လှယ်များ၏ အကြံဉာဏ်ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကိုသာရယူပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့် အတည်ပြု ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒုတိယအဆင့် ဆောင်ရွက်ရန်စီမံထားသည့် အစီအမံဖြစ်ကြောင်း လည်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
နိဂုံးချုပ် ပြောကြားခဲ့သည်မှာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ အကျိုးငှာဆောင်ရွက်ပေးရမည့် စီမံဆောင်ရွက်ပေး သင့်သည့် လုပ်ငန်းစဉ်ကြီး ဖြစ်သည့်အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်၊ တိုင်းရင်းသား ညီအစ်ကို အားလုံး တစ်ဦးမကျန်ကောက်ခံခွင့်ရှိသည့် အခွင့်အရေးအား အမိအရအသုံးချပေးပါရန်နှင့် ကချင်ပြည်နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများကလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါရန် လိုအပ်ကြောင်းရှင်း လင်း ပြောကြားခဲ့သည်။
