ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းဆုံမှ အမှတ်(၃) လမ်းမဆုံအထိ ၁ မိုင်ကျော်ခန့် ရှိပါကြောင်း၊ ယင်းလမ်းမတစ်လျှောက်ရှိ ဆိုင်ခန်းများကို အခိုင်အမာ ကျူးကျော်ချဲ့ထွင်ပြီး ဆောက်ထားသည့်အတွက် ခရီးသွားများသည် ကွန်ကရစ် လမ်းမကြီးပေါ်မှ သွားနေရသဖြင့် ယာဉ်တိုက်မှုများဖြစ်ပြီး လူများ သေဆုံးလျက်ရှိ ပါကြောင်း။ မင်္ဂလာဒုံမြို့နယ်ရဲစခန်း၏ မှတ်တမ်းအရ တစ်နှစ်တာအတွင်း ယာဉ် တိုက်မှု ၁၂၀ ကျော် ဖြစ်ပွားခဲ့သောကြောင့် လမ်းဘေးဝဲ/ယာတွင် လူသွားလမ်းပ လပ်ဖောင်းပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလ တွင် ဆောင်ရွက်ပေးမည်နှင့် လမ်းဘေးဝဲ/ယာရှိ ဆိုင်ခန်းများကို လမ်းပိုင်မြေပေါ်တွင် တိုးချဲ့ဆောင်ရွက်ထားမှုများအား ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ ဖြေကြားချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ ဒုံမြို့နယ်၊ ခရေပင်လမ်း (ခရေပင်လမ်းဆုံမှ အမှတ်(၃)လမ်း အထိ) မူလလမ်းဟောင်း သည် အကျယ် ၄၄ ပေရှိပြီး လမ်းသားပျက်စီးမှု များပြားခြင်း၊ ယာဉ်သွားလာမှု များပြားခြင်းတို့ကြောင့် အကျယ် ၆၀ ပေအထိတိုးချဲ့၍ ကွန်ကရစ်လမ်း အဖြစ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်လမ်းမ၊ ခရေပင်လမ်းဆုံနှင့် ရထားသံလမ်းများ အပိုင်းသည် လူသွားလူလာ များပြားပြီး ပေရှည် ၄၃၀၀ ခန့်ရှိပါကြောင်း၊ ၎င်းအပိုင်းကို အကျယ်ပေ ၆၀ အထိ ကွန်ကရစ်ဖြင့် လမ်းသား တိုးချဲ့ဆောင်ရွက်ပြီး လမ်းပခုံး သား မြေသားကပ်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် အများပြည်သူ သွားလာလျှက်ရှိပါကြောင်း၊ ရထားလမ်းနှင့် အမှတ်(၃) လမ်းဆုံကြား အပိုင်း သည် ပေရှည် ၃၈၀၀ ပေခန့်ရှိပြီး လမ်းဘေးတွင် လူနေအိမ်မရှိဘဲ စိုက်ခင်းနှင့် တာဘောင်များသာ ရှိသောကြောင့် လူသွားလာမှု နည်းပါးသည့်အပိုင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းအား လက်ရှိအခြေအနေတွင် စြင်္ကန်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိကြောင်း ဖြေကြားပါသည်။
ခရေပင်လမ်း (ခရေပင်လမ်းဆုံမှ အမှတ်(၃) လမ်းမအထိ) လမ်းဘေးဝဲ/ယာတွင် ဖွင့်လှစ်ထားသည့်ဆိုင်ခန်း စုစုပေါင်း ၇၂ ဆိုင်ရှိပြီး ၎င်းဆိုင်များအနက် ၂၃ ဆိုင်သည် လမ်းနယ်အတွင်းသို့ တိုးချဲ့ထားသည် ကို တွေ့ရှိရပါကြောင်း၊ အဆိုပါဆိုင်များအနက် အိမ်အမှတ် ၁၄၈ မှ လမ်းနယ်အတွင်းသို့ တိုးချဲ့ ဆောက်လုပ် ထားသောဆိုင်ခန်းအား ၃၀-၁၀-၂၀၁၃ ရက်နေ့တွင် ပုဒ်မ ၆၈ ဖြင့် တရားစွဲဆိုခဲ့ရာ ဒဏ်ငွေကျပ် ၅၀၀၀၀ ချမှတ်ပေးဆောင်စေခဲ့ပြီးဖြစ်သော်လည်း ဖျက်သိမ်းခြင်းမရှိသေးသည့်အတွက် ၁၀-၁၂-၂၀၁၃ ရက်နေ့တွင် ပုဒ်မ ၆၉ ဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပြီး ကျန်ဆိုင်ခန်းများ ဖျက်သိမ်းရန်အတွက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ၅-၁-၂၀၁၄ ရက်နေ့တွင် အကြောင်းကြားစာ ပေးပို့ထားပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ခရေပင်လမ်း(ခရေပင်လမ်းဆုံမှ အမှတ်(၃)လမ်းမအထိ) လမ်းဘေးဝဲ/ယာတွင် ယာယီအားဖြင့် လူသွားလမ်းပလပ်ဖောင်း ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် လမ်းဘေး ဝဲ/ယာရှိ ဆိုင်ခန်းများထဲမှ လမ်းနယ်အတွင်း တိုးချဲ့ထားသည့် ဆိုင်ခန်းများ ဖယ်ရှားရေးဆောင်ရွက်လျက်ရှိပြီး ဖယ်ရှားရှင်းလင်းခြင်း မရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
