စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် နေထိုင် ကြတဲ့ ၁၇၀၀၀၀ မျှသော ရှမ်းတိုင်းရင်းသားများသည် ရှမ်းနီ(ခ) တိုင်း တိုင်းရင်းသားများဖြစ်ကြသည့်အတွက် မကြာမီကောက်ယူမည့် သန်းခေါင်းစာရင်းကောက်ယူရာတွင် မိမိတို့ခံယူလိုသော တိုင်းရင်းသား အမည်ဖော်ထုတ်ပြောဆိုရန် အခက်အခဲကြုံတွေ့နေရပါကြောင်း၊ ရှမ်းနီ တိုင်းရင်းသားများနှင့် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတူညီသော မျိုးနွယ်စုဝင် ရှမ်းနီ တိုင်းရင်းသားများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းများတွင် အများအပြားဆုံးနေထိုင်ကြသည့်အပြင် ပြည်ထဲရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော ရှမ်းမျိုးနွယ်စု ၃၃ မျိုးထဲထဲတွင်လည်း ရှမ်းနီ(ခ) တိုင်းနိုင်း(ခ) တိုင်းလိုင်း လူမျိုးနွယ်စုများသည် Code နံပါတ်မပါရှိပါကြောင်း၊ သန်းခေါင်စာ ရင်းကောက်ယူရာတွင် ရှမ်းနီဟုဖြေဆိုပါက ရှမ်းအမျိုးအနွယ်စု ၃၃ မျိုးထဲတွင်မပါ ဝင်တော့ဘဲ အခြားလူမျိုးစာရင်းထဲရောက်ရှိ သွားမည်ဖြစ်ခြင်းကြောင့် မူလတိုင်းရင်းသားစာရင်းတွင် မပါရှိကာ နိုင်ငံ သား စာရင်းတွင်ပါရှိသွားမည်ဖြစ်ပါကြောင်းနှင့် ရှမ်းနီမျိုးနွယ်စုပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြပါကြောင်း၊ ရှမ်းဟူ၍ ဖြေဆိုပါကလည်း ရှမ်းနီမျိုးနွယ်စုပျောက်ကွယ်သွားပြီး ရှမ်းမျိုးနွယ်စုကြီးထဲ ပါသွားပြီးတော့မှ သီးခြား Code နံပါတ်မရနိုင်တော့ပါကြောင်း၊ ထိုကဲ့သို့ပင် တိုင်းရင်းသားမျိုးနွယ်စုများလည်း စိုးရိမ်ကြောင့်ကြမှုရှိကြောင်း၊ မိမိတို့ခံယူလိုသော တိုင်းရင်းသားမျိုးနွယ်စု အမည်ပေါ်ပေါက်ရေးကို မည်ကဲ့သို့ဆောင်ရွက်ပေး မည်ကိုသိရှိလိုနေကြ ပါကြောင်း၊ ထို့ကြောင့် (၁) Code နံပါတ်များပြောင်းလဲသွား နိုင်မှုရှိ/မရှိ၊ (၂) တိုင်းရင်းသားလူမျိုးစု အမည်မှန် များပေါ်ထွက်လာနိုင်ခြင်းရှိ/မရှိ။(၃) လူမျိုးနွယ်စု အမည်ထပ်နေခြင်းများ ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိ။ (၄) အမှန်တစ်ကယ် မရှိ၍ တိုင်းရင်သားမျိုးနွယ်စု အမည်များပယ်ဖျက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် (၅) အမှန်တစ်ကယ်ရှိနေတဲ့ တိုင်းရင်း သားမျိုးနွယ်စုများကို Code နံပါတ်သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိတို့ကို သိရှိလိုပါကြောင်း
[ဦးအေး၊ ဟုမ္မလင်းမဲဆန္ဒနယ် ကိုယ်စား ဦးတင်လှိုင်၊ ကလေးမဲဆန္ဒနယ်မှ မေးမြန်းပါသည်။ ]
မြန်မာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စု စာရင်းများ သတ်မှတ်ပြုစုရာမှာ ၁၉၃၁ ခုနှစ်ကပင် သန်းခေါင်စာရင်းကောက်ယူဖော်ထုတ်တွေ့ရှိသည့် လူမျိုးစု စာရင်းနှင့် ၁၉၅၃-၁၉၅၄ ခုနှစ်မှာ ကောက်ယူရရှိသည့် လူမျိုးစုစာရင်း၊ ၁၉၆၁ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၏ အကြံ ပြုချက်နှင့် မြန် မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပြုချက်များ၊ ၁၉၇၂ ခုနှစ် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေး ရာကော် မတီညှိနှိုင်းချက်များ အရတိုင်းရင်းသား လူမျိုးစုစာရင်းအား အဆင့်ဆင့်စစ်ဆေးဖော်ပြ ခဲ့သည်ကို လေ့ လာတွေ့ရှိရ ပါကြောင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်းစာရင်းအရ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိခဲ့ပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင်လည်းပဲ ၁၉၇၃ ခုနှစ်၊ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကိုအခြေခံ၍ ဂဏန်း သင်္ကေတပြုစုခဲ့ ကြောင်းသည့်အထောက်အထားများ ကိုတွေ့ရှိရပါသည့်အတွက် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင်လည်း ယခင်အသုံးပြုခဲ့သော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို အခြေခံစာရင်းအဖြစ်သာ အသုံးပြုခြင်းဖြစ်ပါကြောင်း၊ လက်ရှိမြေပြင်အခြေအနေနှင့် အမှန်တကယ် မှန်ကန်ကိုက်ညီမှုရှိ/မရှိ ပြန်လည်စိစစ်နိုင်ရန်အတွက် လက်ရှိ ရှိပြီးကိန်းဂဏန်းအပေါ်မှာအခြေခံပြီး ကနေဦးအဆင့် စတင်ဆောင်ရွက်ခြင်းသာဖြစ်သည့် အတွက် သန်းခေါင် စာရင်းကောက်ယူပြီးစီးသည့်အခါ ကောက်ယူရရှိမှုအပေါ်မူတည်ပြီး လက်ရှိအခြေအနေတွင် လျော့နည်း၊ ကွယ်ပျောက်၊ တိုးပွားလာသည့် လူမျိုးစုများရှိ/မရှိ၊ အမည် သတ်မှတ်ချက် သတ်ပုံသတ်ညွှန်းမှအစ မှန်ကန်ကိုက်ညီမှု ရှိ/မရှိတို့အား ပြန်လည်အတည်ပြုသွား နိုင်မည်ဖြစ်ပါကြောင်း၊
မေးခွန်းပထမပိုင်းနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် လူဦးရေအိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရာတွင် လူမျိုးမေးခွန်းအားဖြေဆိုသူ၏ ဆန္ဒအရပြောဆို ခွင့်ရှိခြင်းကြောင့်ဆိုသူမှပြောကြားသည့် အတိုင်းရေးသွင်းသွား မည်ဖြစ်ပါကြောင်း၊ လူမျိုးဂဏန်းသင်္ကေတမှာ ရှမ်းနီ(ခ)တိုင်းနိုင်းမျိုးနွယ်စု မပါရှိသော်လည်း ရှမ်းနီလူမျိုးဟုဖြေသည့် အခါ စာရင်းကောက်အနေဖြင့် ဂဏန်းသင်္ကေတ ၉၁၄ ကိုရွေးချယ်ပြီးဘေးမှ ကွက်လပ်တွင် ရှမ်းနီဟုရေးသားသွား မည်ဖြစ်ပါကြောင်း၊ ပြည်သူ့အင်အားဦးစီးဌာနတွင် စာရင်းဇယားပြုစုသည့်အခါ ရှမ်းနီလူမျိုးဟု ဖြေကြားသူအတွက်ကို စာရင်းဇယားပြုစု၍ ပြန်လည် ရေတွက်မည်ဖြြစ်ခင်းကြောင့် ရှမ်းနီလူမျိုးစုမပါရှိမည်ကို စိုးရိမ်စရာ မလိုပါကြောင်း။
သန်းခေါင်စာရင်းကောက်ယူပြီးသည့်အခါ လူမျိုးဂဏန်းသင်္ကေတ Code နံပါတ်များသည် ကွန်ပျူတာမှအချက် အလက်များလွယ်ကူစွာဖတ်နိုင်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပုံစံတည်း ရှိစေရန်နှင့် စနစ်တကျရှိစေ ရန် ပေးထားခြင်းသာဖြစ်သည့်အပြင် ဌာနတွင်းသုံး ဂဏန်းသင်္ကေတ သက်သက်သာဖြစ်ပါကြောင်း၊ အသစ်ထပ်ပိုးလာသော လူမျိုးများအတွက်မူ တိုးလာသည့် အရေအတွက်ကို ပေါ်မူတည်၍ မည်သို့သတ်မှတ်ရမည်ကို ဆက်လက်ဆောင်ရွက် မည်ဖြစ်ပါကြောင်းနှင့် ဂဏန်းသင်္ကေတသတ်မှတ်သည့် ကိစ္စများသည် လူမျိုးတစ်ခုတည်း ကိုသာဆောင်ရွက်ခြင်း မဟုတ်ဘဲ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အားလုံးအပါ အဝင် အခြားမေးခွန်း များအားလုံးကိုလည်း ဂဏန်းသင်္ကေတသတ်မှတ်ထားပါကြောင်း၊
ထို့ပြင် တိုင်းရင်းသားလူမျိုးနှင့်ပတ်သက်သော မေးခွန်းတိုင်းအား ဖြေကြားသူ၏ဆန္ဒအရ ပြောဆိုခွင့်ရှိခြင်း ကြောင့် လူမျိုးအမည်အသစ်ကိုဖြေဆိုပါက အလိုလိုစာရင်းဝင်သွားမည်ဖြစ်ပြီး ယခင်ကြွင်းကျန်နေသော တိုင်းရင်းသား အမည်မှန်များပေါ်ထွက်လာရေးကို အဓိကထား ဆိုလိုရင်းဖြစ်ကြောင်း၊ လူမျိုးနွယ်စုအမည်များ ထပ်နေခြင်းများရှိပါက လည်း မှန်ကန်စွာဖြေကြားပေးခြင်းဖြင့် အမှန်ကိုပြင်နိုင်ခြင်းနှင့် အမှန်တကယ်မရှိသော တိုင်းရင်းသားမျိုးနွယ်စု အမည်များကို မဖြေခြင်းဖြင့်လည်း အလိုလိုပယ်ဖျက်သွားမည် ဖြစ်ကြောင်း၊
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းကို အခြေခံ၍ ဆောင်ရွက်ခြင်းသာဖြစ်သည့်အတွက် အခြေခံဆောင်ရွက်ရမည့်စာရင်းတွင် မပါဝင်သူကို ယခုအချိန်တွင် Code နံပါတ်သတ်မှတ်ပေးရန်မဖြစ်နိုင်သည့်အပြင် လူမျိုးတစ်မျိုးကို သတ်မှတ်ပေးလိုက်ပါက အခြားတောင်းဆိုမည့် လူမျိုးများစွာ ပေါ်ထွက်လာမည်ဖြစ်ပြီး မည်သည့်လူမျိုးသည် တိုင်းရင်းသားဖြစ်သည်/မဖြစ်သည်ကို ဆန်းစစ်ရန် အချိန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မည်သည့်လူမျိုးသည် တိုင်းရင်းသားဖြစ်သည်/မဖြစ်သည်ကို ဆုံးဖြတ်ရန်သည်လည်း တည်ဆဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရသား ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ Code နံပါတ်သည်ဌာန အတွင်း အသုံးပြုရန် သတ်မှတ်သည့်လုပ်ငန်းသုံးတစ်ခုသာဖြစ်၍ သန်းခေါင်စာရင်းကောက်ယူပြီးသည့်အခါ ရရှိလာ မည့် လူမျိုးအမည်စာရင်းများကိုတင်ပြ၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးခေါင်းဆောင် များ၏ အကြံပြုချက်ပူးပေါင်းပါဝင်မှုဖြင့် ဒုတိယအဆင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုသာဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
