(စ)-ခန္တီးမြို့နယ်အားအထူးဖွံ့ဖြိုးရေးဒေသတွင်ထည့် သွင်းလျက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၄.၂.၂၀၁၄)

ဦးလှထွန်း (ခန္တီး) စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ် စာရာမေတိတောင်ခြေရှိ တောင်ပေါ် တွင် ကျေးရွာအုပ်စု ခြောက်အုပ်စု၊ ကျေးရွာ ၂၈ ရွာရှိပါကြောင်း၊ ယင်းကျေးရွာများသည် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်း များကြောင့် ၁၉၉၀ ခုနှစ်အထိ တစ်ကြိမ်တစ်ခါမှ မဲပေးခွင့်မရရှိသည့်အပြင်  ယနေ့အထိ အထက်တန်း အောင်မြင်သူ ၁၀ ယောက်ပင် မရှိသေးသည်ကိုလည်းတွေ့ရှိရပါကြောင်း။

ထမံသီရေအား လျှပ်စစ်စီမံကိန်း စတင်တိုင်းတာသော ၁၉၆၂ ခုနှစ်ကစတင်ကာ  ခန္တီးမြို့နယ်သည် ရေဝပ်ဧရိယာသို့ တစ်ချိန်တွင် ကျရောက်သွားမည်ဖြစ်ခြင်းကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခြင်းတွင်  အလွန် အားနည်းခဲ့သည် ကိုတွေ့ရှိရပါကြောင်း၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များ ရှိ ကျေးရွာများနှင့်  နှိုင်းယှဉ်ကြည့်မည်ဆိုပါက ခန္တီးမြို့နယ်ရှိ ကျေးရွာများသည်  ဖွံ့ဖြိုးတိုးတက်မှု လွန်စွာနောက် ကျနေသည်ကိုတွေ့ရှိရပါကြောင်း၊ တပ်မတော်အစိုးရ လက်ထက်တွင် လဟယ်မြို့ နယ်၏ အရှေ့တောင်ဘက်ခြမ်းရှိ ထန်ပါခွေရွာကို မြို့နယ်ခွဲအဖြစ် တိုးချဲ့ ဖွင့်လှစ်လိုက်ပြီး ဆင်သေ-လဟယ် ၁၈ မိုင်ကမှ ထန်ပါခွေမြို့နယ်ကို ကားလမ်း ဖောက်ပေးခဲ့ခြင်းကြောင့် ယခုအခါမှာတော့ ကျန်းမာရေး၊ ပညာရေးဌာနဝန်ထမ်းများ သွားရောက်တာဝန် ထမ်းဆောင်နိုင်ပြီဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ထည့်သွင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းကြောင့် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်မှု များစွာနောက် ကျနေသေးသော ခန္တီးမြို့နယ်ကို အထူးဖွံ့ဖြိုးရေးအစီအစဉ်တွင် ထည့်သွင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။  


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ သမ္မတရုံးဝန်ကြီး၊ ဦးသန့်ရှင်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၁၊ သမ္မတရုံးဝန်ကြီး၊ ဦးသန့်ရှင်း နိုင်ငံတော်တာဝန်အား တပ်မတော်အစိုးရ တာဝန်ယူချိန်တွင် တိုင်းရင်းသားလူမျိုးများကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းကို အထူးဒေသ ကြီး ၁၈ ခု၊ မြို့နယ် ၆၈ မြို့နယ်ဖြင့် ချမှတ်အကောင်အထည်ဖော်  ဆောင်ရွက် ခဲ့ပါကြောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ် သည် စီမံကိန်းဝင်မြို့နယ် ၆၈ မြို့နယ်တွင်ပါဝင်သော မြို့နယ်တစ်ခုဖြစ်ပြီး ၁၉၈၉ ခုနှစ်မှစတင်၍ ခန္တီးမြို့နယ်အား အထူးဦးစားပေးမြို့နယ်စာရင်းဝင်အဖြစ် လုပ်ငန်းများ သတ်မှတ်ဆောင်ရွက်ခဲ့ ပါကြောင်း၊ နိုင်ငံတော်အစိုးရသစ် လက်ထက်တွင်လည်း နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းကို အထူးဒေသကြီး ၁၉ ခု၊ မြို့နယ်ပေါင်း ၇၃ မြို့နယ် အထိ တိုးချဲ့၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ခန္တီးမြို့နယ်ကို နယ်စပ်ဒေသဖွံ့ဖြိုးရေးအကျုံးဝင်သော မြို့နယ်တစ်ခုအဖြစ် ဆက်လက် အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြည်နယ်ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံး(ခန္တီး)ကို ဒုတိယညွှန်ကြားရေးမှူး တစ်ဦး ဦးစီးလျက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စိစစ်ဆောင်ရွက်လျက်ရှိခြင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို လည်း ၁၉၉၈ ခုနှစ်၊ မေလ ၄ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးခြင်း၊  ခန္တီးမြို့နယ်တွင် ယခင်အစိုးရလက်ထကက် ၁၉၉၀-၁၉၉၁ ဘဏ္ဍာရေးနှစ် မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်ထိ လမ်းတံတားလုပ်ငန်းကဏ္ဍ၌ ငွေကျပ် ၉၃၅ သိန်း၊ ပညာရေးလုပ်ငန်းကဏ္ဍ၌ ငွေကျပ် ၂၉၉.၉၄ သိန်း၊ ကျန်းမာရေးကဏ္ဍ၌ ငွေကျပ် ၄၅ သိန်း၊ သောက်သုံးရေရရှိရေးလုပ်ငန်းကဏ္ဍ၌ ငွေကျပ် ၆၂ သိန်း၊ သာသနာရေးလုပ်ငန်း၌ ငွေကျပ် ၈၃.၇၃ သိန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်း၌ ငွေကျပ် ၂၈ သိန်း၊ စွမ်းအင်လုပ်ငန်းကဏ္ဍ၌ ငွေကျပ် ၅၀ သိန်း စုစုပေါင်းငွေကျပ် ၁၅၀၃.၆၆ သိန်းသုံးစွဲလျက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ခြင်းများရှိပါကြောင်း၊  မိမိတို့ အစိုးရသစ် လက်ထက်တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းကို ဆက်လက်ဖွင့်လှစ်သင် ကြားပေး လျက်ရှိပြီး ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အမျိုးသမီး အိမ်တွင်းမှုအသက်မွေး လုပ်ငန်းပညာသင်ကျောင်းကို ၉-၅-၂၀၁၁ ရက်နေ့တွင် ထပ်မံ တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ပြီး လမ်း တံတားလုပ်ငန်းကဏ္ဍ၌လည်း ငွေကျပ် ၃၀၃.၇၅ သိန်း ကျခံသုံးစွဲ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  အလားတူ လမ်းတံတားလုပ်ငန်းတွင် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစအတွက် ငွေကျပ် ၂၄၀ သိန်း၊  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ငွေကျပ် ၃၆၃၀ သိန်း၊ ပညာရေးလုပ်ငန်း ကိုးခုအတွက် ငွေကျပ် ၅၆၆ သိန်း၊ ကျန်းမာရေး လုပ်ငန်း ၃ ခုအတွက် ငွေကျပ် ၂၂၅ သိန်း၊ သောက်သုံးရေရရှိရေးလုပ်ငန်းရှစ်ခု အတွက် ငွေကျပ် ၁၈၀၀ သိန်း၊ သာသနာရေးလုပ်ငန်းတစ်ခုအတွက် ငွေကျပ် ၃၀ သိန်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအတွက် ငွေကျပ် ၆၅၀ သိန်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစုစုပေါင်းကျပ် ၆၉၀၁ သိန်းခွင့်ပြုချထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် လမ်းတံတားလုပ်ငန်းကဏ္ဍ၌ ငွေကျပ် ၃၈၀ သိန်း၊ သောက်သုံးရေရရှိရေး လုပ်ငန်းကဏ္ဍ၌ ငွေကျပ် ၈၂၅ သိန်း၊ စွမ်းအင်လုပ်ငန်း ကဏ္ဍတွင် ရေအားလျှပ်စစ်လုပ်ငန်း၌ ငွေကျပ် ၉၀၀ သိန်း၊ ဆိုလာစနစ်ဖြင့် ငွေကျပ် ၅၆၀၇.၉ သိန်း စုစုပေါင်းငွေကျပ် ၇၇၁၂.၉ သိန်းအဆိုပြုလျာထားပြီး ခန္တီးမြို့နယ်အား အထူးဒေသအဖြစ်သတ်မှတ်လျက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်၍ဆောင်ရွက်လျက်ရှိပါကြောင်း ပြန် လည်ဖြေကြားပါသည်။