(ခ)-အလုံမြို့နယ်၊ကမ်းနားလမ်းနှင့်အလုံလမ်းထောင့် မှအားကစားကွင်းဟောင်းအား နိုင်ငံတော်ပိုင်အားက စားကွင်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၈.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

အလုံမြို့နယ်တွင် ယခင်က အလုံလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် အမှိုက်ပုံဟောင်းနေရာ၌ အားကစားကွင်းအဖြစ် မြို့နယ်အဆင့်၊ ခရိုင်အဆင့်ဘောလုံးပွဲများ ကျင်းပခဲ့သည်များ ရှိပါကြောင်း၊ ကျောင်းပေါင်းစုံဘောလုံးပွဲများ ပြိုင်ပွဲများအပြင် အခြားအားကစား ပြိုင်ပွဲများကိုပါ ကျင်းပပြုလုပ်နိုင်ခဲ့သည်‌့အပြင် ဒီဇင်ဘာအားကစားလ ပြည်သူ့လှုပ်ရှားမှုအတွက် အလုံမြို့နယ်အတွက် တစ်ခုတည်းသော အဓိကအားကစားကွင်းကြီးတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ ထို့အပြင် ပွဲလမ်းသဘင် ရာသီများတွင်လည်း ဈေးပွဲတော်ကျင်းပရာနှင့် အငြိမ့်သဘင်ပြဇာတ်ပွဲ ကျင်းပရာနေရာလည်း အသုံးပြု ခဲ့ပါကြောင်း၊ သို့သော် ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် အကျိုးပျက်စီးသည့် ရန်ကုန်တိုင်းဒေသကြီးရှိ သစ်ပင်၊ သစ်တော၊ အားလုံး လာရောက်ပုံထားသည့်အတွက် အားကစားကွင်းကို အသုံးချခွင့်ဆုံးရှုံးခဲ့ရပါကြောင်း၊ ယခု အလုံသိပ္ပံဈေး အသစ်တည်ဆောက်သည့်အခါ ယာယီဈေးအဖြစ် ယင်းနေရာကို အသုံးပြုသည့်အတွက် မိမိတို့က ၆နှစ်ကျော်ခန့် အသုံးပြုခွင့်မရတော့ပါကြောင်း၊ အားကစားကွင်တွင် ကျောက်တံတား၊ လသာ၊ ပန်းပဲတန်း၊ လမ်းမတော်မြို့နယ်က အားကစားသမားများ လာရောက်ကစားကြသည်ကိုလည်း တွေ့ရှိရသည့်အတွက် ယင်းလုပ်ငန်းနှင့် ကမ်းနားလမ်းထောင့်တွင် ယခင်ရှိခဲ့သည့် ပြည်သူ့အားကစားကွင်းနေရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဓာတ်ဆီဆိုင်များနေရာကို  ငှားစားသည်မျိုး ထပ်မံပြီး မဖြစ်စေလိုသည့်အတွက် အလုံမြို့နယ် ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် အားကစားကွင်းအဖြစ် မူလကအသုံးပြုခဲ့သော အားကစားကွင်းဟောင်းအား ပုဂ္ဂလိကပိုင် မဟုတ်သည့် နိုင်ငံတော်ပိုင် အားကစားကွင်းအဖြစ် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်
အဖြေ
ဖြေကြားချက် 

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်ရှိ သီရိမင်္ဂလာအားကစားကွင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ၁၉၉၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အားကစားကွင်းအဖြစ် တည်ဆောက်ခဲ့ပြီး ယနေ့အထိ တာဝန်ယူထိန်းသိမ်းထားသော အားကစားကွင်း ဖြစ်ပါကြောင်း၊ မေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး မေးမြန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြေကြားချက်ပေါ်မူတည်၍  ပြန်လည်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဈေးများဌာနက ဆင်မင်းဈေးဟောင်းအား အဆင့်မြင့်ပြန်လည်တည်ဆောက်ရန် ဖျက်သိမ်းပြီး အထက်ဖော်ပြပါ သီရိမင်္ဂလာအားကစားကွင်း မြေနေရာ၌ ယာယီဈေးအဖြစ် ဖွင့်လှစ်ထားရှိခဲ့ပါကြောင်း၊ ယာယီဖွင့်လှစ် ထားသော ဆင်မင်းဈေးအား အဆင့်မြင့်တည်ဆောက်လျက်ရှိသော မူလဈေးနေရာသို့ ပြန်လည်ပြောင်းရွှေ့သွားပြီးပါက ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သီရိမင်္ဂလာအားကစားကွင်းအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေများ ရရှိပါက အများပြည်သူများအတွက် မြက်ခင်းတုအဆင့်မြင့် ဖူဆယ်ဘောလုံးကွင်းများကို တည်ဆောက်ရန် လျာထားသတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ အားကစားဝန်ကြီးဌာနအနေဖြင့် အဆိုပါမြေနေရာ အားကစားကွင်းကို ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အားကစားဝန်ကြီးဌာနသို့ ပိုင်ဆိုင်မှု အမည်ပေါက် လွှဲပြောင်းပေးနိုင်မှသာလျှင် နိုင်ငံတော်ပိုင် အားကစားကွင်းအဖြစ် ပြုပြင်ထိန်းသိမ်းပေးခြင်း၊ အဆင်‌့မြင့်တင်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးခိုင်မောင်ရည် (အလုံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိအနေဖြင့် နိုင်ငံတော်ပိုင်အားကစားကွင်းအဖြစ် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးနိုင်ခြင်းဆိုသည်ကို မေးခဲ့ပါကြောင်း၊ နိုင်ငံတော်ပိုင် အားကစား ကွင်းဖြစ်မှသာ နိုင်ငံတော်အဆင့် အားကစား ကဏ္ဍ မြှင့်တင်ဆောင်ရွက်မှု လုပ်နိုင်မည်ဖြစ်သည်ဟု ယူဆပါကြောင်း၊ အလုံကွင်းသည် လုပ်နိုင်ချေရှိသည့် နေရာဖြစ်သည်ဟု သိရသည့်အတွက် နိုင်ငံပိုင်အားကစားကွင်းသာ ဖြစ်လိုပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုအဆင့် နိုင်ငံအားကစားကွင်းတစ်ကွင်းအဖြစ် အဆင့်မြင့်တင်ပေးနိုင်ရေးအတွက်အားကစားဝန်ကြီးဌာနမှလည်းကောင်း၊ ပြည်ထောင်စုအစိုးရမှလည်းကောင်း၊ အားကစားဝန်ကြီးဌာနမှ ဆက်လက်တင်ပြ၍ ညှိနှိုင်းကြိုးစားဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

လိုပါတယ်ခင်ဗျား။

အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်

ကိုယ်စားလှယ်တော်ကြီး၏ တင်ပြချက်ကို မိမိအနေဖြင့် ဆက်လက်တင်ပြပြီး အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။