(ဃ)-စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ်၊ဆွမ္မရာ မြို့နယ်ခွဲအတွက်ဌာနဆိုင်ရာဝန်ထမ်းများအားဖွဲ့စည်း ပုံ နှင့်အညီခန့်ထားပေးရန်နှင့် ရုံးအဆောက်အဦ များ ဆောက်လုပ်သွားရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၄.၂.၂၀၁၄)

ဦးရှီသီး (လေရှီး) စစ်ကိုင်းတိုင်းအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအေဒသများဖြစ်သော် လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များတွင် နယ်စပ်ဒေသလုံခြုံရေးနှင့် အုပ်ချုပ်မှုယန္တရားများ အတွက် ပန်စောင်၊ ဒုံဟီး၊ ထန်ပါခွေ၊မိုင်အွိုင်းစုနှင့် ဆွမ္မရာမြို့နယ်ခွဲများကို ဖွင့်လှစ်ပေးခဲ့ ရာ ဆွမ္မရာမြို့နယ်ခွဲမှအပ အခြားမြို့နယ်ခွဲများတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရုံး အဆောက်အဦများ ခန့်ထား ဆောက်လုပ်ပြီးဖြစ်ပါကြောင်း၊  ဆွမ္မရာမြို့နယ်ခွဲသည် ယခုလက်ရှိအခြေအနေအရ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေး အချို့သာရှိပြီးတော့ အခြားဝန်ထမ်းများ ပြည့်စုံအောင်ခန့်ထားခြင်းမရှိသေးသည့်အပြင် ရုံးအဆောက်အဦကို လည်း ပုဂ္ဂလိက လူနေအိမ်များတွင် ယာယီရုံးဖွင့်လှစ် နေထိုင်လျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန် သွယ်ရေးဂိတ်ကို တမူးမြို့နယ်အပြင် ဆွမ္မရာမြို့နယ်ခွဲနှင့် ပန်ဆောင်မြို့နယ်ခွဲတို့တွင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ရန်အတွက်  အတည်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ဆွမ္မရာနှင့် ပန်ဆောင်မြို့နယ်ခွဲတို့ကို အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်နှင့် နာဂလမ်းပြည်နယ်တို့ကိုဆက်သွယ်ပြီး နယ်စပ်ကုန် သွယ်ရေး ဂိတ်ဖွင့်ခြင်းဖြင်‌့ ဒေသခံပြည်သူလူထုများ အလုပ်အကိုင်စီးပွားဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည့်အတွက် နာဂ‌ဒေသလေရှီးမြို့နယ် ဆွမ္မရာမြို့နယ်ခွဲ ဖွဲ့စည်းပုံနှင့်အညီဌာနဆိုင်ရာ ဝန်ထမ်းများ ခန့်ထားပေးနိုင်ရေး၊ ရုံးအဆောက်အဦများ ဆောက်လုပ်ပေးနိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ အဆင်ပြေစွာ ဖွင်‌့လှစ်သွားနိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရေဒေသ လေရှီးမြို့နယ် ဆွမ္မရာ မြို့နယ်ခွဲအတွက် ဌာနဆိုင်ရာဝန်ထမ်းများ ခန့်ထားပေးခြင်းများနှင့် ရုံအဆောက်အဦများကို မြို့နယ်ဖွဲ့စည်းပုံနှင့် အညီ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ပြည်ထဲရေးဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း မိမိ ဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့ဦးစီးဌာနများအတွက် လိုအပ်သောဝန်ထမ်းများ ဖြည့် ဆည်းပေးခြင်း၊ ရုံးအဆောက်အဦများနှင့် လူနေအိမ်ခန်းများကို ဘဏ္ဍာရေးနှစ်အလိုက် တင်ပြတောင်းခံဖြည့် ဆည်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ သက်ဆိုင် ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရများကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦများ ဆောက်လုပ်ခြင်းအတွက်ကို ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်ခွဲ(၄)ခုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ ဖွင့်လှစ်ပြီး ဆွမ္မရာမြို့နယ်ခွဲကို ရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် ဝန်ထမ်းခြောက်ဦးဖြင့် ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရင်းနှီး မြှပ်နှံမှုအစီအစဉ်တွင် ဆွမ္မရာမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး၏ နေအိမ်အတွက် ကျပ်သန်း ၂၃.၂၅၀၊ ၄ ခန်းတွဲဝန်ထမ်းအိမ် ရာဆောက်လုပ်ရန်အတွက် ကျပ်သန်း ၇၉.၀၅၀ တို့ကို ခွဲဝေလျာထားပြီးဖြစ်ကြောင်း၊ ဆွမ္မရာမြို့ နယ်ခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်ရဲစခန်း တစ်ခုရှိပြီး ဖွဲ့စည်းပုံအရ အရာရှိ ၈ ဦး၊ အခြားအဆင့် ၃၇ ဦး၊ ပေါင်း ၄၅ ဦးဖြစ်သော်လည်း လက်ရှိတပ်ဖွဲ့ဝင်အင်အားသည် အရာရှိ ၁ ဦး၊ အခြားအဆင့် ၁၁ ဦး၊ စုစုပေါင်းရဲ တပ်ဖွဲ့ဝင် ၁၂ ဦးဖြင့်သာတာဝန်ထမ်းဆောင်လျက်ရှိပြီး ရဲစခန်းတွင် လက်ရှိလူနေအဆောက်အဦ ၁၅ ပေx ၉ ပေသွပ်မိုး/သွပ်ကာတစ်လုံး၊ ၇ ပေx၁၂ပေ သက်ငယ်မိုးမြေစိုက်တဲနှစ်လုံးနှင့် ၈ပေx၁၆ပေ မြေစိုက်တဲ တစ်လုံးအပါအဝင် စုစုပေါင်း အဆောက်အဦ ၁၅ လုံးဆောက်လုပ်ထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါရဲစခန်းအတွက် ဖွဲ့စည်းပုံအရ ထပ်မံ ဖြည့်တင်းရမည့် တပ်ဖွဲ့ဝင်များအတွက် လူနေအဆောက်အဦများနှင့်  ရဲစခန်းရုံးများကို ထပ်မံလိုအပ်ဖြစ်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် ထည့်သွင်းရေးဆွဲဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့နယ်ခွဲ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ဝန်ထမ်းဖွဲ့စည်းပုံအရ ၁၀ ဦးရှိရာသည့်အနက် လက်ရှိဝန်ထမ်း ၅ ဦးရှိပြီး သုံးပုံနှစ်ပုံအင်အားအရ လဝကမှူး (မြို့နယ်ခွဲမှူး)တစ်ဦးသာ လိုအပ်လျက်ရှိကြောင်း၊ ယခုအခါ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ပေးလျက်ရှိရာ သတ်မှတ်ကာလ ပြီးဆုံးချိန်တွင် လစ်လပ်နေရာ များကို ဖြည့်ဆည်းတာဝန်ချထားရန်ရှိပါကြောင်း၊ လိုအပ်သောရုံးအဆောက်အဦနှင့်ပတ်သက်၍ ဆွမ္မရာမြို့နယ်ခွဲ ထက်စော၍ ဖွင့်လှစ်ခဲ့ပြီး အဆောက်အဦဆောက်လုပ်နိုင်ခြင်းမရှိသေးသော ရုံးများအတွက် ဦးစားပေးဆောက်လုပ် လျက်ရှိပါ ကြောင်း၊ နှစ်စဉ် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုလျှင် (၂)ရုံးနှုန်းဖြင့်တင်ပြတောင်းခံခဲ့ရာ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှနှင့် ကောလင်းမြို့နယ်ရုံးတို့သည် လူဦးရေများပြားခြင်း၊ မှတ်တမ်းများစနစ်တကျထိန်းသိမ်းရန် လိုအပ်ခြင်းတို့ကြောင့် ဦးစားပေး တင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆွမ္မရာမြို့နယ်ခွဲရုံးကိုလည်း ဘဏ္ဍာရန်ပုံငွေ ခွဲဝေရရှိမှုပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။