(ဂ)-ဂျပန်နိုင်ငံမှ ရောက်ရှိလာမည့် လေအားလျှပ်စစ် တပ်ဆင်ရေးအဖွဲ့ အမှန်တကယ်လာရောက်ရန်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၇.၂.၂၀၁၄)

ဦးအောင်စိန် (မာန်အောင်)မိမိတို့ မာန်အောင်မြို့နယ်သည် ကျွန်းကဲ့သို့ဖြစ်နေ၍ လေတိုက်နှုန်း ပြင်းထန် ပါကြောင်း၊ ရခိုင်ပြည်နယ် တစ်ခုလုံး မဟာဓာတ်အားလိုင်းမှ ၂၄ နာရီမီးရရှိနိုင်ရန် မိမိတို့မြို့နယ်တစ်ခုသာ လျှပ်စစ်မီးမရနိုင်သော မြို့လေးဖြစ်ပါကြောင်း၊ ရမ်းဗြဲနှင့် မာန်အောင်ကျွန်းအကြားရှိ ရေလက်ကြားသည် ၅ မိုင်ကျော် ကွာဝေးပါကြောင်း ၊ ရေအောက်လိုင်းနှင့် ဆက်သွယ်ပြီး လျှပ်စစ်မီးရစေရန် လျှပ်စစ်ဝန်ကြီးဌာန မှ ပြန်ကြားထားပါကြောင်း၊ ယခုအခါ ဂျပန်နိုင်ငံမှ လျှပ်စစ်ပညာရှင်များ မြန်မာနိုင်ငံ သို့ ရောက်လာ၍ လေအားလျှပ်စစ်ရရန် ရခိုင်ပြည်နယ်ကို ဦးစားပေး၍ လေအား လျှပ်စစ်ရရှိနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်မှသတင်းရရှိ၍ ဝမ်းသာပီ တိဖြစ်ပြီး မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထိုလေအားလျှပ်စစ်ကို ဥရောပနိုင်ငံ များဖြစ်သော ဟန်ဂရီနိုင်ငံ၊ အိုစီးရီးယားနိုင်ငံ၊ ပိုလန်နိုင်ငံများမှ  အများဆုံးအသုံးပြုနေ ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ် မရနိုင်သောနေရာများကို လေအားလျှပ်စစ်အသုံးပြုပါက တစ်နိုင်ငံလုံး ၂၄ နာရီ မီးလင်း သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လေအားလျှပ်စစ်တပ်ဆင်ရေးအဖွဲ့ အမှန်တကယ် လာရောက်ရန် ရှိ/မရှိနှင့် ရောက်ရှိလာပါက မိမိတို့ရခိုင်ပြည်နယ်ကို ဦးစားပေး၍ လုပ်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်သန်းဦးချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ တွင် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် စီမံ ကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ရန်  China Three Gorges Corporation နှင့် နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ နားလည်မှုစာချွန်လွှာ (MOU) ပါ China Three Gorges Corporation က အကြိုစူးစမ်းတိုင်းတာမှုများကို လေအားလျှပ်စစ် ထုတ်ယူနိုင်သော နေရာများတွင်  လေ့လာဆောင်ရွက်နေပါ ကြောင်း၊ ရခိုင်ပြည်နယ် တွင်လည်း China Three Gorges Corporation က လေအားလျှပ်စစ် ထုတ်ယူနိုင်သော စီမံကိန်းနေရာ ၁၀ ခုကို တိုင်းတာလေ့လာမှုများပြုလုပ်လျက်ရှိပြီး တိုင်းတာရရှိသော လေတိုက်နှုန်းနှင့် ပတ်ဝန်းကျင်မြေနေရာအနေအထား ၎င်းတို့၏စီမံကိန်းများကို လက်တွေ့အကောင် အထည်ဖော်နိုင်မည့် ပုံစံဒီဇိုင်း၊ တစ်နှစ်အတွင်း ရရှိနိုင်သော လေစွမ်းအင်ပမာဏ၊ စီးပွားရေးတွက်ချေကိုက်မှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာချက်များကို တွက်ချက်ပြီး အစီရင်ခံစာတင်ပြမည်ကို ညှိနှိုင်းရရှိထားပါကြောင်း၊ ၎င်းတို့တင်ပြမည့် အစီရင်ခံစာအရ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိသော နေရာများတွင် လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။