(ခ)-မင်္ဂလာဒုံမြို့နယ်၊ဘာလားချောင်းတွင်သောင် များဖြစ်နေသောနေရာများအား ပြန်လည်တူးဖော် ရန်နှင့်ကျူးကျော်၍ငါးကန်များတူးထားခြင်းအားဖယ် ရှားပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၀.၇.၂၀၁၄)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့မြို့မှ ရန်ကုန်-မန္တလေးလမ်းမကြီး မိုင်တိုင် ၂ မိုင် (၂/ဝ) မိုင်တွင် ဘာလားချောင်းတစ်ခုတည်ရှိပါကြောင်း၊ ယခင်က ဘာလားချောင်သည် ပေ ၂၀၀ မှ ၃၀၀ အထိ ကျယ်ပြန့်ပြီး ယခုအချိန်တွင် ဘာလားချောင်းမှာ ကောလာခြင်း၊ ချောင်းဝပေါ်တွင် ငါးကန်များကျူးကျော်ခြင်းကြောင့် ဘာလားချောင်းတစ်လျှောက် အချို့နေရာများသည် ပေ ၅၀၊ ၆၀ ခန့်သာ ရှိပါကြောင်း၊ ထို့ကြောင့် ရန်ကုန်-မန္တလေး လမ်းမကြီး တစ်လျှောက်ရှိ အချို့ရွာများတွင် နှစ်စဉ် ရေကြီးလျက်ရှိပါကြောင်း၊ ထို့အပြင် ငမိုးရိပ်ဆည်ကနေပြီး လွယ်ခွေကျေးရွာအနီး တံခွန်တိုင် ရေစစ်ကန်ကိုလည်း သဘာဝရေစစ်နည်းဖြင့် Natural Filter အဖြစ် အသုံးပြုသော ချောင်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘာလားချောင်းတစ်လျှောက် သောင် များဖြစ်သော နေရာများအား တူးပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလတွင် တူးပေးမည်နှင့် ကျူးကျော်၍ ငါးကန်များ တူးထားခြင်းရှိသည့်အတွက် ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလတွင် ဖယ်ရှားပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။