တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team အဖွဲ့သည် ၁-၁၁-၂၀၁၂ ရက်နေ့မှ ၃၀-၇-၂၀၁၃ ရက်နေ့အထိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မှ တင်သွင်းလာသည့် တန်ဖိုးငွေကျပ် ၆.၃၂ ဘီလီယံကျော် တန်ဖိုးရှိသော အကောက် ခွန်မဲ့စ္စည်းများနှင့် ၂၀၁၃ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုး ရှိသော အကောက်ခွန်မဲ့ တင်သွင်းလာသည့်ကုန်ပစ္စည်းများကို ဖမ်းဆီးထုတ်ဖော်နိုင်ခဲ့ သည်ကို လေ့လာသိရှိရပါကြောင်း၊ ၂၀ % ရှိသော နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ၆ ဘီလီယံ ကျော် ဖမ်းဆီးဖော်ထုတ်အရေးယူခြင်းကို ဆောင် ရွက်နိုင်ခဲ့လျှင် ကုန်သွယ်မှု ၈၀ % ရှိသော ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပေါ် ထိရောက်မှုရှိပါက နိုင်ငံ့အတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ထမ်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖမ်းဆီးရမိသော တရားမဝင်ကုန်ပစ္စည်းများကို မည်သို့စီမံခန့်ခွဲမှုရှိသည်၊ မည်သို့အရေးယူဆောင်ရွက်ထားသည်၊ ပင်လယ်ရေကြောင်းကုန်သွယ်မှု စွမ်းဆောင်မှုအပေါ်တွင် တန်ဖိုးအားဖြင့်မည်မျှရှိသည်၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် ပင်လယ်ပြင်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ပို့ဆောင်မှုတွင် ထိရောက်မှုရှိပါသလားနှင့် ပင်လယ်ပြင်တွင် ဖမ်းဆီးကာကွယ်နိုင်ရန် အတွက် Mobile Team အဖွဲ့အနေဖြင့် စခန်းမည်မျှဖွင့်လှစ်ဆောင်ရွက်နေသည်၊ ဆောင်ရွက်နေမှုအမှန်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးသန်းမြင့် (ဝမ်းတွင်း) ကိုယ်စား ဦးသန်းစိုး(သာစည်)မှ မေးမြန်းပါသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် တရားမဝင်ကုန်စည်များ ဝင်ရောက်နေမှုနှင့် ပြည်ပသို့ခိုးထုတ် ရောင်းစားနေမှုများကို ပြည်ထောင်စုအဆင့်ကော် မတီတစ်ရပ် ဖွဲ့စည်း၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးရန် အရေးကြီးအဆိုတင်သွင်းခဲ့သဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော် သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ခဲ့မှုအပေါ် နိုင်ငံတော်သမ္မတရုံးမှ ၁၂-၁၂-၂၀၁၂ ရက်နေ့ တွင် အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၁၂) ဖြင့် ကုန်သွယ်မှုပြုသည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်မှုစခန်းများနှင့် နေရာဒေသ အသီးသီး၌ တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများကို စစ်ဆေးဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း။
ဗဟိုကော်မတီသည် အဓိကတာဝန်ဖြစ်သော စားသုံးသူ/သုံးစွဲသူကို ထိခိုက်စေသော ကိစ္စရပ်များကို ကာကွယ်ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အရပ်ရပ်ကောက်ခံရရှိမှုနှင့် အခြားကိစ္စရပ်များ နစ်နာမှု မရှိစေရေး၊ တရားသောယှဉ်ပြိုင် ရောင်းချမှုဖြစ်စေရေးတို့အတွက် စီမံချက်အဆင့် (၃) ဆင့်ရေးဆွဲပြီး တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အဆင့်(၁) အပိုင်း (၁)၌ နယ်စပ်ကုန်သွယ်ရေး စခန်းအနီးတစ်ဝိုက်တွင် စခန်းမှ ထုတ်နုတ်အင်အားဖြင့် ဖွဲ့စည်းထားသော Mobile Team အဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်(၁) အပိုင်း(၂) တွင် ကုန်သွယ်မှုပြုရာလမ်းကြောင်းများတစ်လျှောက် Mobile Team အဖွဲ့များကို ဗဟိုကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ တာဝန်ယူ၍ Mobile Team များဖြင့် ဖွဲ့စည်းဆောင် ရွက်လျက်ရှိပါကြောင်း။
အဆင့်(၂)အပိုင်း(၁)တွင် ပြည်တွင်းကမ်းရိုးတန်းသွားဆိပ်ကမ်း (၇) ခုနှင့် တော်ကလု(ပင်လယ်ဝ) မှ ရန်ကုန်မြစ်တစ်လျှောက် ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ်တို့ဆုံရာမြစ်ကြောင်းများ တစ်လျှောက်တွင် စောင့်ကြည့် စစ်ဆေးရေး အဖွဲ့များ၊လှုပ်ရှားမှုအဖွဲ့များနှင့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို ဗဟိုကော် မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်(၂)အပိုင်း(၂) တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်းကြောင်း ဝင်/ထွက်ပေါက်များကို Mobile Team အဖွဲ့များဖြင့် ဆောင် ရွက်ရန်စီစဉ်ထားရှိပါကြောင်း၊ အဆင့်(၂) အပိုင်း(၃)တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများကို Mobile Team အဖွဲ့များနှင့် တရားမဝင်ကုန်သွယ်မှုများကို တားဆီးထိန်းချုပ်သွားရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းလျက်ရှိ ပါကြောင်း။
အဆင့်(၃)အပိုင်း(၁) ၌ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် Mobile Team အဖွဲ့များနှင့် စစ်ဆေးဆောင်ရွက် ရန်စီစဉ်ထားရှိပြီး အဆင့်(၃)အပိုင်း(၂)တွင် ကုန်ပစ္စည်းများ သိုလှောင်နေရာများတွင် တရားမဝင်ကုန်ပစ္စည်းများကို သိုလှောင်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်းတို့ကို တွေ့ရှိပါက Mobile Team အဖွဲ့များဖြင့် စစ်ဆေးတားဆီး ထိန်းချုပ်အရေးယူနိုင်ရေးကို ဆောင်ရွက် လျက်ရှိပြီးသတင်းပေးတိုင်ကြားပါက အချိန်တိုအတွင်း တရားမဝင် ကုန်ပစ္စည်းများ သိုလှောင်နေရာကို Mobile Team အဖွဲ့များနှင့် သွားရောက်စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်(၃) အပိုင်း(၃)တွင် လက်လီရောင်းချနေသော Shopping Mall နှင့် အရောင်းစင်တာများတွင် အခွန်အရပ်ရပ်တိမ်းရှောင်မှုမရှိစေရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးအတွက် တရားမဝင်ကုန်စည်များကို ဥပဒေနှင့်အညီ Mobile Team အဖွဲ့များက စစ်ဆေးအရေးယူ ဆောင်ရွက် သွားနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ကုန်သွယ်မှုပမာဏ၏ ၂၀ % ဖြစ်သော နယ်စပ်ကုန်သွယ်မှု သည် တရားမဝင်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခဲ့ရာတွင်၁-၁၁-၂၀၁၂ ရက်နေ့မှ ၃၁-၁-၂၀၁၄ ရက်နေ့အထိ ခန့်မှန်းတန်ဖိုး ကျပ် ၁၀.၅၈၈ ဘီလီယံသိမ်းဆည်းရရှိပါကြောင်း၊ ဖမ်းဆီးရမိသော တရားမဝင်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ စီမံခန့်ခွဲရာတွင် နိုင်ငံအတွင်းသို့ ပြည်ပမှ ကုန်ကြောင်း၊ ရေကြောင်း ၊ လေကြောင်း တစ်နည်းနည်းဖြင့် တင်သွင်းခြင်း၊ ပြည်ပတင်ပို့ခြင်းများတွင် အထောက်အထာ တစ်စုံတစ်ရာမပါဘဲ တရားမဝင် တင်ပို့/တင်သွင်းပါ က တည်ဆဲဥပဒေအရ ပို့ကုန်/သွင်းကုန်ဥပဒေ ၂၀၁၂၊ ပင်လယ်ကြောင်း အကောက် ခွန်ဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း။
အကောက်အခွန်မဲ့ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးလက်နက်ခဲယမ်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေး အပ်ခြင်း၊ သတ္တုတွင်းထွက်ပစ္စည်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းတရားစွဲဆိုခြင်း၊ သစ်တောထွက် ပစ္စည်းများကို သစ်တောဦးစီး ဌာနသို့ လွှဲပြောင်းပေးခြင်းများ ပြုလုပ်ပါကြောင်း၊ ကျန်ရှိသော အကောက်အခွန်မဲ့၊ အထောက်အထားခွင့်ပြုချက်မဲ့၊ တင်ပို့/တင်သွင်းသောပစ္စည်းများ ဖမ်းဆီးရမိသောအခါတွင် အကောက်အခွန် အမှုတွဲဖွင့်လှစ်ပြီး နီးစပ်ရာတိုင်းဒေသကြီး/ ပြည်နယ်အကောက်အခွန်ရုံးများသို့ ပေးပို့အပ်နှံရပါကြောင်း၊ အကောက် အခွန်ဦးစီးဌာနက အကောက်အခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းထားသော ပစ္စည်းများကို ဖမ်းဆီးအမှုတွဲ ဖွင့်လှစ်နေ့မှ စ၍ သတ်မှတ်ရက်အတွင်းပစ္စည်းပိုင်ရှင်က သက်ဆိုင်ရာအကောက်အခွန်ရုံးသို့ ဖြေရှင်းတင်ပြရပါကြောင်း၊ သတ် မှတ်ရက် အတွင်းဖြေရှင်းဆောင်ရွက်ခြင်းမရှိပါက ပြည်သူ့ဘဏ္ဍာ အဖြစ်သိမ်းဆည်းပြီး လေလံတင်ရောင်းချ လျက်ရှိပါကြောင်း၊ လေလံတင်ရောင်းချရငွေများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေတို့ကို ပေးသွင်းရပါကြောင်း။
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် ကုန်သွယ်စက်မှု အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ နယ်စပ်ကုန်သွယ်ရေးအသင်းများ၊ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်ရှိ ကုန်သွယ် အသင်း၊ ကားဂိတ်၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေး အသင်းများကို တစ်လကြိုတင်ပြီး လိုက်လံအသိ ပေးရှင်းလင်း တင်ပြခဲ့ပါကြောင်း၊ထို့အပြင် လုပ်ငန်းစတင်ချိန်တွင် ပညာပေးကာလသတ် မှတ်ပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊၁-၁၁-၂၀၁၂ ရက်နေ့မှ ၁၅-၉-၂၀၁၃ ရက်နေ့အထိ ပင်လယ်ရေကြောင်း အကောက်အခွန်ဥပဒေအရ ပစ္စည်းကိုသာသိမ်းပြီး ယာဉ်နှင့်ကုန်သွယ်လုပ်ငန်းရှင်များကို အရေးမယူခဲ့သောကြောင့် ယာဉ်တစ်စီးဖမ်းမိလျှင် နောက်ဆက်တွဲ နှစ်စီး/သုံးစီးတရားမဝင် ကုန်သွယ်မှု ပြုလုပ်လာသည် ကို တွေ့ရှိရပါကြောင်း။
၁၆-၉-၂၀၁၃ ရက်နေ့ နံနက် ၆ နာရီမှစတင်ပြီး ပို့ကုန်/ သွင်းကုန်ဥပဒေဖြင့် အရေးယူမည်ဟု ကြိုတင်အသိ ပေးကြေညာခဲ့ပါကြောင်း၊ထို့ကြောင့် ဖမ်းဆီးရမိသော ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ပို့ကုန်/သွင်းကုန်ဥပဒေ၂၀၁၂ အပြင် ပင်လယ်ကြောင်း အကောက်အခွန်ဥပဒေများနှင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်သွယ်မှု ၈၀ % ပင်လယ်ရေကြောင်း ကုန်သွယ်မှု စွမ်းဆောင်နိုင်မှုအပေါ် တန်ဖိုးအားဖြင့် မည်မျှရှိ သည်နှင့် ပတ်သက်၍မိမိတို့ ဗဟိုကော်မတီမှ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် Mobile Team နှင့် စစ်ဆေးရန် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းလျက်ရှိပြီး လတ်တလော ဝင်ရောက်စစ်ဆေးမှု မရှိသေးပါကြောင်း။
ပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက် ပင်လယ်ပြင်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်း၍ လုပ်ဆောင်မှုတွင် ထိရောက်မှုရှိပါသလားနှင့်ပတ်သက်၍ ပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက် ပင်လယ်ပြင်အတွင်း ဆောင်ရွက်နိုင်မှုမရှိသေးသော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့စုံပါဝင်သော Mobile Team အဖွဲ့များသည် ရန်ကုန်မြစ်၊ ပင်လယ်ဝနှင့် ကမ်းရိုးတန်းသွား ပြည်တွင်းသင်္ဘော/ စက်လှေများဆိုက် ကပ်ရာ ပြည်တွင်းကမ်းရိုးတန်းဆိပ်ကမ်းများတွင် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်းသွား ကမ်းရိုးတန်း သွားဆိပ်ကမ်းများတွင် ပညာပေးကာလအတွင်း သိမ်းဆည်းပစ္စည်းတန်ဖိုး၊ ဒဏ်ကြေးတန်ဖိုး၊ သွင်းကုန်ကြေညာလွှာတန်ဖိုး စုစုပေါင်းကျပ် သန်း ၃၃၁.၀၃၅ သန်း ဆောင်ရွက်ခဲ့ပါကြောင်း။
အရေးယူကာလအတွင်း ၁-၉-၂၀၁၃ ရက်နေ့မှ ၃၁-၁-၂၀၁၄ ရက်နေ့အထိ သိမ်းဆည်းပြီးသည့်အမှုတွဲ ၆ မှု၊ ဒဏ်ကြေးငွေပေးဆောင်စေ၍ ပြန်လည်ထုတ်ပေးခဲ့သည့် အမှုတွဲ ၉ မှု စုစုပေါင်းအမှုတွဲ ၁၅ မှု၏ တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၆၅.၁၂၅ သန်း ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့နှင့် ပင်လယ်ပြင်စိုးမိုးရေးကို ဆောင်ရွက်နိုင်မှုမရှိသေးသော်လည်း ကမ်းရိုးတန်းသွားသင်္ဘောများဝင်ထွက် သွားလာမှုနှင့် ပြည်တွင်းကမ်းရိုးတန်းသွား သင်္ဘော/စက်လှေများ ဆိုက်ကပ်ရာဆိပ်ကမ်းများကို စောင့်ကြည့် စစ်ဆေးခြင်း၊ လှုပ်ရှားစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ကမ်းရိုးတန်းနယ်စပ်ကုန်သွယ်ရေးစခန်း၊ ကော့သောင်း စခန်းတွင် ယခင်နှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၅၇.၉၄၉ သန်းမှ ယခုနှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၁၁၉ သန်းအထိတိုးတက်လာပါကြောင်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုသည်လည်း အမေရိကန်ဒေါ်လာ ၄.၄၄၃ ဘီလီယံခန့်တိုးတက်ခဲ့ပြီး နယ်စပ်ကုန်သွယ်မှု သည် အမေရိကန်ဒေါ်လာ ၁.၁၃၁ ဘီလီယံခန့် တိုးတက်လာကာ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅.၅၇၄ ဘီလီယံခန့် တိုးတက်လာသည်ကို တွေ့ရှိရသဖြင့် ထိရောက်မှုရှိပါကြောင်း။
ပင်လယ်ပြင်တွင် ဖမ်းဆီးကာကွယ်နိုင်ရန် Mobile Team အဖွဲ့များ ဖွင့်လှစ်ဆောင်ရွက်ရာတွင် အမှန်တကယ် ထိရောက်မှု ကာကွယ်နိုင်မှု ရှိ/မရှိနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ဖြေကြားချက် အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့အနေဖြင့် ပင်လယ်ပြင်တွင် ဖမ်းဆီးကာကွယ်ရန်အတွက် စခန်းဖွင့်လှစ်ပြီး ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း တရားမဝင်တင်ပို့ရောင်းချနေသော ရေထွက် ပစ္စည်းများနှင့် အခြားပို့ကုန်များကိုစိစစ်၍ ငါးဖမ်းစက်လှေများ၊ အအေးခန်းနှင့် စက်ရုံ/အလုပ်ရုံများ၊ အခြားယာဉ်မျိုးစုံအသုံးပြုသော စက်သုံးဆီအပါအဝင် စက်သုံးဆီ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အခြားသွင်းကုန်များကို စိစစ်တားဆီးထိန်းချုပ်ရေးနှင့် ကမ်းရိုးတန်းသင်္ဘောဆိပ်ကမ်းများကို Mobile Team အဖွဲ့များဖြင့် တရားမဝင်ကုန်သွယ်မှုကို တားဆီးထိန်းချုပ်ရာတွင် ပြည်ထဲရေးဝန်ကြီး ဌာန၊ ရေကြောင်းရဲ တပ်ဖွဲ့အပါအဝင် အဖွဲ့စုံဖြင့် ဆက်လက်တားဆီးထိန်းချုပ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်း ခွင့်ပြုပြီးဖြစ်သော ရေကြောင်းရဲတပ်ဖွဲ့ ၃ ခုနှင့် ရေကြောင်းရဲတပ်ဖွဲ့စု ၈ စုတို့၌ ရေယာဉ်နှင့် တပ်ဖွဲ့ဝင်အင်အားများ တပ်ဆင်ခန့်အပ်ပြီးပါက Mobile Team များအတွက် ကာကွယ်မှုပေးနိုင်မည့်အပြင် ပင်လယ်ပြင်၌လည်း ဖမ်းဆီးကာကွယ်မှုများ ပြုလုပ်သွား မည်ဖြစ်ပါကြောင်း။
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီသည် Mobile Team အဖွဲ့များနှင့် စီမံချက်ရေးဆွဲပြီး အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အများပြည်သူနှင့် ကုန်သည်လုပ်ငန်းရှင်များသိရှိပြီး အဓိကကုန်သွယ်ရာမြို့ကြီး များဖြစ်သော ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မူဆယ်၊ ဘားအံ၊ မော်လမြိုင်၊ မြဝတီမြို့ များတွင် ကျယ်ကျယ်ပြန့်ပြန့်အသိ ပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခဲ့ခြင်း၊ သတင်းမီဒီယာများမှ တစ်ဆင့် ကြိုတင်အသိပေးကြေညာခြင်း၊ ထိခိုက်နစ်နာမှုများမရှိ စေရန် ပညာပေးကာလများသတ်မှတ်ပြီး စနစ်တ ကျဆောင်ရွက်ခဲ့ခြင်း၊ ဗဟိုကော်မတီ၏လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဗဟိုကော်မတီအထောက် အကူပြုရုံးလုပ်ငန်းအဖွဲ့နှင့်အတူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ရုံးခွဲများဖွင့်လှစ်ခြင်း၊ Mobile Team အဖွဲ့များကို လိုအပ်သလို ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှု ပမာဏ သိသိသာသာ တိုးတက်လာခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို တားဆီးထိန်းချုပ်ရန် ဆောင်ရွက်ရာတွင် ကုန်သည်လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပါက ယခုထက်ပိုမိုထိရောက်အောင်မြင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
