ရထားပို့ဆောင်ရေးလုပ်ငန်းသည် ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍ တွင် နိုင်ငံနှင့်နိုင်ငံသားများက အားကိုးရသောလုပ်ငန်း တစ်ခုဖြစ်သောကြောင့် ယခုအချိန်တွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ကမ္ဘာ့အဆင့်တက်လှမ်းနိုင်ရေး အတွက် အဆင့်ဆင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ မူဝါဒများချမှတ်ဆောင်ရွက် နေကြောင်း ကိုလည်း အစီရင်ခံစာအရသိရှိရပါကြောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ရထားလမ်းကျော်မှု အကြိမ် ၂၀ ကျော်ဖြစ်ရကြောင်း စာစောင်တစ်ခုတွင် တွေ့ရှိရသဖြင့် ၎င်းသတင်းနှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက် နေသည်ကိုသရှိလိုပါ သဖြင့်မေးမြန်း ရခြင်းဖြစ်ပါကြောင်း။
၂၀၁၃ ခုနှစ် သြဂုတ်လတွင် ရထားလမ်းချော်မှု အကြိမ်မည်မျှဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ရထားလမ်းချော်မှုနှင့် တိမ်းမှောက်မှု မည်မျှရှိခဲ့၍ ထိခိုက်မှုနှင့် ပစ္စည်းတန်ဖိုးဆုံးရှုံးမှု မည်မျှဖြစ်ခဲ့သည်နှင့် ယင်းသို့ လမ်းချော်တိမ်းမှောက် မှု ဖြစ်ရခြင်းအကြောင်းအရင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ ထို့အတူ အန္တရာယ် မဖြစ်စေရန် မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
၂၀၁၃ ခုနှစ် သြဂုတ်လတွင် ရထားမတော်တဆမှု ၅၅ မှု ဖြစ်ပွားခဲ့သည့်အနက် ရထားလမ်းချော်မှု ၄၇ မှု ဖြစ်ပွားခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း ရထားမတော်တဆမှု ၅၇၁ မှု ဖြစ်ပွားခဲ့သည့်အနက် ရထားလမ်းချော်မှု ၅၁၁ မှုပါဝင်ခဲ့ရာ ရထားလမ်းချော်မှုကြောင့် ခရီးသည်/ဝန်ထမ်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါကြောင်း၊ ရထားလမ်းချော်မှုကြောင့် ဌာနပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး ငွေစုစုပေါင်း ကျပ် ၄၂၉၀၀၀ ရှိခဲ့ပါကြောင်း၊ လမ်းချော်ရခြင်းအကြောင်းအရင်း (၂) မျိုးရှိပါကြောင်း -
ပစ္စည်းချို့ယွင်းမှုကြောင့် လမ်းချော်ခြင်းနှင့် သံလမ်းကိုက် ကျဉ်း/ကျယ်ခြင်း၊ ကန့် လန့်ဖြတ် ရေချိန်နှင့်ေဒေါင့်ဖြတ်ရေချိန် မညီခြင်း၊ သစ်သားဇလီဖားတုံး များ ဆွေးမြေ့ခြင်း၊ ရုတ်တရက် မြေသားနိမ့်ကျွံခြင်း၊ အပူချိန်နည်း/များ ပြောင်းလဲ မှုကြောင့် လမ်းတွန့်ခြင်း၊ ရထားလမ်းအောက်ခံကျောက်နည်းပါးခြင်း၊ ရထားဘီးနှုတ်ခမ်းပါးခြင်း၊ ဝန်ရိုးကွိုင်ကျိုးခြင်း၊ တွဲချိတ်ဆက်ကိရိယာ ကျိုးခြင်း၊ ဒဏ်ခံတုံးပါးခြင်း၊ သက်တမ်းလွန် စက်ခေါင်းနှင့်တွဲများ သုံးစွဲနေရခြင်းတို့ကြောင့် လမ်းချော်လေ့ရှိပါကြောင်း၊ လူ၏ အားနည်းမှု ကြောင့် ရထားလမ်းချော်ခြင်းနှင့် ပတ်သက်၍ လမ်းလွှဲအံမကျခြင်း၊ လမ်းခွဲတွင်လမ်းမှား၍ ရထားသွင်းခြင်း၊ မိုင်နှုန်းပြကိရိယာ မကောင်းခြင်းကြောင့် မိုင်နှုန်းကန့်သတ်ချက်ထက် ကျော်လွန်မောင်းနှင်ခြင်း၊ ဂျမ်းတုံးအား မဖြုတ်ဘဲတွဲရွေ့လုပ်ငန်းပြုလုပ်ခြင်း တို့ဖြစ်ပါကြောင်း။ မတော်တဆမှုလျော့နည်း ပပျောက်ရေး အတွက် မြန်မာ့မီးရထားမှ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း -
စက်ခေါင်းတွဲများနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များမှာ စက်ခေါင်းနှင့် တွဲဆိုင်းများကို Preventive Maintenance အနေဖြင့် အချိန်ကျစစ်ဆေးပြုပြင်ခြင်း၊ လမ်းခရီးတစ်လျှောက် ဖြတ်သန်းရထားများအား စစ်ဆေးခြင်း၊ ကျွမ်းကျင်မှုဆိုင် ရာ သင်တန်းများကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ရထား စက်မှုသင်တန်းကျောင်းနှင့် စက်ရုံ၊ အလုပ်ရုံများ၌ ဖွင့်လှစ်သင်ကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြစ်ပွားခဲ့သော မတော်တဆမှုများကို လစဉ်ပြန်လည် သုံးသပ်ပြီး ပစ္စည်းချို့ယွင်းမှု၊ စနစ်ချို့ယွင်းမှု၊ ဆောင်ရွက်သူအပိုင်းချို့ယွင်းမှု စသည်တို့ကို စိစစ်ပြီးစီမံချက်ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
စက်ခေါင်းမောင်းနှင်သူများနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များမှာ စက်ခေါင်းမောင်းနှင်သူများအား ကြီးကြပ်စစ်ဆေး သူများက လိုက်ပါစစ်ဆေးခြင်း၊ မတော်တဆမှု ကာကွယ်တားဆီးရေးအတွက် စီမံချက်များရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများကို ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်း၊ ရထားစက်မှုသင်တန်းကျောင်းနှင့် စက်ရုံ/အလုပ်ရုံများ၌ ဖွင့်လှစ်သင်ကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းခရီးရပ်နားသော ဘူတာများမှာ မောင်းနှင်မှု၊ စက်ခေါင်းတွဲ အခြေအနေတို့ ကို စက်ခေါင်းဆိုင်ရာ၊ တွဲပိုင်းဆိုင်ရာနှင့် မောင်းနှင်သူဆိုင်ရာကြီးကြပ်သူများက ရှောင်တခင် စစ်ဆေးဆောင် ရွက်လျက်ရှိပါကြောင်း၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ မောင်းနှင်မှုဆိုင်ရာ သင်တန်းများ၊ ဉာဏ်သစ်လောင်းသင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်း၊ မတော်တဆမှုများတွင် အရေးယူရန်လိုအပ်သော တာဝန်ရှိသူများအား ထိထိရောက်ရောက် အရေး ယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ မတော်တဆမှုဖြစ်ပွားသော နယ်မြေရှိ တိုင်းအရာရှိများအား ရုံးချုပ် သို့ခေါ်ယူဆွေးနွေး ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း။
လမ်း၊ တံတားများနှင့် ပတ်သက်၍ ပြုပြင်ဆောင်ရွက်မှုများမှာ ရထားလမ်းများတွင် ကွန်ကရစ်ဇလီဖားများ လဲလှယ်ခြင်း၊ ထပ်မံဖြည့်တင်းခြင်း၊ ကျောက်များ ဝယ်ယူဖြည့်တင်းခြင်း၊ ပြင်ပပုတ်ပြတ်လုပ်သားများ ငှားရမ်း၍ လမ်းပိုင်းကို ပြုပြင် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ခြုံခုတ်၊ မြက်ရှင်းခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် သံလမ်းဂဟေဆက် စက်ကြီးဖြစ်သော Flash Butt Welding Machine နှင့် လေးချောင်းဆက် သံလမ်းများပြုလုပ်ခြင်း၊ Automatic Leveling Lining and Tamping Machine များနှင့် လမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တံတားကြီးများနှင့် ရထားလမ်းများ တောင့်တင်းကြံ့ခိုင်လာစေရန်အတွက် Japan International Cooperation Agency (JICA)၏ အကူအညီဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ဦးဆောင်၍ မတော်တဆမှု ကာကွယ်တားဆီးရေးအဖွဲ့များ ဖွဲ့စည်းပြီး တိုင်းဒေသကြီးအသီးသီးသို့ သွားရောက်စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်း၊ လိုအပ်သည်များ ပံ့ပိုးခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရထားလမ်းချော်မှုများ၊ မတော်တဆမှုများနှင့် ပတ်သက်၍ ဖြစ်စဉ်များအပေါ် ဌာနအလိုက် တာဝန်ရှိမှု၊ အပြစ်ပေးအရေးယူမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရထား လမ်းချော်ခြင်းများအတွက် ၂၀၁၃ ခုနှစ်အတွင်း ဝန်ထမ်း ၅၇၆ ဦးအား အရေးယူခဲ့ပြီး ဖြစ်ပါကြောင်း။
ယခုအချိန်တွင် ဘဏ္ဍာငွေအခြေအနေ၊ ကျွမ်းကျင်လုပ်သားရှားပါးမှု၊ စက်ကိရိယာနှင့် စက်ခေါင်း/တွဲများ ဟောင်းနွမ်း ချို့ယွင်းမှုတို့ကြောင့် လမ်းပိုင်းအားလုံးကို လုံးဝလမ်းမချော်စေရန် ပြုလုပ်နိုင်စွမ်း မရှိသော်လည်း လမ်းပိုင်းအလိုက် ဦးစားပေးနေရာများ သတ်မှတ်လျက် အဆင့်အလိုက် ဆောင်ရွက်လျက်ရှိရာ သတ်မှတ် နယ်မြေအတွင်း မြို့ပြနှင့်စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ချိန် ၁-၁၁-၂၀၁၃ မှ ၂၈-၂-၂၀၁၄ အထိ အချိန်ပေးထားပြီး ပြင်ဆင် ချိန်ကာလ ပြည့်မြောက်ပြီးနောက်ပိုင်း မတော်တဆမှုများ ပိုမိုဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ အရေးယူဆောင် ရွက်သွား မည် ဖြစ်ပါကြောင်း။
ပထမအဆင့်အဖြစ် ဦးစားပေးသတ်မှတ်ခဲ့သော ရထားမကျရ ဇုန်/နယ်မြေများမှာ နေပြည်တော်ကောင်စီ နယ်မြေ (ရန်ကုန်-မန္တလေးလမ်းပိုင်း)၊ သာဝတ္တိ-တပ်ကုန်းဘူတာအထိ (ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်း) ပျဉ်းမနား-သစ်ပုတ်ပင် ဘူတာအထိ၊ ရန်ကုန်-လှော်ကားဘူတာအထိ၊ (ရန်ကုန်-ပြည်လမ်းပိုင်း)၊ ရန်ကုန်-ရွာသာကြီးဘူတာအထိ (ရန်ကုန်မြို့ပတ်လမ်းပိုင်း)၊ မြို့ပတ်လမ်းပိုင်း တစ်ခုလုံး (ဆင်ခြေဖုံးမပါ)အား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး နယ်မြေအတွင်း ရန်ကုန်-မန္တလေးလမ်းပိုင်း၊ မြစ်ငယ်-မန္တလေးဘူတာအထိ (မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း) မန္တလေး-ဆည်တော်ဘူတာအထိ (မန္တလေး-မြစ်ကြီးနား လမ်းပိုင်း) မန္တလေး-ရွှေကြက်ယက်ဘူတာအထိ၊ ဘူတာယာဒ်ဝင်းများ၊ တိုင်းအားလုံးရှိ ဘူတာယာဒ်ဝင်း မကျရနယ်မြေများ ဖြစ်ပါကြောင်း။
အထက်ပါအတိုင်း ဆောင်ရွက်ထားရှိမှုကြောင့် နှစ်အလိုက် နှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း ရထားလမ်းချော်မှု ၅၈ ကြိမ် ဖြစ်ပွားခဲ့သော်လည်း ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ရထားလမ်းချော်မှု ၄၇ ကြိမ် ဖြစ်ပွားခဲ့ရာ ၁၁ ကြိမ်လျော့နည်းခဲ့ပါကြောင်း။ ယခုအချိန်တွင် ရထားလမ်းပိုင်း ပိုမိုကြံ့ခိုင်တောင့်တင်းပြီး ရထားတွဲများ ခုန်/ဆောင့် /လူး ဖြစ်ခြင်းများ လျော့နည်း၍ ရထားစီးခြင်း သက်သာစေရန်အတွက် ရထားလမ်းတစ်မိုင်တွင် ၃၉ ပေ အရှည် သံလမ်း ၁၃၆ ဆက်ရှိခြင်းကြောင့် (Flash Butt Welding Machine) စက်ကြီးဖြင့် လေးချောင်းဆက် သံလမ်းဖြစ်ရန် ပြုလုပ်၍ တစ်မိုင်လျှင် သံလမ်းဆက် ၃၃ ဆက်သာရစေရန် ပြုလုပ်ခြင်းကို ရန်ကုန်-မန္တလေးလမ်းပိုင်း၌ ရေနီ-မြို့လှ-သာဂရ အစုန်/အဆန် ၂၂ မိုင်၊ တောကျွဲအင်း-ကညွတ်ကွင်း-ညောင်ပင်သာ ၈.၈၃ မိုင်၊ ပဲခူး-မော်လမြိုင်လမ်းပိုင်း ဒုံဝန်း-နှင်းပုလဲ -တောင်စွန်း ၁၂ မိုင်တို့တွင် ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ လမ်းခင်းကျောက်များ စံနှုန်းပြည့်စေရန် ထည့်သွင်း လျက်ရှိပါကြောင်း။
ထို့အပြင် ပဲခူး-ရွှေလှေ-ဘုရားကြီး အစုန်လမ်း ၁၀ မိုင်ကိုလည်း ၉ ချောင်းသံလမ်းများ ဆောင်ရွက်ပြီးစီးသည့် အပြင် ရွာသာကြီး-လေးဒေါင့်ကန်-ဒါးပိန် အစုန်လမ်း ၉.၄၁ မိုင်ကိုလည်း ဘူတာစဉ်တစ်လျောက် သံလမန်း (CWR) Continuous Welded Rail လုပ်ငန်းများ ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။ မုပ္ပလင်-ကျိုက်ကသာ-ဘိုရားကြီး ၁၀.၃၇ မိုင်ကိုလည်း (Flash Butt Welding Machine) အသုံးပြုပြီး လေးချောင်းဆက် သံလမ်းဖြစ်စေ ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ညောင်ခြေထောက်-ကျွဲပွဲဘူကြား၊ ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ ပေါင်-ကျွဲခံ ဘူတာကြားနှင့် ရန်ကုန်-ပြည်လမ်းပိုင်းရှိ တိုက်ကြီး-ဖူကြီးဘူတာကြားတို့ကို (Thermit Welding Power) နည်းဖြင့် သုံးချောင်းဆက် သံလမ်းများဖြစ်စေရန် ယခု မတ်လနောက်ဆုံးပတ်မှစ၍ ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း။
ပဲခူး-မော်လမြိုင် ရထားလမ်း ၁၃၀ မိုင်အတွင်း သံလမ်းတစ်ဆက်လျှင် ကွန်ကရစ်ဇလီဖား ၁၆ တုံး ပြည့်ဖြစ်စေရန် ထည့်သွင်းခြင်းလုပ်ငန်းကိုလည်း ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလကုန်တွင် ဆောင်ရွက်ပြီးဖြစ်၍ လမ်းခင်းကျောက်များ ရာနှုန်းပြည့်ဖြစ်အောင် ထပ်မံဖြည့်တင်းပြီး ရန်ကုန်-မော်လမြိုင်ရထား လက်ရှိပြေးဆွဲချိန် ၁၀ နာရီမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာလကုန်ခန့်တွင် ပြေးဆွဲချိန် ၈ နာရီ ဖြစ်စေရန်အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း။
ရန်ကုန်မြို့ပတ်ရထားလမ်း အစုန်/အဆန် ၅၉ မိုင်ကိုလည်း သံလမ်းအဆက်များ ညှိပြီး ကွန်ကရစ် ဇလီဖားတုံးများ အပြည့်ထည့်၍ လမ်းခင်းကျောက် ၇၅ ရာခိုင်နှုန်း ထည့်သွင်းပြုပြင်နိုင်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ် အတွင်း လမ်းခင်းကျောက်များထပ်မံဖြည့်တင်းကာ ပိုမိုတောင့်တင်းစေရန်အတွက် ပြုပြင်လျက်ရှိပါကြောင်း။ ရန်ကုန်-ပြည် ရထားလမ်းပိုင်း တညင်းကုန်းဘူတာမှ ပြည်ဘူတာအထိ ဘူတာကြား ၃၁ ခုရှိသည့်အနက် ဘူတာကြား ၂၁ ခုကို ကွန်ကရစ်ဇလီဖားတုံး အပြည့် ဖြည့်ဆည်းပြီးဖြစ်၍ ကျန်ဘူတာကြား ၁၀ ခုကို၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာ့မီးရထားတွင် ရထားလမ်းပြုပြင်သည့် All-TM (Automatic Leveling, Linning and Tamping Machine) (၂) စီးအနက် (၁) စီးပျက်နေ၍ ပြုပြင်လျက်ရှိပြီး ကျန် (၁) စီးဖြင့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အဆိုး ဆုံးဖြစ်သော ညောင်လေးပင်နှင့် အုတ်တွင်းဘူတာကြား အစုန်/အဆန် လမ်းပိုင်းကို ပြုပြင်လျက်ရှိပါကြောင်း၊ ပျက်နေသော ကျန်စက် (၁) စီးကို ပြုပြင်လျက်ရှိရာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကုန်ခန့် တွင် ပြီးစီးမည်ဖြစ်၍ အဆိုပါစက်ကြီးဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်း၊ ရန်ကုန်-ပြည် ရထားလမ်းနှင့် ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းတို့ကို အလှည့်ကျရွှေ့ပြောင်း၍ လမ်းပိုင်းများတောင့်တင်းကြံ့ခိုင်စေရေးအတွက် ပြုပြင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အိန္ဒိယချေးငွေ အမေရိကန်ဒေါ်လာ ၁၅၅ သန်းဖြင့် သံလမ်း ဂဟေဆက်သော Flash Butt Welding Machine (၂) စီးနှင့် Semi-Mechanized Tamping Machine (၂) စီးကိုလည်း ဝယ်ယူဖြည့်တင်း၍ လမ်းပိုင်းများ ပိုမိုတောင့်တင်းကြံ့ခိုင်အောင် ပြုပြင်သွားရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် မန္တလေး-မြစ်ကြီးနား ရထားလမ်း ၃၄၀ မိုင်၊ ကြံခင်း-ဟင်္သာတ-ပုသိမ်ရထားလမ်း ၁၄၇ မိုင်၊ ပြည်-အောင်လံ-ဆတ်သွား-တောင်တွင်းကြီး-ပုဂံ ရထားလမ်း ၂၃၆ မိုင်နှင့် မော်လမြိုင်-သံဖြူဇရပ်-ရေး ရထားလမ်း ၉၂ မိုင်တို့ကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အပြီး ကွန်ကရစ်ဇလီဖားများ တုံးပြည့်အောင်နှင့် လမ်းခင်းကျောက်များ စံနှုန်း၏ ၇၅ ရာခိုင်နှုန်းခန့်ဖြစ်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာ့မီးရထားတွင် လက်ရှိပြေးဆွဲလျက်ရှိသော ရထားများရှိ တွဲဆိုင်းအချို့သည် သက်တမ်းကြာမြင့်နေသောကြောင့် မတော်တဆမှု မဖြစ်ရန်အတွက် ရန်ကုန်-မော်လမြိုင် ရထားအမှတ် (၃၅/၃၆) တွဲဆိုင်းတစ်ဆိုင်းကို တွဲဆိုင်းအသစ် များဖြင့် လဲလှယ်ခြင်း၊ မန္တလေး-မြစ်ကြီးနား ရထား အမှတ်(၅၅/၅၆) တွဲဆိုင်းတစ်ဆိုင်းကို တွဲဆိုင်းအသစ်များဖြင့် လဲလှယ်ခြင်းနှင့် ရန်ကုန်မြို့ပတ်ရထားလမ်းများရှိ သက်တမ်းလွန် တွဲဆိုင်း (၂) ဆိုင်းကိုလည်း တွဲအသစ် ၂၀ ဖြင့် လဲလှယ်ပေးပြီး ဖြစ်ပါကြောင်း။
အထက်ပါနည်းလမ်းများအပြင် လမ်းပိုင်းသစ်များ ဖောက်လုပ်ခြင်းထက် လမ်းဟောင်းများ ပြုပြင်ခြင်းကို ဦးစားပေးဆောင်ရွက်ခြင်း၊ သက်တမ်းလွန်ရထား စက်ခေါင်းနှင့် တွဲများကို အစားထိုးဖြည့်တင်း ဝယ်ယူရန် အစီအစဉ်များဖြင့် ရထားလမ်းချော်မှု လျော့နည်းကျဆင်းစေရန် ဆောင်ရွက်သွားနိုင် မည်ဖြစ်ပါကြောင်း ဖြေကြာပါ သည်။
