(က)-အသုတ်မြို့ရှိ၁၃၂ကေဗွီခွဲရုံမှ၆၆ကေဗွီဓာတ် အားလိုင်းဆွဲပြီးဂွမြို့သို့ဓာတ်အားပေးရန်စီမံကိန်း အားအကောင်အထည်ဖော်နိုင်ရန်နှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၇.၂.၂၀၁၄)

ဦးကြည်သာ (ဂွ)ဂွမြို့တွင် မြို့မီးလင်းရေးကော်မတီက ၂၀၀၂ ခုနှစ်ကစတင်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊  မူလဖွဲ့ စည်း စဉ်က နိုင်ငံတော်မှ လျှပ်စစ်မီးပေးချိန်တိုးမြှင့်နိုင်ရန် ဒီဇယ်ဝယ်ယူပံ့ပိုးသည့် အဖွဲ့ အစည်းအဖြစ်သာဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် လျှပ်စစ်ဝန်ကြီးဌာန၏ လုပ်ငန်း ရာခိုင်နှုန်း အများအပြားကိုပါ  ထမ်းဆောင်နေရပါကြောင်း၊  ဌာနပိုင် ၁၀၀ ကေဗွီအေ မီးစက်ကို သုံးမရသည့်အတွက် မြို့လူထုမှ ၂၀၀၈ ခုနှစ်တွင် ၁၅၀ ကေဗွီ မီးစက် တစ်လုံး ကို ၁၅၆ သိန်းဖြင့်လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် ၃၁၂.၅ ကေဗွီအေ မီးစက် တစ်လုံးကို ၁၃၇.၃ သိန်းဖြင့် လည်းကောင်း ဝယ်ယူသုံးစွဲနေရသည့်အပြင်  မီးစက်ရုံနှင့် ရုံးအဆောက်အဦကိုလည်း ဆောက်လုပ်ပေးရပါကြောင်း၊ ထို့ပြင် မီးလင်းရေးကော်မ တီအနေဖြင့် ကိုယ်ပိုင်ဒီဇယ်ဆီနှင့် ထုတ်ရသော လျှပ်စစ်များအတွက် ထိုင်ကြေး (Royalty) တစ်ယူနစ်ကို ငါးကျပ်နှုန်း၊ နိုင်ငံတော်ဆီနှင့် ထုတ်သည့် လျှပ်စစ်အတွက် တစ်ယူနစ်ကို သတ်မှတ်နှုန်း ၃၅ ကျပ်နှင့်၇၀ နှုန်း ပေးဆောင်နေရသည့်အတွက် မြို့လူထုများသည် လျှပ်စစ်အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်နေကြ ရပါကြောင်း၊  လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းမှရရှိပါက အဆိုပါ အခက်အခဲများက လွတ်မြောက်နိုင် မည်ဖြစ်ပါကြောင်း၊  ပဉ္စမကာလတို ငါးနှစ်စီမံကိန်းရေးဆွဲစဉ်တုန်းက အသုတ်ခွဲရုံအား ၆၆ ကေဗွီလိုင်း၊ ၆၂ မိုင်ကို ၂၀၁၃-၁၄တွင် ၄၀ ရာခိုင်နှုန်း၊  ၂၀၁၄-၁၅ တွင် ၆၀ ရာခိုင်နှုန်းပြည့်မီအောင် ဆောင်ရွက်ရန်လျာထားခဲ့သော်လည်း ယနေ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုလျာထားချက် နောက်ဆက်တွဲ(၂) အခြားဆောက် လုပ်မှုလုပ်ငန်းများတွင်  ၆၆ ကေဗွီလိုင်း ၁၆ လိုင်း တည်ဆောက် မှုတွင်  ဂွမြို့ မပါရှိပါကြောင်း၊  ဂွမြို့အနေဖြင့် မြို့က မိုင် ၈၀၊ ဧရာဝတီတိုင်း ငသိုင်းကျွန်းက ၅၅ မိုင်ထိ ဝေးကွာခြင်းတို့ကြောင့် ၂၃၀ ကေဗွီအေ အသုတ်ခွဲရုံ က မြန်ဆန်စွာ ဓာတ်အားရရှိမှသာလျှင် တင်ပြပါအခက်အခဲများ အဆင်ပြေ နိုင်မည်ဖြစ်ပါသောကြောင့် ဂွမြို့က အသုတ်မြို့ရှိ ၁၃၂ ကေဗွီခွဲရုံမှ ၆၆ ကေဗွီ ဓာတ်အားလိုင်းဆွဲပြီး ဓာတ်အားပေးရေးကိစ္စအား  အကောင်အ ထည်ဖော်နိုင်မည့်နှစ်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။  


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်သန်းဦး
အဖြေ

ရခိုင်ပြည်နယ်၊ ဂွမြို့ကို လျှပ်စစ်ဓာတ်အားပေးရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ အသုတ်မြို့ရှိ ၂၃၀/၆၆ ကေဗွီ ၁၀၀ ကေဗွီအေဓာတ်အားခွဲရုံမှ ၆၆ ကေဗွီ ဓာတ် အားလိုင်းဖြင့် ဓာတ်အားပေးရန် ပဉ္စမကာလတို ငါးနှစ်စီမံကိန်း ၏၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ မူလကထည့်သွင်းလျာထားခဲ့ပါကြောင်း၊ သို့သော်လည်း ဘဏ္ဍာငွေ ကန့်သတ်ချက် အရ ပြန်လည်လျော့ပေးခဲ့ရသည့်ပမာဏကို ညှိနှိုင်းခဲ့ရခြင်းဖြစ်ပြီး ယခုစီမံကိန်းဥပဒေကြမ်း တွင်ပါဝင် လာခြင်းဖြစ် သည့် အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ တင်ပြတောင်းခံပေး သွားမည်ဖြစ်ကြောင်းပြန် လည်ဖြေကြား ပါသည်။