နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအရ မီးဖွားခွင့်ကို စတင်ခံစားသည့်နေ့မှ ခြောက်လခံစားခွင့်ရရှိပြီး လုပ်သက်မည်မျှရှိမှ မီးဖွားခွင့် ခံစားရမည်ဟု ဖော်ပြထားခြင်းမရှိပါကြောင်း၊ ၎င်းအား စတင်ခန့်ထားပြီးလျှင် နိုင်ငံ့ဝန်ထမ်းဖြစ်သွားသည်ဟု ယူဆသည့်အတွက် ဝန်ထမ်း၏ အခွင့်အရေးကို ပေးရမည်ဟု ယူဆမိပါကြောင်း၊ တမူးခရိုင်၊ မြို့သစ်မြို့ ကျုံးပင်သာကျေးရွာမှ တိုင်းရင်းသူတစ်ဦးအား မင်းသာတိုက်နယ်ဆေးရုံတွင် လုပ်အားပေးဝန်ထမ်းအဖြစ် ငါးနှစ်ခန့်၊ နေ့စားဝန်ထမ်းအဖြစ် သုံးနှစ်ခန့် လုပ်ကိုင်ခဲ့ပြီး ၁.၉.၂၀၁၄ ရက်နေ့တွင် ဝန်ထမ်းအဖြစ် စတင်ခန့်အပ်ခဲ့ပါကြောင်း၊ စက်တင်ဘာလ လစာကိုလည်းပဲ ဌာနမှ ထုတ်ပေးခဲ့ပါကြောင်း၊ အောက်တိုဘာလ ၂၈ ရက်တွင် ၎င်းဆေးရုံ၌ပင် တက်ရောက်ပြီး မီးဖွားခဲ့သော်လည်း ဆေးရုံက အောက်တိုဘာလ လစာကို တာဝန်ထမ်းဆောင်သည်မှာ တစ်နှစ်မပြည့်ဟု ယူဆ၍ မီးဖွားခွင့်မပေးဘဲ လစာမဲ့တင်ခိုင်းခဲ့ရာ လစာမရရှိကြောင်း တင်ပြလာခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ဝန်ထမ်းအမျိုးသမီးများနှင့် ပတ်သက်၍ မီးဖွားခွင့်များနှင့်စပ်လျဉ်းပြီး သိရှိနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် ဝန်ထမ်းအမျိုးသမီးများအား လုပ်သက်မည်မျှရှိမှ မီးဖွားခွင့်ပေးရမည်ဟု သတ်မှတ်ချက်များရှိ/မရှိ၊ ရှိပါက ဥပဒေပုဒ်မနှင့် နည်းဥပဒေ ပုဒ်မတို့ကို ဖော်ပြပေးပါရန်နှင့် မရှိပါက အဆိုပါနိုင်ငံ့ဝန်ထမ်းအမျိုးသမီးအား လစာပြည့် မီးဖွားခွင့်ရရှိရေး မည်သို့စီမံဆောင်ရွက်ပေးသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်
ပြဋ္ဌာန်းထုတ်ပြန်ပြီးဖြစ်သည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ဝန်ထမ်းအမျိုးသမီးအား မီးဖွားခွင့် ခံစားခွင့်ပြုသည့်အခါ လုပ်သက်မည်၍မည်မျှရှိရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသည့်အတွက် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာအတွင်း မည်သည့်ဝန်ထမ်းအမျိုးသမီးမဆို မီးဖွားခွင့်ကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁ နှင့် နည်းဥပဒေ ၁၀၂ ပါပြဋ္ဌာန်းချက်များနှင့်အညီ အပြည့်အဝခံစား ရှိပါကြောင်း၊ ထို့အတူ တမူးခရိုင်၊ မြို့သစ်မြို့၊ မင်းသာတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံ့ဝန်ထမ်းအမျိုးသမီး၏ လစာပြည့် မီးဖွားခွင့်ခံစားနိုင်ရေးကိစ္စကို ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ရည်ညွှန်းကိုးကားလျက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ စာရွက်စာတမ်းအထောက်အထားများနှင့်တကွ တင်ပြလျှောက်ထားရန် အကြံပြုလိုပါကြောင်း၊ ရာထူးဝန်အဖွဲ့အနေဖြင့် မီးဖွားခွင့်ကိုသာမက ဝန်ထမ်းများ၏ အခွင့်အရေး၊ နစ်နာဆုံးရှုံးမှုမရှိရစေရန် အခက်အခဲဖြစ်စဉ်ပေါ်ပေါက်ခြင်းများ ရှိခဲ့ပါက ရာထူးဝန်အဖွဲ့ကို ဆက်သွယ်ပြီး အကြံဉာဏ်တောင်းခြင်း၊ သဘောထားမေးခြင်းများပြုမည်ဆိုပါက မိမိတို့အနေဖြင့် ဝန်ထမ်းများ နစ်နာဆုံးရှုံးမှုမရှိရစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာများနှင့် ပေါင်း စပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးရန် အမြဲအသင့်ရှိပါကြောင်းလည်း ရှင်းလင်းဖြေကြားပါသည်။
ဦးခင်မောင်ရွှေ (တမူး) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၏ ရှင်းလင်းဖြေကြားချက်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ အောက်ခြေတွင်ရှိသော ဌာနဆိုင်ရာအကြီးအကဲများကိုယ်တိုင် သိရှိရန်လည်း လိုအပ်မည်ဖြစ်သည့်အတွက် လစာပြည့်ရရှိရန်အတွက် ပြန်လည်လျှောက်ထားရန် ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌကြီးက ဖြေသွားသည့်အတွက် ပြည်ထောင်စုရာထူးဝန် အဖွဲ့အနေဖြင့် ထိုကဲ့သို့ဖြစ်စဉ်များကို သိရှိသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနကို ဥပဒေနှင့်ညီညွတ်ကြောင်း၊ လစာပေးသင့်ကြောင်း ညွှန်ကြားပေးရန် သို့မဟုတ် ဆက်သွယ်ညှိနှိုင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်သူ
ရာထူးဝန်အဖွဲ့ကို တိုက်ရိုက်လိပ်တပ်ပြီး ဝန်ထမ်း၏ အခွင့်အရေးနစ်နာဆုံးရှုံးမှုရှိကြောင်း လျှောက်ထားတင်ပြမည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဥပဒေ၊ နည်းဥပဒေနှင့် ဘောင်ညီစွာဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေး၍ ရပါကြောင်း၊ သို့မဟုတ် အခုဖြစ်စဉ်မှာကျန်းမာရေး ဝန်ကြီးဌာနဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနကို လျှောက်ထားသည့်အခါ ကျန်းမာရေးဝန်ကြီးဌာနသည် ယင်းကိစ္စကို ဥပဒေနှင့် ညီညွတ်မှုရှိ/မရှိ၊ ပေး၍ ရ/မရကို ဒွိဟဖြစ်နေပါက ရာထူးဝန်အဖွဲ့ကို အခြားသော ဝန်ကြီးဌာနများကဲ့သို့ မေးလာပါက နည်းမှန်လမ်းမှန်ဖြစ်အောင် မိမိအနေဖြင့် တည့်မတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် နောက်အစိုးရအဖွဲ့က အတည်ပြုချက်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ဝန်ကြီးဌာနအားလုံးသည် တပြေးညီ တိတိကျကျ လိုက်နာကြရန်ဖြစ်ပါကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောက်ခြေတွင် သဘောထားလွဲမှားကောက်ယူပြီး ဝန်ထမ်းအချို့ နစ်နာမှုများ ရှိနိုင်သည်ကို မိမိအနေဖြင့် လက်ခံပါကြောင်း၊ မကြာခဏ မိမိထံသို့ သဘောထားမှတ်ချက်တောင်းပြီး ဖြေရှင်းရန်အတွက် နည်းလမ်းမေးမြန်းသည်များ ရှိတက်ပါကြောင်း၊ မီးဖွားခွင့်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေကို ထုတ်ပြန်ပြီးဖြစ်သော်လည်း ဝေးလံခေါင်သီဒေသများ၊ သွားလာရေးခက်ခဲသည့် နယ်စွန်နယ်ဖျားဒေသများတွင် ကျယ်ကျယ်ပြန့်ပြန် မရောက်သည့်အတွက် လက်တွေ့(Practice) လုပ်သည့်အခါ အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ဦးက တင်ပြသည့်အတွက် မေးခွန်းကို ဖြေကြားရင်း ဥက္ကဋ္ဌကြီး၏ လမ်းညွှန်မှုကို ခံယူပြီးကာ မိမိတို့ ၃ လမျှ သတင်းစာများ၊ ဂျာနယ်များ၊ Internet Website များတွင် သိသင့်သိထိုက်သည့် နည်းဥပဒေများကို မည်သို့ကျင့်သုံးရမည်၊ မည်သည့်အရာများကို ရှောင်ကျင်၍ မည်သည့်အရာများကို ဆောင်ရမည်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။
နယ်များနှင့် မြို့ကြီးများတွင် လူကြီးလူငယ်မရွေး Mobile Phone လေးများ၊ iPad များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဖြစ်သည့်အတွက် ရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများကို ဝန်ထမ်းများသာမက Public အနေဖြင့် သိသင့်သိထိုက်သော ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွကို့ Mobile Application တွင် တင်ရန် မိမိတို့ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ယခုနှစ်ဘတ်ဂျက်မကုန်မိ ပြီးစီးမည်ဟု ကြိုးစားပြီး လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် နောင်အချိန်တွင် ဥပဒေများကို နားလည်လာပြီး ပိုမိုကျင့်သုံးလာနိုင်မည်ဖြစ်ပါကြောင်း၊ အချုပ်အားဖြင့် နယ်တွင်ဖြစ်စေ မြို့တွင်ဖြစ်စေ ဝန်ထမ်းများသည် ရသင့်ရထိုက်သည်များ၊ ဖြစ်ပျက်နေသည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိပြီး ပို၍အကျိုးရှိလိမ့်မည်ဟု မျှော်လင့်ပြီး မိမိတို့အနေဖြင့် ကြိုးစားနေကြောင်း ရှင်းလင်းဖြေကြားပါသည်။
