(ခ)-မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စားစက်မှု လုပ်ငန်းရှင်များအတွက် စက်မှု ဘဏ်မှချေးငွေများရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၄. ၂.၂၀၁၄)

ဦးကိုကြီး (အောင်မြေသာစံ)မြန်မာနိုင်ငံတွင် ၁၂၀၀၀၀ ကျော်သော အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက်စက်မှုဝန်ကြီးဌာနဘဏ်မှသက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ပေး လျက်ရှိရာ မန္တလေးတိုင်းအတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များမှာ ချေးငွေခံစားခွင့် မရကြပါကြောင်း၊ နိုင်ငံသား လုပ်ငန်း ရှင်များ တန်တူ မျှတသော အခွင့်အရေး မရရှိကြပါကြောင်း။

သို့ဖြစ်ပါ၍ မည်သည့်တိုင်းဒေသကြီးနှင်‌့ ပြည်နယ်များမှ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ အထက်ပါ ချေးငွေများကို ခံစားနေရပါသနည်း။ မည်မျှသောငွေ ကို ချေးပေးထားပါသနည်း။ အတိုးနှုန်းမည်မျှ ပေးရပါ သနည်း။

ထို့အပြင် မန္တလေးတိုင်းဒေသကြီးမှ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းရှင်ကြီးများ အတွက် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် တန်းတူညီမျှသော ချေးငွေရယူရန်အတွက် မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဦးမျိုးအောင်မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ချေးငွေထုတ်ပေးရေး လုပ်ငန်းကို ထိရောက် စွာ ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်မှ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်အား လယ်ယာ အမတော်ကြေးကဲ့သို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ငွေကျပ် ၅ ဘီလီယံ၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ငွေကျပ် ၅ ဘီလီယံ စုစုပေါင်းငွေကျပ် ၁၀ ဘီလီယံ ကိုထုတ်ချေးပေးခဲ့ပြီး အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ ၎င်းငွေကျပ် ၁၀ ဘီလီယံအား ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အတူ အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် အချိန်ကာလ သုံးနှစ်အထိ စီးပွားရေးဖွံ့ဖြိုးရန် အလားအလာကောင်းမွန်သော တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းရှင် ၆၂ ဦးကို  ထုတ်ချေးပေးခဲ့ပါကြောင်း။

အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အနေဖြင့် လုပ်ငန်းရှင်များထံ ချေးငွေ ထုပ်ချေးရာတွင် လုပ်ငန်းရှင်မှ မိမိလုပ်ငန်းအတွက် ငွေချေးယူလိုကြောင်း စက်မှုလုပ်ငန်းလိုင်စင်များနှင့်တကွ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနသို့ တင်ပြလျှောက်ထားရပါမည်။ အ‌သေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနက ချေးငွေလျှောက်ထားလာသော လုပ်ငန်းအနေဖြင့်အမှန် တကယ် လည်ပတ်နေခြင်း ရှိ/မရှိနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကို စက်မှုလုပ်ငန်း မှတ်ပုံတင်ထားခြင်း ရှိ/မရှိတို့ကို သွားရောက်ကွင်းဆင်းစစ်ဆေးထားသည့် ထောက်ခံချက်ဖြင့် ချေးငွေ ထုတ်ချေး ပေးနိုင်ရေး အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်သို့ပေးပို့ရပါကြောင်း၊ အ‌သေးစားနှင့် အလတ်စား လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၏ ထောက်ခံချက်ဖြင့်ပေးပို့လာသော အထောက်အထား များကို အ‌သေးစားနှင့် အလတ်စားလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှစစ်ဆေးပြီး မှန်ကန်ပြည့်စုံပါက ချေးငွေ လျှောက်လွှာ တွင် ဖြည့် စွက်စေ၍ ချေးငွေလျှောက်ထားစေပါကြောင်း၊ ချေးငွေ လျှောက်လွှာနှင့်အတူ စက်မှုလုပ်ငန်း လိုင်စင်မိတ္တူ၊ လုပ်ငန်း ဝင်ငွေ၊ ထွက်ငွေ၊ အရှုံးအမြတ်စာရင်း၊ ပေးဆောင်ပြီးသော အခွန်ပြေစာ မိတ္တူ၊ အာမခံပေး မည့် မြေနှင့် အဆောက်အဦ၊ ပိုင်ဆိုင်မှုအထောက် အထား အပြည့်အစုံမိတ္တူ၊ အာမခံပေးအပ်သည့်အဆောက် အဦနှင့် လုပ်ငန်းပြ ရှေ့၊ နောက်၊ ဝဲ၊ ယာ ဓာတ်ပုံများ၊ ချေးငွေလျှောက်ထားသူ၏ မှတ်ပုံတင်နှင့် သန်းခေါင် စာရင်းမိတ္တူများကို ပူးတွဲပါရှိရမည်ဖြစ်ပါကြောင်း။

အာမခံပေးသည့် မြေနှင့်အဆောက်အဦအား ဘဏ်ရာဖြတ်မှ ကွင်းဆင်းစစ်ဆေးပြီး မြေနှင့် အဆောက်အဦ တန်ဖိုးကို အတင်းအကြပ်ရောင်းဈေး (Force Sale Value) တန်ဖိုးသတ်မှတ်ပြီးပါက (Force Sale Value) သတ်မှတ်ပေးပြီး ငွေကျပ်သိန်း ၂၀၀၀ အောက် ချေးငွေအမှုတွဲများကို ဘဏ်၏ ချေးငွေကော်မတီ Credit Committee မှ တစ်ပတ်လျှင်တစ်ကြိမ်နှင့် ငွေကျပ်သိန်း ၂၀၀၀ အထက် ချေးငွေအမှုတွဲများကို Board of Director အဖွဲ့မှ တစ်လလျှင် တစ်ကြိမ် စိစစ်ဆုံးဖြတ်၍ ထုတ်ချေး ပေးလျက်ရှိပါကြောင်း၊  အ‌သေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ချေးငွေပမာဏကို အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေး ၍ ချေးငွေသက်တမ်း ကာလမှာ သုံးနှစ်ဖြစ်ပါကြောင်း၊ ချေးငွေအမှုတွဲများကို အာမခံခိုင်မာမှုနှင့် လုပ်ငန်း ကောင်းမွန် မှု အပေါ် ဒါရိုက်တာအဖွဲ့က အဓိက ဆွေးနွေးသုံးသပ်၍ အတင်းအကြပ် ရောင်းဈေးတန်ဖိုး (Force Sale Value) ၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းမှ အများ ဆုံး ၅၀ ရာခိုင်နှုန်းအထိ ထုတ်ချေးနိုင်ရေး ဆွေးနွေး ဆုံးဖြတ်ပြီး ချေးငွေများကို လုပ်ငန်းရှင်ထံအမြန် ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

အ‌သေးစားနှင့်အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုး‌ရေးဘဏ်အနေဖြင့် ချေးငွေများထုတ်ချေးရာတွင် တိုင်းဒေ သကြီး/ ပြည်နယ်အလိုက် ချေးငွေထုတ်ချေးပေးသည်‌့ဦးရေ ကန့်သတ်ထားခြင်းမရှိဘဲ၊ ချေးငွေ ထုတ်ချေးပေးနိုင်ရေး သတ်မှတ်ချက် များနှင့် ကိုက်ညီသော လုပ်ငန်းရှင်များအား နိုင်ငံတော်မှ ထုတ်ချေးသည့် လယ်ယာ အမတော်ကြေး ကဲ့သို့ ငွေကျပ် ၁၀ ဘီလီယံကိုသာမက ဘဏ်၏အစု ရှယ်ယာငွေများကိုလည်း ဘဏ်လုပ်ထုံး လုပ်နည်းများ နည်းအတူ ထုတ်ချေးပေးလျက် ရှိပါကြောင်း ရှင်းလင်း တင်ပြဖြေကြားပါသည်။