(ခ)-တောင်ကြီးကက္ကူလမ်းပိုင်း(၂၇)မိုင်မှကျောင်း ထို-ကက္ကူလမ်းအပိုင်း(၄)မိုင်းခွဲအားဆောင်ရွက်ပေး ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၂၉.၁.၂၀၁၄)

ဦးခွန်မောင်သောင်း (ပင်လောင်း)မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ၊ နိုင်ငံခြားသားခရီးသွားများ လာရောက် ဖူးမြော် လေ့လာလျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူ စေတီတော်မြတ် ကြီးသည် တောင်ကြီး-ကျောက်တစ်လုံး ကားလမ်းမပေါ်တည်ရှိပြီး ကျောင်းထိုလမ်းခွဲမှ အတွင်းသို့ ၄ မိုင် ဝင်ရပါကြောင်း၊ ယင်းလမ်းသည် ဒေသခံတိုင်းရင်းသားတို့မှ ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်ထားပြီး တောင်ကြီးစည်ပင်မှ ကတ္တရာလမ်း ခင်း ထားပေးသော လမ်းဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါလမ်းပိုင်းသည် ဆိုးရွားစွာ ပျက်စီး ယိုယွင်းလာပြီး ချိုင့်ခွက်များဖြစ်ပေါ်နေသောကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးရန်နှင့် အဆင့်မြှင့်တင်ပေးရန် ဒေသခံများမှ လိုလား ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ ကျောင်းထို-ကက္ကူလမ်း အား ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ၂၀၁၄-၁၅ ဘတ်ဂျက်နှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးခွန်သိန်းဖေ (ဟိုပုန်း) ကိုယ်စား ဦးခွန်မောင်သောင်း (ပင်လောင်း) မှ မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲအတွင်း ရှိ ကျောင်းထို-ကက္ကူလမ်းသည် ၄ မိုင်၊ ၄ ဖာလုံ ရှည်လျားပြီး တောင်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်သော လမ်းဖြစ်ပါကြောင်း၊ အဆို ပါ ကျောင်းထို-ကက္ကူလမ်းအား ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၃၀ ဖြင့် လိုအပ်သောနေရာများတွင် ကတ္တရာ ထပ်ပိုးလွှာတင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သော် လည်း ယခုအချိန်တွင် လမ်းများသည် စတင်ပျက်စီးလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိ ပါကြောင်း၊ ထို့ကြောင့် ယင်းလမ်းကို ရှမ်းပြည်နယ်အစိုးရ၏  ၂၄-၁၂-၂၀၁၃ ရက်နေ့စွဲပါ စာအမှတ်၊ ၁၃၄၈၇/၆-၃၃၂/အစရ(ရှမ်း)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြ ထားချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းအဖြစ် သိမ်းသွင်းနိုင်ရေး ဆောင် ရွက်လျက်ရှိပါကြောင်း၊ ကျောင်းထို-ကက္ကူလမ်းအား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၃၄ ပေအကျယ် လမ်းတာချဲ့ခြင်း နှင့် ၁၂ ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေကျပ် ၂၃၁.၂၁ သန်းအား လျာထား တင်ပြထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။