(ဂ)မင်္ဂလာဒုံမြို့နယ်၊ ၂(က)ရပ်ကွက်တွင် ရေများ စီးဆင်းနိုင်ရန် မီးရထား လမ်းဖြတ် ဘောက်ကား ဘတ် (Box Culvert) တစ်ခု ပြုလုပ်ပေးရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၂၉.၁.၂၀၁၄)

ဦးတင်မောင်ဝင်း (မင်္ဂလာဒုံ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ၂-က ရပ်ကွက်၏ အနောက်ဘက်သည် ကုန်းမြင့်ဖြစ်ပြီး အရှေ့ဘက်သည် မြေပြန့် ဖြစ်ခြင်းနှင့် ရေစီးဆင်းရာရပ်ကွက်၏ အရှေ့ ဘက်၌ ရေမြောင်းမရှိခြင်း၊ မီးရထား တာလမ်းများတွင် ရေစီးရန် (Box Culvert) မရှိခြင်းကြောင့်တို့ကြောင့် ရပ်ကွက်နေပြည်သူများ အနေဖြင့် နှစ်စဉ်မိုး ရာသီရောက် တိုင်း ရေကြီးခြင်းဒုက္ခကို ခံစားနေရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ ရေစီးဆင်းနိုင်ရန် မြောင်းများတူးပေးမည်ဟု အကြောင်းပြန် ပါကြောင်း၊ မီးရထားဝန်ကြီးဌာန အနေနှင့်လည်း မီးရထားတာလမ်းဖြတ်ပြီး (Box Cul vert) တစ်ခုပြုလုပ်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မိုးရာသီ မတိုင် မီ ပြုလုပ်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း မိုးရာသီတွင် ရေနစ်မြုပ်ဒဏ်ကို ခံစားရသော  ၂-က စံပြရပ်ကွက်နှင့် စမ်းကြီးဝ ရပ်ကွက်သို့ ၄-၁-၂၀၁၄ ရက်နေ့တွင် တိုင်းအမှတ် (၇) မှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးစီးသော အင်ဂျင်နီယာများသွားရောက်၍ ရပ်ကွက်တွင် အနှစ် ၂၀ ကျော်နေထိုင်သူများကို မေးမြန်းခြင်းနှင့် မြေပြင်အနေအထားများကို ကွင်းဆင်း တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ရာတွင် မင်္ဂလာဒုံမြို့နယ် ၂-က စံပြရပ်ကွက်နှင့် စမ်းကြီးဝရပ်ကွက်မှ စီးဆင်ရေများသည် ယခင်ရထားလမ်းနှင့် ခရေပင် ကား လမ်းအောက် ရေထွက်မြောင်းမှတဆင့် မင်္ဂလာဒုံဘူတာနှင့် ၂၈၆၀ ပေအကွာရှိ ၂၀ပေ လေးပေါက်တံတားနှင့် မင်္ဂလာဒုံဈေးဘူတာမှ ကြေးနန်းခန်း ၃ ခန်းခန့်အကွာရှိ ၁၀ ပေတံတားသို့ စီးဆင်းသော်လည်း ယခုအခါ ခရေပင်ကားလမ်း အောက် တွင် ရေထွက်ပေါက်မရှိတော့ခြင်းကြောင့် ရေစီးရေလာနည်းပါးသွားခြင်း၊ မိုးတွင်း ကာလတွင် အမှိုက်များနှင့် ပိတ်ဆို့နေ၍ ရပ်ကွက်အနိမ့်ပိုင်းများ ရေအနည်းငယ်နစ်မြုပ်ပြီး တစ်နာရီခန့် အကြာတွင် ရေကုန်သွားကြောင်းကို သိရှိရပါကြောင်း၊ အဆိုပါ ၁၀ ပေတံတားနေရာရှိ ရထားလမ်း ဝဲ/ယာတွင် ကန်းစွန်းခင်းအသီးသီးမှ တမံများတုတ်၍ ရေစီးဆင်းမှု အဟန့်အတားဖြစ်စေခြင်းနှင့် အဆိုပါ ၁၀ ပေတံတား ၏ ရေထွက်ဘက်ခြမ်း ရေနုတ်မြောင်းသည် တိမ်ကောခြင်းကြာင့် ၄ ပေအကျယ်ခန့်သာရှိသည့် အပြင် ရေထွက်အားနည်းနေခြင်းများကို စစ်ဆေးတွေ့ရှိရပါကြောင်း။

အထက်ဖော်ပြပါအချက်များကို သုံးသပ်ပါက တံတားတစ်စင်း ထပ်မံတည်ဆောက်ရန်မလိုဘဲ ရေထွက် အားကောင်းရန် အတွက် လက်ရှိ ၁၀ ပေတံတား၏ ရေထွက်ဘက်၌ အလျားပေ ၅၀၀၊ အကျယ် ၁၀ ပေနှင့် အနက် လေးပေရှိသော ‌ရေနုတ်မြောင်းကို Back Hoe တစ်စီးပေးပို့၍ ဖေဖေါ်ဝါရီလ ဒုတိယပတ်မှ စတင်၍ မတ်လ ကုန်တွင်ပြီးစီးအောင် ဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အပြင် ၊   ကန်စွန်းခင်းများကို ရေစီးရေ လာကောင်းစေရန် ရထားလမ်းတာဘောင်နှင့် အပြိုင် ရေနုတ်မြောင်းတူး၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါနေရာတွင် တံတားတစ်စင်းထပ်မံ တည်ဆောက်ပါက ရေထွက်ဘက်ခြမ်းတွင် ကန်စွန်းခင်များနှင့် လယ်ကွင်းများ ရှိခြင်းကြောင့် ရေထွက်ပေါက်မရှိသဖြင့် ငွေကျပ်သိန်း ၆၀၀ ခန့် အကုန်အကျခံ၍ တံတား တည်ဆောက်သော် လည်း ထိရောက်မှုမရှိနိုင်ကြောင်း သုံးသပ်ရပါသဖြင့် ရေစီးရေလာ ကောင်းစေရန် ပြုလုပ်လိုက်ခြင်းသည် ပိုမို သင်‌့တော်ဖြစ်ကြောင်းနှင့် မိုးရာသီမတိုင်မီ အဆင်ပြေပြီးဆုံးသည် အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။