(င)-ကျွန်းစုမြို့နယ် အတွင်းရှိ ကိုယ့်အားကိုယ် ကိုးကျောင်းများ အခြေခံပညာမူလတန်းကျောင်း အဆင့်(Section)တိုးမြှင့်ခွင့်ပြုပေးရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၂၉.၁.၂၀၁၄)

ဒေါ်တင်တင်ရီ(ကျွန်းစု)တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာ အုပ်စု ရေခန်းအောင်ကျေးရွာ တွင် ၁၉၉၉ -၂၀၀၀ ခုနှစ်မှ စတင်၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျောင်းဆောင်တစ်ဆောင် ကိုဆောက်လုပ်ပြီး ပညာသင်ကြားခဲ့ရာ ၎င်းကျောင်းကို ရွာနှင့်အနီးဆုံးဖြစ်သော တောင်ပြို မိုနော် ကျောင်းနှင့်တွဲဖက်၍ ပညာသင်ကြား ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းတွဲဖက်ကျောင်းကို ရေလမ်းခရီဖြင့်သွားရောက်ရပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော နေရာတစ်ခု ဖြစ်သဖြင့် သက်တမ်းအားဖြင့် ၁၂ ခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း အမက ကျောင်းအဖြစ် အဆက်အစပ် တိုးမြှင့်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း၊ ၎င်းကျောင်းအနေဖြင့် Section ကျနိုင်အောင် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနသို့ တင်ပြတောင်းခံထားဆဲဖြစ်ပါကြောင်း။

အဘင်ကျေးရွာအုပ်စု ကျောက်ပုံချောင်းကျေးရွာရှိ စာသင်ကျောင်းသည်လည်း ကိုယ်ထူ ကိုယ်ထကျောင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ စ၍ ရေလမ်းခရီး သုံးမိုင်နီးပါး ကွာဝေးသည့် ရေကန်အောင် ကျေးရွာနှင့် တွဲဖက်၍ ကျောင်သား ကျောင်းသူ ၉၀ ကျော်ကို ပညာသင်ကြားပေးလျက်ရှိရာ ၎င်းကျောင်းအနေဖြင့်လည်း အမက အဖြစ် ဖွင့်လှစ်ခွင့်ပြုပါရန် ၃၁-၁၂-၂၀၁၁ ခုနှစ်မှစ၍ တိုင်းပညာရေးမှူး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ အဆင့်တိုးမြှင့်ပေးပါရန် လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ပြတောင်းခံထားပြီးသော်လည်း ယနေ့တိုင်အောင် တစ်စုံတစ်ရာ ထူးခြားခြင်း မရှိသေးပါကြောင်း။

ရေကန်တောင်ကျေးရွာ အမှတ်(၅) ရပ်ကွက် ကျောက်ငါးဖောင် ကိုယ့်အားကိုယ်ကိုးကျောင်းသည်လည်း ၂၀၁၀ ခုနှစ်မှစ၍ မူလတန်း ကျောင်းအဖြစ် ကလေးငယ် ၁၀၅ ဦး အားပညာသင်ကြားပေးခဲ့ရာ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အ မ က အဖြစ်တိုးမြှင့်ပေးခဲ့ပါရန် အမှတ်(၁)ပညာရေးဦးစီးဌာန ပညာရေးဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ၂၄-၁၀-၂၀၁၃ ရက်စွဲဖြင့် တင်ပြတောင်းခံထားဆဲဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ကျောင်းသုံးကျောင်းအား အ မ က(ခွဲ) ဖြင့် ပညာသင်နှစ်အမီ အဆင့် တိုးမြှင့် ပေးနိုင်ခြင်း ရှိ/မရှိနှင့် အကယ်၍ တိုးမြှင့်ပေးပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးနိုင်မည် ကို ကျေးလက်နေကျောင်းသူကျောင်းသားများနှင့် ကျောင်းအကျိုးတော်ဆောင်မိဘများ ကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင် ကျွန်းစုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ တင်ပြထားသော ကျောင်းသုံးကျောင်းမှာ အခြေခံပညာ မူလတန်းကျောင်းများ အဖြစ် ကျောင်းအဆင့်တိုးမြှင့်ပေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အပြင် ကျောင်းအဆင့် တိုးမြှင့်ပေးရန်သက်ဆိုင်သော အမှုတွဲများ လည်း ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် ကျောင်းအဆင့် တိုးမြှင့်ခြင်း လုပ်ငန်းများ ဆောင်ရွက် ချိန်တွင် အဆိုပါကျောင်းသုံးကျောင်းကို အခြေခံပညာ မူလတန်းကျောင်းများ အဖြစ် တိုးမြှင့် ပေးနိုင်ရေး အတွက် စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဆောင်ရွက်ရန် စီစဉ် ထားရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။