ဆားလင်းကြီးမြို့နယ် တောင်ယမားချောင်းနှင့် မြောက်ယမားချောင်း နှစ်ခုခြားတွင် တည်ရှိသည့်အတွက် ၁၆၈၃၃၁ ဧက ကျယ်ဝန်းသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ တောင်ယမားချောင်းနဲ့ မြောက်ယမားချောင်းသည် သက်ကိုင်းကျေးရွာ၊ ကံကောင်းကျေးရွာ၊ လက်ပန်းတောင်းကျေးရွာ အုပ်စုအနီးမှ ချင်းတွင်းမြစ်အတွင်းသို့ စီးဆင်းသော ယမားချောင်းနှစ်ချောင်း ဖြစ်ပါသည်။ ဆားလင်းကြီးမြို့နယ်ရှိ စစ်ကိုင်းတိုင်းဒေသအတွင်း မြောက်ဘက် ယင်းမာပင်မြို့နယ်၊ တောင်ဘက် ရေစကြိုမြို့ နယ်နှင့် မြိုင်မြို့နယ်၊ အနောက်ဘက် ပုလဲမြို့နယ်၊ အရှေ့ဘက် မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ် တစ်ဆက်တည်းတည်ရှိပြီး နှစ်စဉ်ပျမ်းမျှ အပူချိန် ၄၂ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ ဒီဂရီဖာရင်ဟိုက်ကြား တစ်နှစ်လျှင် မိုးရွာရက် ၃၅ ရက်မှ ၄၅ ရက်အတွင်း နှစ် စဉ်မိုးရေချိန် ၁၀ လက်မမှ ၃၀ လက်မ ပတ်ဝန်းကျင်သာရွာပြီး အပူပိုင်းရေရှားပါးသည့် ဒေသဖြစ်သဖြင့် ရွှေကိုမလို ရေကိုသာလိုသည့်ဒေသအဖြစ် အပြောများသော ဒေသဖြစ်ပါကြောင်း၊ ဆားလင်းကြီးမြို့နယ် အနောက်ကျေးရွာအုပ်စုဘက်တွင် မိုးရွာသွန်းမှုအပေါ်မူတည်ပြီး ပြောင်း၊ ဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ဆေးရွက်ကြီး၊ ငရုတ်၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ကြက်သွန်အစရှိသည့် ရာသီသီးနှံစိုက်ပျိုးဖြစ်ထွန်းပြီး စိုက်ပျိုးရေသာရရှိမည်ဆိုပါက စပါးပါစိုက်ပျိုးနိုင်သည့်အတွက် နှစ်ရှည်သီးနှံပင်အဖြစ် ထန်း၊ ဇီး၊ သရက်၊ ရှား အပင်များဖြစ်ထွန်းသော ကျေးရွာအုပ်စု ၃၉ အုပ်စု၊ ကျေးရွာ ၁၅၂ ရွာရှိဒေသများဖြစ်ပါကြောင်း၊ တစ်နှစ်ပတ် လုံးမိုးရေချိန် နည်းပါးပြီး ရေရှားပါးသည့် အရပ်ဒေသဖြစ်သောကြောင့် တောင်ယမားချောင်းနှင့် မြောက်ယမားချောင်းမှ ရေများအဟောသိကံ ချင်းတွင်းမြစ်အတွင်းသို့ စီးဆင်းနေရာမှ တချို့စိုက်ပျိုး ရေအဖြစ်အသုံးပြုနိုင်ရန်အတွက် သိုလှောင်ပြီး မြေမြင့်၊ မြေနိမ့် တူးမြောင်းဖောက်လုပ်ပြီး ဒေသခံပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး၊ စားဝတ်နေရေး၊ လူနေမှုဘဝမြင့်မားရေးအတွက် စီးပွားဖြစ် နှစ်ရှည်သီးနှံ စိုက်ပျိုး နိုင်ရန် ငွေသာဆည်၊ ဖောင်းတကာဆည်၊ ရေကားဆည်နည်းတူ ရေလှောင်ကန်နိုင်သည့် ဆည်၊ ရေလှောင်ကန် ပြုလုပ်နိုင်ရေးအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း (Feasibility Study) ဆောင်ရွက်ပေးနိုင်ရန် ဖြစ်မြောက်နိုင်စွမ်းရှိသည့် နေရာမျိုးတွင် စိုက်ပျိုးရေရရှိ၍ ဆည်၊ မြောင်း၊ ကန်၊ ချောင်းများကို အဆိုပါ ယမားချောင်းမှ သယ်ယူဆောင်ပေးနိုင်ရန် ဒေသခံများ ကိုယ်စား မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် တောင်ယမားချောင်းပေါ်တွင် တောင်ယမားရေလှောင်တမံကို ၁၉၉၉-၂၀၀၀ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ဧက ၇၀၀၀ အား စိုက်ပျိုးရေပေးဝေနိုင်ခဲ့ပါကြောင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်မြို့ နယ် မြောက်ယမားချောင်းပေါ်တွင်လည်း မြောက်ယမား ရေလှောင်တမံကို ၁၉၉၈-၁၉၉၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ဧက ၁၂၀၀၀ အား စိုက်ပျိုးရေပေးဝေနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မြောက်ယမားရေလှောင်တမံ၏ နှစ်စဉ် ပိုလျှံရေများ ကို ထိန်းသိမ်းနိုင်ရန်နှင့် ရေအားလျှပ်စစ် ၂၅၀ ကီလိုဝပ်ထုတ်လုပ်ရန်အတွက် မြောက်ယမား ရေကူ ရေလှောင်တမံအား ၂၀၀၇-၂၀၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ပိုလျှံရေများအဖြစ် ဧက ၇၅၀၀ စိုက်ပျိုးရေ တိုး ချဲ့ ပေးဝေနိုင်ရေး အတွက် မြောက်ယမားလက်ဝဲတိုးချဲ့ ရေသောက်စနစ်အား ၂၀၀၈-၂၀၀၉ ခုနှစ်တွင်လည်းကောင်း၊ ဧက ၉၀၀၀ တိုးချဲ့ရေပေးဝေနိုင်ရန် မြောက်ယမားလက်ယာတိုးချဲ့ ရေသောက်စနစ်အား ၂၀၁၁-၁၂ ခုနှစ်တွင် လည်းကောင်း ဆက်လက်တည်ဆောက်လျက်ရှိပါကြောင်း၊
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ရေသောက်ဧရိယာ ၃၀၀၀ ဧကရှိ ငွေသာရေလှောင်တမံ၊ ဧက ၁၀၀၀ ရှိ ဆားလင်းကြီးရေလှောင်တမံနှင့် ၁၅၀၀ ဧကရှိ ဖောင်းတကာရေလှောင်တမံ တို့ကိုလည်း တည်ဆောက်ပေးခဲ့ပြီးဖြစ် ပါကြောင်း၊ စိုက်ပျိုးရေတိုးတက်ရရှိနိုင်မှုအတွက် မြောက်ယမားချောင်းအတွင်းသို့ စီးဝင်သည့် ဆပ်သာချောင်းပေါ်တွင် ဆပ်သာရေလှောင်တမံကို တည်ဆောက်ရန် ကျွမ်းကျင်မှုဆိုင်ရာ စူးစမ်းလေ့လာမှုများကို ၂၀၁၄ ခုနှစ်၊ ဧပြီလကုန် တွင် ဆောင်ရွက်ပြီးဖြစ်၍ ဒီဇိုင်းပုံစံထုတ်လုပ်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေသောက်စနစ်တည်ဆောက်ရန် လေ့လာခြင်းနှင့်အတူ ဆည်တည်ဆောက် မည့်ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု အခြေအနေ၊ ပြည်သူ တို့၏လူမှုစီးပွားဘဝ ထိခိုက်နိုင်မှု အခြေအနေ၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်တွက်ခြေကိုက်မှု လေ့လာဆန်းစစ်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပြီးနောက် အားသာချက်ရှိမှုနှင့် လုပ်ငန်းလိုအပ်ချက်ရှိမှုတို့အပေါ်တွင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ဆက်လက်စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
