စာပေဗိမာန်အသင်းသည် မိမိတို့မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်င်ငံသားများ၏ အသိပညာ၊ အတတ်ပညာ၊ သုတရသဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့သော အသင်းကြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ရောင်းအားကောင်းသော စာအုပ်စာပေ၊ အသိပညာ အတတ်ပညာပိုင်းဆိုင်ရာ စာအုပ်များ ကို မြန်မာဘာသာ ပြန်ဆိုရန်ဖွဲ့စည်းခဲ့သောအသင်းကြီးအဖြစ် မိမိနားလည်ထားပါကြောင်း၊ နိုင်ငံသားအများစုအတွက် မိခင် ဘာသာနှင့်ရေးသားထားသော နိုင်ငံတကာစာအုပ်စာပေများစွာလိုအပ်လျက် ရှိပါကြောင်း၊ စာပေဗိမာန် အသင်းကြီးအား မူလရည်ရွယ်ချက်အတိုင်းဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ နှင့်မရှိပါက အကောင် အထည် ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိတို့ကိုသိရှိလို ပါကြောင်းမေးမြန်းပါသည်။
စာပေဗိမာန်သည် ၂၆-၈-၁၉၄၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကြီးပင် ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို စတင်တည်ထောင်စဉ်ကပြည်ထောင်စုသားတိုင်း အသိပညာတိုးပွားစေရန် ဘာသာခြားနှင့် ရေးသားထားသော စာအုပ်စာတမ်းများကို ဘာသာပြန်ရန်၊ တိုင်းရင်းသားဘာသာနှင့် ရေးသားထားသောစာအုပ် စာတမ်းများကို နိုင်ငံခြားဘာသာ ပြန်ဆိုရန်၊ မြန်မာမှုအရပ်ရပ်ကို စူးစမ်းရှာဖွေရန်နှင့် စာအုပ်စာတမ်းအရပ်ရပ်ကို ပုံနှိပ်ဖြန့်ချိရန် စသည့် ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းသည် ဘာသာပြန်အပါအဝင် မြန်မာစာပေ တိုးတက်ပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ၁၉၄၈ ခုနှစ်မှစ၍ စာပေဆုများချီးမြှင့်ခဲ့ပါကြောင်း၊ ၁၉၅၁ ခုနှစ်တွင် စာပေဗိမာမဂ္ဂဇင်း ထုတ်လုပ်မှုကို အကြောင်းပြု၍ ဘာသာပြန်စာပေအသင်းမှ စာပေဗိမာန်အဖြစ် ပြောင်းလဲခဲ့ပါကြောင်း၊ ၁၉၆၃ ခုနှစ်တွင် စာပေဗိမာန်အဖွဲ့ အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်း၍ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ဖျက်သိမ်းခဲ့ပြီး ၁၉-၂-၁၉၉၂ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ဥပဒေအမှတ်(၁/၉၂)နှင့် ဥပဒေများရုပ်သိမ်းသော ဥပဒေကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ရုပ်သိမ်းသောဥပဒေများတွင် စာပေဗိမာန်အဖွဲ့ အုပ်ချုပ်ရေးဥပဒေသည်လည်း ပါဝင်ပါကြောင်း၊ ထို့နောက် စာပေဗိမာန်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏ ဌာနခွဲတစ်ခုအဖြစ်ထားရှိ ဆောင်ရွက်ခဲ့ပြီး ပုဂ္ဂလိကထုတ်ဝေရေးကဏ္ဍများ တိုးတက်ဖြစ်ထွန်းလာခဲ့ သော်လည်း စာပေဗိမာန်၏ ဘာသာပြန်စာပေအခန်းကဏ္ဍသည် လျော့နည်းကျဆင်းလာခဲ့ပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သော အစဉ်အလာကောင်းများ ကို ပြန်လည်ဖော်ဆောင်နိုင်ရန် စာပေဗိမာန်၏ဖွဲ့စည်းပုံကို ဘာသာပြန်ဌာနအသစ် ထည့်သွင်း၍ ၄-၄-၂၀၁၃ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊
စာပေဗိမာန်အနှေနှင့် အမျိုးသားစာပေတစ်သက်သာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုများကို ချီးမြှင့်နိုင်ရန်အတွက် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကူညီဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ဗဟိုပြုမူဝါဒအရ စာပေဗိမာန်စာကြည့်တိုက် (ရန်ကုန်၊ မန္တလေး)၊ ရည်ညွှန်းစာကြည့်တိုက်၊ ကလေးစာကြည့်တိုက်များ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်များအတွက် ရွှေသွေးစာစောင်၊ လူငယ်များအတွက် သုတပဒေသာစာစောင်၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် လစဉ်အခမဲ့ ဖြန့်ချိပေးနေသော စာပေရေချမ်းစဉ်များတွင် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေ၊ဘာသာရေး၊အားကစား၊ယဉ်ကျေးမှုနှင့်အနုပညာ၊သိပ္ပံနှင့်နည်းပညာ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ပြည်သူ့နိတိ၊အတ္ထုပ္ပတ္တိ၊ကလေးသူငယ်ဆိုင်ရာစသည့်စာစောင်များကိုထုတ်လုပ်ခြင်း၊ နှစ်စဉ်ထုတ် မြန်မာ့စွယ်စုံကြမ်း နှစ်ချုပ်စာပေဗိမာန်စာမူဆုရနှင့် ပခုက္ကူစာပေဆုရ စာအုပ်များကို ပြည်သူ့လက်စွဲအဖြစ် စာအုပ်ထုတ်ဝေရာတွင် ပြင်ပစာအုပ်များထက် ဈေးနှုန်းချိုသာစွာ ထုတ်ဝေရောင်းချခြင်း၊ အခြားသင့်လျော်သည့်စာအုပ်များကို ဘာသာပြန်အပါအဝင် ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊
စာအုပ်များထုတ်ဝေမှုကျဆင်းခြင်း၊ စာမူကောင်းများရရှိရန်ခက်ခဲခြင်းနှင့် စာအုပ်များကို ပေးပို့ရာတွင် စာအုပ်တန်ဖိုးထက် စာပို့ခပိုမိုများပြားခြင်း၊ ဝယ်ယူသူနည်းပါးလာခြင်းတို့ကြောင့် ဝယ်ယူနေသော အသင်းဝင်များ ကုန်ကျစရိတ်သက်သာစေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှတစ်ဆင့်စာအုပ်စာဆောင်များကို ပေးပို့ဖြန့်ဝေလျက်ရှိပါကြောင်း၊ စာပို့ခနှုန်းထားများ လျော့နည်းပါကဝယ်ယူသူအသင်းဝင်များ၊ပိုမိုများပြားလာနိုင်ကြောင်း၊ နိုင်ငံသားများ၏ အကျိုးကို ဖြစ်ထွန်းစေနိုင်သော နိုင်ငံတကာ စာအုပ်များကို ဘာသာပြန်စာအုပ်များ အဖြစ်လည်းကောင်း၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာဆိုင်ရာ စာအုပ်စာစောင်များကို စာပေဗိမာန်ထုတ် စာအုပ်စာစောင်များ အဖြစ်သို့လည်းကောင်း ထုတ်ဝေနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စာပေဗိမာန်၏ မူလရည်ရွယ်ချက်များအတိုင်း မြန်မာစာပေဖွံ့ဖြိုးတိုးတက် ရေးကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။
