(ဃ)-အခြေခံအဆင့်နှင့်အဆင့်မြင့်ပညာတက္ကသိုလ် များတွင်Logic(ယုတ္တိဗေဒ)နှင့်Ethics(ကိုယ်ကျင့် တရား) ပညာကို သင်ကြားပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁.၇.၂၀၁၄)

ယနေ့ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရာတွင် နိုင်ငံသားတစ်ဦးချင်းစီတွင် အဓိကအားဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်ရန်လို အပ်ပါကြောင်း၊ ကိုယ်ကျင့်တရားကောင်းပါမှ စည်းကမ်းသိသော၊ တာဝန်သိသော၊ တာဝန်ယူတတ်သူများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ပေါ်ထွန်းလာစေရန် အခြေခံကစပြီး ပြုစုပျိုးထောင်လေ့ ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ အခြေခံကရရှိသော အသိတရားကနေပြီး အဆင့်မြင့်ပညာ ဆည်းပူးလေ့လာသည့်အခါ ပိုမို ခိုင်မာရှင်သန်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရန်၊ စည်းကမ်းရှိလာနိုင်ရန် နိုင်ငံသားတစ်ဦးစီ၏ စိတ်နေစိတ်ထားကို ပြုပြင်ပြောင်းလဲ လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ တွေးခေါ်မြော်မြင်မှုမှန်ကန်ပြီး အတွေးကောင်းပါမှ အလုပ်ကောင်းများပေါ်ထွက်လာမည်ဖြစ်ပြီး အလုပ်ကောင်းများပေါ်ထွက်ပေါ်လားစေရန် ဒဿနိက ဘာသာရပ် Logic (ယုတ္တိဗေဒ) နှင့် Ethics (ကိုယ်ကျင့်တရား) ပညာကို သိပ္ပံနှင့် ဝိဇ္ဇာဘာသာရပ်များတွင် မသင်မနေ ဘာသာအဖြစ် စတင်သင်ကြားရန် လိုအပ်နေပါကြောင်း၊ Logic(ယုတ္တိဗေဒ)ကို သင်ကြားရခြင်းဖြင့် အရာရာကို ယုတ္တိရှိစွာ တွေးတောဆင်ခြင်တတ်လာခြင်း၊ အကျိုးနှင့်အကြောင်းကို ခွဲခြားသိတတ်လာခြင်း၊ ပြဿနာများ၊ ပဋိပက္ခများ မဖြစ်ပေါ် ခင်က ကြိုတင်ခန့်မှန်းကြံဆထားနိုင်ခြင်း၊ ရှုထောင့်အမျိုးမျိုးမှ ရှုမြင်ခြင်းတို့ ရရှိမည်ဖြစ်ပါကြောင်း၊ ကြိုတင်ခန့်မှန်းနိုင်ခြင်းဖြင့် ပြဿနာပဋိပက္ခတွေ မဖြစ်ခင်ကတည်းက ကြိုတင်စီမံထားနိုင်ပါကြောင်း၊ Ethics (ကိုယ်ကျင့်တရား) ပညာကို သင်ကြားရခြင်းဖြင့် အတ္တဟိတနှင့် ပရဟိတတို့ကို ညီညွတ်မျှတအောင် ချင့်ချိန်နိုင်ခြင်း၊ ဖြစ်ခြင်းနှင့် ဖြစ်သင့်ခြင်း၊ ရှိခြင်းနှင့် ရှိသင့်ခြင်း တို့ကို နားလည်သဘောပေါက်လာနိုင်ပြီး တာဝန်ယူလိုသော အသိစိတ်ဓာတ်ရှိလာပြီး တာဝန်ယူတတ်လာခြင်း စသည့် အကျိုးရလဒ်များ ရရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံကြီး တည်ဆောက်ရာတွင် တာဝန်သိ၍ တာဝန်ယူတတ်သော အတ္တနှင့် ပရကို မျှတစွာကျင့်သုံးတတ်သော နိုင်ငံသားများ ပေါ်ထွက်လာရန်၊ အခြေခံအဆင့်နှင့် အဆင့်မြင့်ပညာတက္ကသိုလ်များတွင် ဒဿနိကဘာသာရပ်ဖြစ်သော Logic (ယုတ္တိဗေဒ) နှင့် Ethics(ကိုယ်ကျင့်တရား) ပညာကို မသင်မနေရဘာသာရပ်အဖြစ် သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံံ့သားကောင်းများပေါ်ထွက်လာစေရန် ပြုစုပျိုးထောင် လေ့ကျင့် သင်ကြားပေးရေးသည် အဓိကရည်မှန်းချက်ဖြစ်ပြီး ရည်မှန်းချက်အတိုင်း အခြေခံပညာကဏ္ဍတွင် နိုင်ငံသားကောင်းတစ်ယောက်အနေဖြင့် ရရှိရမည့် အခွင့်အရေး၊ တာဝန်များ၊ တာဝန်သိမှု၊ တာဝန်ယူတတ်မှု၊ အတ္တနှင့် ပရကို မျှတအောင်ကျင့်သုံးတတ်မှု ရှိစေရန်အတွက် သင်ရိုးညွှန်းတမ်းတွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်၊ စာရိတ္တနှင့် လောကနီတိ ဘာသာရပ်နှင့် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်များကို ထည့်သွင်းရေးဆွဲ သင်ကြားပေးလျက် ရှိပါကြောင်း၊ အခြေခံပညာအဆင့်၌ စာရိတ္တနှင့် ပြည်သူ့နီတိသည် မူလတန်းအောက်အဆင့် သင်ရိုးတွင် အထွေထွေဘာသာရပ်၌ပါဝင်ပြီး မူလတန်းထပ်ဆင့်တွင် လူမှုရေးဘာသာရပ်ဖြင့် ပါဝင်ပါကြောင်း၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာရိတ္တနှင့် လောကနီတိ ဘာသာရပ်တွင် လူ့အခွင့်အလမ်းပညာရေး သင်ခန်းစာများကို ၂၀၀၄-၀၅  ပညာသင်နှစ်မှစတင်၍ ထည့်သွင်းသင်ကြားပေး လျက်ရှိသည့်အပြင် ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်ကို ၂၀၀၀-၀၁ ပညာသင်နှစ်မှ စတင်၍ သင်ကြားပေးခဲ့ပါကြောင်း၊ ဘဝတွက်တာကျွမ်းကျင်စရာဆိုသည်မှာ လူမှုဘဝတွင် ရင်ဆိုင်ကြုံတွေ့ရမည့် ပြဿနာအမျိုးမျိုးကို အပြုသဘောဆောင်သော အတွေးအခေါ်များဖြင့် မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်လုပ်ကိုင်တတ်သော လူမှုစိတ်ပိုင်းဆိုင်ရာ အခြေခံကျွမ်းကျင်မှုအရည်အချင်းများ ဖြစ်ပါကြောင်း၊ ယခုအခါ အခြေခံပညာကျောင်းတိုင်းတွင် ကျောင်းကောင်စီများ ဖွဲ့စည်းပေးထားကာ ကျောင်းသူ/ကျောင်းသားတိုင်း ကျောင်းကောင်စီအဖွဲ့ဝင်များဖြစ်ပြီး နေ့စဉ် ကျောင်းဖွင့်ရက်များတွင် ကျောင်းလုပ်ငန်းများကို တာဝန်ခွဲဝေဆောင်ရွက်စေခြင်းဖြင့် မူလတန်းကျောင်းသားဘဝမှ စတင်၍ တာဝန်ယူတတ်သော အလေ့အကျင်‌့ကောင်းများ ရရှိစေရန် ပြုစုပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် ၂၀၁၂-၁၃ ပညာသင်နှစ်မှစ၍ ကင်းထောက်အဖွဲ့များ ပြန်လည်ဖွဲ့စည်းခဲ့ပြီး အသက်အရွယ်အလိုက် သူတစ်ပါးကို ကိုယ်ချင်းစာနာစိတ်ဖြင့် ကူညီပေးရန် အဆင်သင့်ရှိနေသော လူငယ်များစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍတွင် အခုလက်ရှိသင်ကြားပေးနေသော စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်၊ စာရိတ္တနှင့် လောကနီတိဘာသာရပ်သည် ကိုယ်ကျင့်တရား Ethics ကို တိုက်ရိုက်သင်ကြားပေးသည့် ဘာသာရပ်များဖြစ်သည့်အပြင် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်သည် ကလေးများ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ အမှား/အမှန်ဆုံးဖြတ်နိုင်စွမ်း၊ အရာရာကို ယုတ္တိရှိစွာတွေးခေါ်နိုင်စွမ်း၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းများကို လေ့ကျင့်ပျိုးထောင်ပေးသည့် ဘာသာရပ်များ Logic ဖြစ်ပါကြောင်း၊ Logic (ယုတ္တိဗေဒ) နှင့် Ethics (ကိုယ်ကျင့်တရား) ဟု ဘာသာရပ်အမည် မတပ်ထားသည်မှလွဲ၍ လက်တွေ့သင်ကြားပေးလျက်ရှိပါကြောင်း။

အဆင့်မြင့်ပညာအဆင့်၌လည်း ဒဿနိကဗေဒဘာသာရပ်ကို ဘွဲ့ကြိုနှင့် ဘွဲ့လွန်၊ မဟာဝိဇ္ဇာ ပထမနှစ် ဒဿနိကဗေဒဘ ာသာရပ် အထူးပြုသင်တန်းများအတွက် အထူးပြုဘာသာရပ်အနေဖြင့်လည်းကောင်း၊ ပထမနှစ်ဝိဇ္ဇာဘာသာအထူးပြု သင်တန်းသားများအတွက် လက်တွေ့အသုံးချ ယုတ္တိဗေဒနှင့် မြန်မာ့လူ့အဖွဲ့အစည်းများမှ ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများ ဘာသာရပ်တို့ကို ကြိုက်ရာရွေးချယ်ပြီး အထောက်အကူပြုဘာသာရပ်အဖြစ်လည်းကောင်း၊ ပထမနှစ်သင်္ချာ အထူးပြုသိပ္ပံ သင်တန်းသားများအတွက် သင်္ချာယုတ္တိဗေဒကို အထောက်အကူပြုဘာသာရပ်အဖြစ်လည်းကောင်း၊ ပထမနှစ် စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်များအတွက် မြန်မာ့လူ့အဖွဲ့အစည်းမှ ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများ ဘာသာရပ်ကို အထူးပြုဘာသာရပ်အဖြစ်လည်းကောင်း၊ ဒုတိယနှစ်ဝိဇ္ဇာ အထူးပြုသင်တန်းသားများအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကိုယ်ကျင့်တရားပညာကို အထောက်အကူပြုဘာသာရပ်အဖြစ်လည်းကောင်း၊ ဒုတိယနှစ်(ပထမနှစ်ဝက်) နိုင်ငံခြားဘာသာတက္ကသိုလ် ကိုရီးယား၊ ဂျပန်နှင့် တရုတ်စာအထူးပြုဘာသာရပ်သင်တန်းသားများအတွက် ယုတ္တိ နည်းကျဆင်ခြင်မှု စည်းမျဉ်းများနှင့် အရှေ့တိုင်းဒဿနများကို အထောက်အကူပြုဘာသာရပ်အဖြစ်လည်းကောင်း၊ ဂျာမန်၊ ရုရှား၊ ပြင်သစ်နှင့် အင်္ဂလိပ်အထူးပြုဘာသာရပ်များအတွက် ယုတ္တိနည်းကျဆင်ခြင်မှုစည်းမျဉ်းများနှင့် အနောက်တိုင်း ဒဿနများကို အထောက်အကူပြုဘာသာရပ်အဖြစ်လည်းကောင်း  သင်ကြားပေးလျက်ရှိသည့်အပြင် အဝေးသင် တက္ကသိုလ်များတွင်လည်း ဒဿနိကဘာသာရပ်ကို အထူးပြုဘာသာရပ်အနေဖြင့်လည်းကောင်း၊ မြန်မာစာ၊ သမိုင်း၊ စိတ်ပညာနှင့် အင်္ဂလိပ်စာ ဘာသာရပ်များတွင် အထောက်အကူပြုဘာသာရပ်အနေဖြင့်လည်းကောင်း သင်ကြားပေး လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ဒွဲဘူ (အင်ဂျန်းယန်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိတို့ တက္ကသိုလ်တက်စဉ်က ယင်းဘာသာရပ်ကို ပထမနှစ်နှင့် ဒုတိယနှစ်တွင် မသင်မနေရဘာသာအဖြစ် သင်ကြားခဲ့သည့် အတွက် လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် များစွာအကြိုးရှိပါကြောင်း၊ ယနေ့ခေတ်ကာလတွင် ဝိဇ္ဇာဘာသာရပ်တွင် ယင်းကဏ္ဍကို စိတ်ကြိုက်ဘာသာရပ်အဖြစ် ယူခွင့်ရှိပြီး သိပ္ပံဘာသာ၌ သင်္ချာတွင် စိတ်ကြိုက်ဘာသာအဖြစ် ယူခွင့်ရှိပါကြောင်း၊ မသင်မနေရ ဘာသာအဖြစ် မြန်မာ့ရေးရာဘာသာရပ်ကို သင်ကြားလျက်ရှိပါကြောင်း၊ ထို့ကြောင့် ယင်းဘာသာရပ်ကို ကျောင်းသားများ စိတ်ကြိုက်ဘာသာရပ်ဖြစ်သည့်အတွက် တော်ရုံတန်ရုံမယူကြပါကြောင်း၊ ထို့ကြောင့် ယင်းဘာသာရပ်ကို မြန်မာဘာသာရပ်ကဲ့သို့ ပထမနှစ်၊ ဒုတိယနှစ်များတွင် မသင်မနေရဘာသာရပ်အဖြစ် သင်ကြားပေးမည်ဆိုပါက အင်မတန်ကောင်းမွန်မည့် အစီအစဉ်ဖြစ်ပါကြောင်း ဆက်လက်တင်ပြသွားပါသည်။

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးသည် ပညာရေးမြှင့်တင်ရန် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ထည့်သွင်းစဉ်းစားသည့်အချက်မှာ အဖွဲ့အစည်းများမှ ဥပဒေ၊ နည်းဥပဒေများတွင် ပါလာမည်ဆိုပါက ယင်းကိစ္စဖြစ်မြောက်သွားမည်ဟု ထင်မြင်မိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားပါသည်။

ဒေါ်ဒွဲဘူ (အင်ဂျန်းယန်) ၏ ထပ်ဆင့်မေးခွန်းကို ယနေ့တက်ရောက်လာသော ဒုတိယဝန်ကြီးကတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့် ဆွေးနွေးပွဲများ ကျင်းပရင်းဖြင့် ဒုတိယဝန်ကြီးထံ ယခုအခြေအနေကို သတင်းပို့၊ သတင်း ပေးမည်ဆိုပါက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ယခု မေးခွန်း၊ အဖြေ၊ ထပ်ဆင့်မေးခွန်း နှင့် ဒုတိယဝန်ကြီး၏ ဖြေကြားချက်များကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဆီကို ပို့ပေးမည်ဆိုပါက အားလုံးကျယ်ကျယ်ပြန့်ပြန့် ခြုံငုံပြီး စဉ်းစားနိုင်မည့်အနေအထားတွင် ရှိမည်ဖြစ်ပါကြောင်း အကြံပြုသုံးသပ်ပြောကြား သွားပါသည်။