(က)-ကဝမြို့နယ်တွင် အားကစားရုံတစ်ရုံနှင့် အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၇.၆.၂၀၁၄)

ဦးဝင်းစိန် (ကဝ)ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်သည် မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်ပြီး အားကစားအရာရှိများလည်းရှိပါကြောင်း၊ အားကစားနှင့်ပတ်သက်သည့် ကြက်တောင်၊ ဘောလုံး၊ လက်ဝှေ့၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အစရှိသဖြင့် အားကစားများကို တစ်နှစ် လျှင် ၁၂ လ ရှိသည့်အနက် နွေကာလ(၄)လခန့်ဖြစ်သော ဇန်နဝါရီမှ ဧပြီလကုန်အထိသာ လယ်ကွင်းများတွင် ကစားရပါကြောင်း၊ ကျန်(၈)လခန့်မှာ မိုးများပြီးမြေမာမရှိသဖြင့် ကစား၍မရပါကြောင်း၊ သို့ပါ၍ ကဝမြို့နယ်အတွင်းရှိ လူဦးရေမှာ ၂၀၀၀၀၀ ကျော်ရှိပြီး အားကစားရုံတည်ဆောက်ရန်မြေကြီးမှာလည်း ၃.၉၁ ဧကရှိပါသဖြင့် အားကစားရုံတစ်ရုံနှင့် အားကစားကွင်း တစ်ကွင်း တည်ဆောက်ပေးပါရန်၊ ဆောင်ရွက်ပေးမည် ဆိုပါက မည်သည်‌့အချိန်တွင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဖြေကြားချက်မှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများ အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများ အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်သွားရန် စီစဉ်သတ်မှတ်ထားပြီး တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၏ ၂၅-၁၁-၂၀၁၃ ရက်စွဲပါစာအမှတ် (၃၈၈/ အခ ၁၂ ပခတ/၂၀၁၃)ဖြင့် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များအလိုက် အားကစားကွင်း၊ အားကစားရုံ တည်ဆောက်ခြင်း၊ အဆင်‌့မြှင့်တင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်လိုပါက လိုအပ်သော တွက်ချက်မှုပုံစံများ နှင့်အတူ သတ်မှတ်ဘဏ္ဍာရေးနှစ်အမီ တင်ပြသွားရန် ညွှန်ကြားထားပြီးဖြစ်၍ ကဝမြို့နယ်တွင် အားကစားရုံတစ်ရုံနှင့် အားကစားကွင်း တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍ သင့်တော်သောအဆင့် ရှိ မိုးလုံလေလုံအားကစားရုံ၊ တွက်ချက်မှုပုံစံ၊ (BQ) Size Plan များနှင်‌့ ပြည့်စုံစွာတင်ပြလာပါက ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ရန်ပုံငွေစာရင်းတွင် ထည်‌့သွင်းရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။