မြန်မာနိုင်ငံတွင် နေ့စဉ်ထွက်ရှိသော ရေနံစိမ်းပမာဏနှင့် နေ့စဉ်သုံးစွဲနေသော ဒီဇယ်ဆီ၊ ဓာတ်ဆီ စသည့် လောင်စာဆီ ပမာဏမှာ များစွာကွာခြားလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံနှင့် စင်ကာပူ စသည့်နိုင်ငံများတွင် လစဉ်တင်သွင်းသည့် ဒီဇယ်ဆီ၊ ဓာတ်ဆီများ၏ ပမာဏမှာ များပြားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းရည် Policy တွင် အနာဂတ်စွမ်းအင် လုံခြုံရေးအတွက် မည်ကဲ့သို့သော Policy များ ချမှတ်ထားပါသနည်း၊ ယနေ့ မြန်မာနိုင်ငံတွင် တစ်နေ့လျှင် ရေနံစိမ်း ဆီ ၇၀၀၀ ခန့် ထုတ်လုပ်နေသော်လည်း မိမိတို့ ယနေ့ သုံးစွဲနေသော ရေနံစိမ်း ဆီပေါင်း ၇၀၀၀၀ ကျော်နှင့် ညီမျှသည့် စွမ်းကို သုံးစွဲနေခြင်းဖြစ်သည့်အတွက် ထွက်ရှိသောပမာဏထက် ကျွန်တော်တို့က ၁၀ ဆခန့် သုံးစွဲနေရပါကြောင်း၊ ထိုသို့ဖြစ်နေခြင်းကို အနာဂတ်တွင် မည်သို့ဖြေရှင်းပေးမည်ကို သိရှိလိုပါကြောင်း၊ စနစ်တကျစီမံမှုမရှိပါက နိုင်ငံ၏ ကုန်သွယ်ရေး ဝင်ငွေ၊ ပိုငွေ များစွာထိခိုက်နိုင်ပါကြောင်း၊ ယင်းကိစ္စကိုဖြေရှင်းရန် နိုင်ငံခြားက ရေနံစိမ်းများကို တင်သွင်းပြီး စက်မှုဇုန်များတွင် လုံလုံလောက်လောက် ချက်လုပ်ပြီး ဒီဇယ်၊ ဓာတ်ဆီ ဖြန့်ဖြူးခြင်း အများသုံးစွဲနေသည့် မြို့ပတ်ရထားကဲ့သို့ စီမံကိန်းများကို ဂျပန်နိုင်ငံတွင် GR ဆိုသည့် မီးရထားလုပ်ငန်းကြီးသည် ရေအားလျှပ်စစ်စက်ရုံများ၊ ကျောက်မီးသွေး စက်ရုံများနှင့် လည်ပတ်ပြီး လျှပ်စစ်ရထားအဖြစ် အသုံးပြုသည့်အတွက် စွမ်းအင်သုံးစွဲသည့်နေရာတွင် လောင်စာဆီသုံးစွဲမှုပမာဏ လျော့ဆင်းစေပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ထိုကဲ့သို့ အစီအမံများကို စွမ်းအင် Policy တွင် မည်သို့ရေးဆွဲထားသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရေနံစိမ်းထွက်ရှိမှုအရ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ပြည်တွင်းထုတ်လုပ်မှုအနေဖြင့် ဓာတ်ဆီဂါလံ ၇၀.၅ သန်းနှင့် ဒီဇယ်ဆီဂါလံ သန်း ၄၀ ခန့်တို့ဖြစ်ပါကြောင်း၊ ပြည်တွင်းအသုံးပြုမှုအတွက် ဖြန့်ဖြူးပေးနေရမှုမှာ ဓာတ်ဆီဂါလံ ၁၆၈ သန်းခန့်နှင့် ဒီဇယ်ဆီ ဂါလံ ၃၇၀ သန်းခန့်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဓာတ်ဆီ၊ ဒီဇယ်လိုအပ်ချက် ပမာဏအား ပြည့်မီစေရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍ နှစ်ရပ်ပေါင်းအနေဖြင့် ဓာတ်ဆီဂါလံ ၉၇ သန်းခန့်နှင့် ဒီဇယ်ဆီဂါလံသန်း ၃၃၀ ခန့်အား ပြည်ပမှ တင်သွင်းခဲ့ရပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုမှာ လိုအပ်ချက်၏ ဓာတ်ဆီမှာ ၄၂ ရာခိုင်နှုန်း၊ ဒီဇယ်မှာ ၁၁ ရာခိုင်နှုန်းခန့်သာ ဖြည့်ဆည်းပေးနိုင်ပါကြောင်း၊ ပြည်ပမှတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျော့နည်းစေရန် ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုးချဲ့ရှာဖွေထုတ်လုပ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်တွင် နိုင်ငံတကာကုမ္ပဏီ ၁၂ ခုနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍ လုပ်ကွက် ၁၈ ကွက်အတွက်လည်း အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူလျက် လုပ်ကွက် ၁၆ ကွက်အတွက် နိုင်ငံတကာကုမ္ပဏီ ၁၀ ခုဖြင့် ပူးပေါင်းဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ ကမ်းလွန်လုပ်ကွက် ၁၉ ကွက်တွင် နိုင်ငံတကာကုမ္ပဏီ ၈ ခုနှင့် ပူးပေါင်းပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကမ်းလွန်လုပ်ကွက်သစ် ၃၀ အတွက်လည်း အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူပြီး လုပ်ကွက် ၂၁ ကွက်အား စာချုပ်များ ချုပ်ဆိုနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တင်ပြချက်ပါလုပ်ကွက်များမှ ထွက်ရှိလာမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲမှုအတွက် အဓိကထားပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေနံချက်စက်ရုံများအား အဆင့်မြှင့်တင်ခြင်း၊ 92 Ron ဓာတ်ဆီအဆင့်ချက်လုပ်နိုင်ခြင်းနှင့် JV စနစ် ဖက်စပ်လုပ်ငန်းများ ထူထောင်ခြင်းကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် သွားခြင်းနှင့်အတူ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ JV စနစ်ဖြင့် ဆောင်ရွက်ခြင်းတို့ဖြင့် အနာဂတ် စွမ်းအင်လုံခြုံရေးကို အထောက်အကူပြုလုပ်ငန်းစဉ်များအဖြစ် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
စွမ်းအင်ကဏ္ဍအသီးသီးအတွက် အနာဂတ်စွမ်းအင်လုံခြုံရေးနှင့်ဆက်စပ်ပြီး လျှပ်စစ်စွမ်းအင်ကဏ္ဍသည် ယခုအခြေအနေတွင် လျှပ်စစ်စွမ်းအင် တိုးတက်ရရှိနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှ ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကို ဦးစားပေး ပြီး အသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ကို အကျိုးရှိစွာသုံးစွဲခြင်းနှင့် ခြိုးခြံချွေတာခြင်း အနာဂတ် စွမ်းအင် လုံခြုံမှုရှိရေးမှာ အဓိကကျသည့်အတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး အရင်းအမြစ်များမှ စွမ်းအင်ရရှိသုံးစွဲခြင်း ကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တွေ့ရှိတိုင်းတာထားပြီးဖြစ်သော ရေအရင်းအမြစ် မဂ္ဂါဝပ် ၄၆၀၀၀ ကျော်မှ ရေအားလျှပ်စစ်စီမံကိန်းများကို အနာဂတ်စွမ်းအင်ဖူလုံစေရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် စီမံကိန်းများကို ပြည်တွင်း လျှပ်စစ်ဓာတ်အား ဖူလုံမှုရှိစေရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ပြည်ပမှလောင်စာဆီ တင်သွင်းနေရမှုကို လျော့ချရန်အတွက် နေစွမ်းအင်၊ လေစွမ်းအင်၊ ရေစွမ်းအင်၊ ဇီဝဒြပ်ထု စသည့် ပြန်ပြည့်မြဲ စွမ်းအင်သယံဇာတများကို စွမ်းအင်ပေါင်းစပ်သုံးစွဲမှု အချိုးအစား Energy Mix အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၊ အကူအညီအထောက်အပံ့များ ဖိတ်ခေါ်ဆောင်ရွက်လျက် ကျေးလက်ဒေသများကိုပါ လျှပ်စစ်မီးရရှိစေပြီး ဖွံ့ဖြိုးတိုးတက်ရန် အားပေးမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အားထုတ် စနစ် Bio Gas, Biomass အပါအဝင် Renewable Energy ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနည်း ပညာဝန်ကြီးဌာနမှ Focal Ministry အဖြစ် ဦးဆောင်ပြီး နည်းပညာပံ့ပိုးမှု၊ ကူညီမှုများကို အထောက်အပံ့ပြုပြီး Biogas ထုတ်ယူသည့် Bio Digester များတည်ဆောက်ခြင်း၊ ဇီဝဒြပ်ထု ထုတ်ယူနိုင်သည့် စွမ်းအင်စိုက်ခင်း (Energy Plantation) များကို ပြည်တွင်းပြည်ပ၊ ပုဂ္ဂလိကအပိုင်းမှ ပါဝင်စိုက်ပျိုးစေခြင်း၊ Bio Gasifier များတည်ဆောက်ခြင်းတို့ကို ပြည်နယ်/တိုင်းဒေသကြီးအလိုက် အားပေးကာ စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်မှလည်း စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အနာဂတ်စွမ်းအင်လုံခြုံရေးအတွက် မူဝါဒများချမှတ် ရေးဆွဲရန်အတွက် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီနှင့် စွမ်းအင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့ကို ၉-၁-၂၀၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ အခုအခါတွင် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီသည် စွမ်းအင်ကဏ္ဍအားလုံးကို လွှမ်းခြုံနိုင်မည့် အမျိုးသားစွမ်းအင်မူဝါဒ ၉ ချက်ကို ချက်မှတ်ရေးဆွဲထားပြီး ထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အမျိုးသားစွမ်းအင်မူဝါဒ ၉ ချက်မှာ မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်လုံခြုံရေး၏ သက်ဆိုင်သော မူဝါဒ ၅ ချက်ကိုလည်း ထည့်သွင်းချမှတ်ထားပါကြောင်း၊ ၎င်းတို့မှာ (က) မြန်မာနိုင်ငံတွင် လက်တွေ့အသုံးပြုရန် အလားအလာကောင်းသော စွမ်းအင်သယံဇာတအရင်းအမြစ်များကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှုအနည်းဆုံးဖြင့် သိပ္ပံနည်းကျလက်တွေ့ ရှာဖွေဖော်ထုတ်အသုံးပြုရန်နှင့် စနစ်တကျ လေ့လာသိရှိသော ခိုင်မာသည့်အချက်အလက်များကို အခြေခံပြီး တိုင်းပြည်၏ ရေတို၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစိတ်စီမံချက် ချမှတ်ဆောင်ရွက်ရန်၊ (ခ) စွမ်းအင်ကဏ္ဍအသီးသီး၏ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်ဖြည့်ဆည်း နိုင်မှုပမာဏ အမှန်ကိန်းဂဏန်းရရှိရေးဆောင်ရွက်ရန်၊ (ဂ) ရှာဖွေတွေ့ရှိသည့် စွမ်းအင်သယံဇာတများကို ထွက်ရှိရာ ဒေသအပါအဝင် ပြည်သူထူထုတစ်ရပ်လုံး အချိုးကျ ရရှိသုံးစွဲမှုဖြစ်စေရေးဆောင်ရွက်ရန်၊ (ဃ) မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး Sustainable Energy Development အတွက် ပြန်ပြည့်မြဲစွမ်းအင်ဖြစ်သည့် လေ၊ နေ၊ ရေအား၊ ဘူမိအပူနှင့် ဇီဝစွမ်းအင် စသည့် Renewable Energy အမျိုးအစားများကို ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ (င) စွမ်းအင်အသုံးပြုစွမ်းရည် တိုးမြှင့်လာစေရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။
ချမှတ်ထားသည့် အမျိုးသားစွမ်းအင်မူဝါဒများအလိုက် ဆက်လက်ပြီး စွမ်းအင်ကဏ္ဍ အသီးသီးအပေါ်တွင် ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ အကူအညီဖြင့် ကာလရှည်စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် (Long Term Energy Master Plan) နှင့် စွမ်းအင်မူဝါဒဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း (Coordination for Energy Policy) ကို ဆက်လက်ရေးဆွဲပြုစုလျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို အထောက်အကူပြုစေမမည့် အစီအမံတစ်ရပ်အနေဖြင့် အရံစက်သုံးဆီပမာဏများကိုလည်း စနစ်တကျ စုဆောင်ထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
