(ဃ)-မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့၏လုပ် ငန်းဆောင်ရွက်မှုအခြေအနေကိုသိလိုခြင်းနှင့်စပ် လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၀.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

မြန်မာနိုင်ငံယာဉ်ထိန်းရဲ တပ်ဖွဲ့ရှိ မော်တော်ယာဉ်များ စက်သုံးဆီသုံးစွဲမှုအား သက်ဆိုင်ရာက မည်သို့ ခွင့်ပြုထားပါသနည်းနှင့် အဆိုပါသုံးစွဲမှုများအား သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်၏ တပ်ဖွဲ့ တစ်ခုချင်းအလိုက် သုံးနှစ်အတွင်း နှစ်အလိုက်သုံးစွဲသည်‌့ဂါလံအရေအတွက်အား သိရှိလို ပါကြောင်း။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မော်တော်ယာဉ်နှင့် ယာဉ်မောင်းများအား စီမံချက် ချမှတ်စစ်ဆေးမှုများ ဆောင်ရွက်ကြရာတွင် အချို့သောမြို့ကြီးများမှာ စည်းကမ်းပျက် ယာဉ်နှင့် ယာဉ်မောင်း အမြောက်အများ ဖမ်းဆီးမိခြင်းကြောင်း သက်ဆိုင်ရာတရားရုံးများသို့ ဒဏ်ငွေ ပေးဆောင်ရာတွင် ဒဏ်ကြေးပေးဆောင်သူနှင့်တရားသူကြီးဦးရေ၊ ဝန်ထမ်းဦးရေ မမျှမတဖြစ် နေခြင်းများကြောင့် ပြည်သူများမှာ အချိန်ကုန်လူပမ်းဖြစ်နေကြရခြင်း၊ မလိုလားအပ်သော အပေး အယူများ ဆောင်ရွက်နေကြရခြင်း များကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက မည်သို့ ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်းနှင့် မော်တော်ယာဉ်များ မတော်အဆထိခိုက်မှုဖြစ်ပြီး သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားခဲ့ရာမှ တရားစွဲဆိုတင်ပို့ချိန် (သို့မဟုတ်) မတော်အဆ ထိခိုက်မှုဖြစ်သည့်သူ အချင်းချင်း ပြေလည်မှုရရှိ သွားချိန်များတွင် မော်တော်ယာဉ်များကို ထိန်းသိမ်းခဲ့သော ရဲ့တပ်ဖွဲ့စခန်းများက အဆိုပါ မော်တော်ယာဉ်တစ်စီးလျှင် ငွေကြေးဘယ်လောက် ပေးဆောင်စေရမည်ဟူသော သတ်မှတ်ချက်များရှိ/မရှိနှင့် သတ်မှတ်ချက်များ မရှိဘဲ ထိုသို့ဆောင်ရွက်နေပါက မည်ကဲ့သို့စီမံဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

မြန်မာနိုင်ငံရဲ့ တပ်ဖွဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့အား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာက ၈ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၄၀/၂၀၁၂ အရ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နေ့မှစပြီး ဖွဲ့စည်းပုံအသစ်ဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးရုံးကို နေပြည် တော်နှင့် တပ်ဖွဲ့ခွဲမှူးရုံးသုံးရုံးအား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖွဲ့စည်းထားရှိပါကြောင်း၊ အဆိုပါ တပ်ဖွဲ့မှူးရုံးများတစ်ရုံးစီအောက်တွင် ဒုတပ်ဖွဲ့မှူးရုံး ၅ ရုံးရှိကြပြီး ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး ၁၅ ရုံးတို့ကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များတွင် တာဝန်ပေးအပ်ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် ရှေ့ပြေးမီးတန်းယာဉ် ၉၂ စီး၊ လမ်းရှင်း/လမ်းပိတ်ယာဉ် ၃၀ စီး၊ အုပ်ချုပ်မှုယာဉ် ၅၇ စီး၊ စုစုပေါင်း မော်တော်ယာဉ် ၁၇၉ စီး ရှေ့ပြေး ဆိုင်ကယ် ၅၇၉ စီး၊ အုပ်ချုပ်မှုဆိုင်ကယ် ၁၁၈ စီး၊ စုစုပေါင်းဆိုင်ကယ် ၆၉၇ စီးရှိပါကြောင်း။

နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးနှင့် အမှတ် (၁) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးများအတွက် စက်သုံးဆီ ရရှိမှုအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ဒီဇယ် ၄၀၀ ဂါလံ၊ ဓါတ်ဆီ ၃၃၀၀ ဂါလံ၊ ၂၀၁၄ ခုနှစ်မှာ ဒီဇယ် ၉၆၀ ဂါလံ၊ ဓါတ်ဆီ ၇၉၂၀ ဂါလံ၊ အမှတ်(၂၀) ယာဉ်ထိန်းတပ်ဖွဲ့ ခွဲ(ရန်ကုန်) အတွက် ရန်ကုန်းတိုင်း ဒေသကြီးတပ်ဖွဲ့မှူးရုံးမှ ၂၀၁၂ ခုနှစ်တွင် ဓါတ်ဆီ ၂၄၄၈ ဂါလံ၊ ၂၀၁၃ ခုနှစ်တွင် ဓါတ်ဆီ ၂၄၄၈ ဂါလံ၊ ၂၀၁၄ ခုနှစ်တွင် ဓါတ်ဆီ ၂၄၄၈ ဂါလံ၊ အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) အတွက်ကို မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ၂၀၁၂ ခုနှစ်မှာ ဓါတ်ဆီ ၁၉၆၈ ဂါလံ၊ ၂၀၁၃ ခုနှစ်မှာ ဓါတ်ဆီ ၁၉၆၈ ဂါလံ၊ ၂၀၁၄ ခုနှစ်မှာ ဓါတ်ဆီ ၁၉၆၈ ဂါလံ၊ အမှတ်(၃) ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး (ပဲခူး) အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြိကြပ်မှု ကော်မတီ တို့မှ ၂၀၁၃ ခုနှစ်အတွက် ဓါတ်ဆီ ၁၆၀ ဂါလံ၊ ၂၀၁၄ ခုနှစ်တွင် ဓါတ်ဆီ ၂၄၅.၅ ဂါလံတို့ကို ထုတ်ပေး ထားရှိခဲ့ပြီး ဖြစ်ပါကြောင်း။

ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူးရုံးများတွင် သာမန်တာဝန်ခရီးစဉ်အတွက် စက်သုံးဆီအသုံးပြုအခြေအနေပေါ်မူတည်၍လည်းကောင်း၊ အရေးကြီးပုဂ္ဂိုလ် ခရီးစဉ်များနှင့် နိုင်ငံခြား ဧည့်သည်ခရီးစဉ်များတွင် သုံးစွဲကုန်ကျသည့်စက်သုံးဆီများကို သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာနများမှ ခရီးစဉ်အလိုက် သုံးစွဲရမှုအပေါ် မူတည်ပြီး ပြန်လည်ပံ့ပိုးပေးလျက်ရှိပါကြောင်း။

စည်းကမ်းပျက်ယာဉ်များအရေးယူမှုကို တစ်နိုင်ငံလုံးအနေဖြင့် အရေးယူဆောင်ရွက်ခဲ့ရာ၌ ၂၀၁၄ ခုနှစ်တွင် မော်တော် ယာဉ် ၃၃၉၂၉၀ မှု၊ ဆိုင်ကယ် ၂၄၂၂၉၄ မှု၊ ထော်လာဂျီ ၃၇၃၆ မှု၊ သုံးဘီးယာဉ် ၃၇၁၂ မှု၊ အနှေးယာဉ် ၂၈၀ မှု၊ စုစုပေါင်း ၅၈၉၃၀၃ မှုတို့ကို အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ နေပြည်တော်တွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အရေးယူဆောင်ရွက်ခဲ့မှု ၆၀၀၁ မှုရှိသည့် အတွက် တစ်ရက်လျှင်ပျမ်းမျှ ၂၄ မှု အရေးယူ နိုင်ခဲ့ပြီး တစ်ရက်လျှင်ပျမ်းမျှ ၁၄ မှုကို စစ်ဆေ စီရင်ပေး လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ်အတွင်း ၄၇၀၇၁၉ မှု၊ ၂၀၁၃ ခုနှစ်အတွင်း ၃၅၂၇၆၆ မှု၊ ၂၀၁၄ ခုနှစ်အတွင်း ၂၅၂၀၄၅ မှုရှိခြင်းကြောင့် တစ်ရက်လျှင်ပျမ်းမျှ ၉၈၂ မှုအနိုင်ယူ နိုင်ခဲ့ပြီး တစ်ရက်လျှင်ပျမ်းမျှ ၄၇၉ မှုကို စစ်ဆေးစီရင်ပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများအတွက် ပန်းဘဲတန်းနှင့် အင်းစိန်မြို့နယ် မော်တော်ယာဉ် တရားရုံးများမှ အဆင်ပြေ ချောမွေ့စွာနေ့ချင်းပြီး စစ်ဆေးစီရင်ပေးလျက်ရှိသည့် အပြင် အခြားမြို့နယ်များတွင်ဖြစ်ပွားသော မော်တော်ယာဉ် ဥပဒေအရ စွဲဆိုတင်ပို့လာတဲ့အမှုများကို သက်ဆိုင်ရာမြို့နယ်တရားရုံးများမှ နေ့ချင်းပြီး စစ်ဆေး စီရင်ပေးလျက်ရှိပါကြောင်း။

မန္တလေးမြို့မှာ စည်ကမ်းပျက်ယာဉ်များ အရေးယူမှုအနေဖြင့် ၂၀၁၂ ခုနှစ်မှ  ၂၀၁၄ ခုနှစ်ထိ တစ်ရက်လျှင်ပျမ်းမျှ ၁၁၀ မှု အရေးယူနိုင်ခဲ့ပြီး တစ်ရက်လျှင်ပျမ်းမျှ ၈၈ မှုကို စစ်ဆေးစီရင်ပေးလျက် ရှိပါကြောင်း။ တိုးတက်များပြားလာသော မော်တော်ယာဉ်များနှင့် စည်းကမ်းပျက်ယာဉ်များ တိုးလာ သော်လည်း လက်ရှိတရားရုံးများမှ နေ့စဉ်စီရင်ပေးနိုင်ကြောင်းနှင့် ယခုအခြေအနေထက် ပိုမိုပြီး မြန်မြန်ဆန်ဆန် စီရင်ပေးနိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှလည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိရပါကြောင်း။ အလားတူ အခြား တိုင်းဒေသကြီး/ ပြည်နယ်များ၌ဖြစ်ပေါ်နေသော စည်းကမ်းပျက်ယာဉ်များ အရေးယူမှုအား သက်ဆိုင်ရာ မြို့နယ်တရားရုံးများ တွင် စစ်ဆေးအရေးယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ယာဉ်မတော်တဆမှုများတွင် အမှုတွဲခိုင်မာစွာ တည်ဆောက်နေမှုများကြောင့် အတိုင်းအတာတစ်ခုထိ ကြန့်ကြာမှုများ ရှိနေသည်ကို  စိစစ်တွေ့ရှိရပါကြောင်း။

ခရိုင်/မြို့နယ်ဒေသတစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသည့် အချို့လမ်းကြောင်းများနှင့် စည်ပင်သာယာ နယ်နမိတ်ပြင်ပတွင်ရှိသော  မြို့နယ်များတွင် ယာဉ်စည်းကမ်းဖော်ဖျက်မှုများကို  ချလံဖြတ်၍ ဒဏ်ငွေကို ပေးဆောင်စေလျက်ရှိပါကြောင်း။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မတော်တဆမှုများကို စစ်ဆေးရာတွင် တရားခံ ခေါ်ဆောင်စရိတ်နှင့် သက်သေခံယာဉ်သယ်ယူစရိတ်တို့ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် စတင် ခွင်‌့ပြုပေးခဲ့ရာ ၎င်းဘဏ္ဍာရေးနှစ်အတွင်းရှိ သယ်ယူပို့ဆောင်စရိတ် ၈၁၅၀ ၅၀၀ ကျပ်နှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် သယ်ယူပို့ဆောင်ခအသုံးစရိတ် ၁၀၈၈၀၀၀၀ ကျပ်အား ခွင့်ပြုပေးခဲ့ပြီး ၆၇၈၀၀၀၀ ကျပ်အား ထုတ်ယူသုံးစွဲခဲ့ပြီးဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များရှိ ရဲစခန်းများတွင် ထိန်းသိမ်းထားရှိသော သက်သေခံ မော်တော်ယာဉ်များနှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ကိုငွေကြေးပေးဆောင်ရန် သတ်မှတ်ထားမှု မရှိပါကြောင်းနဲ့တရားမဝင် ငွေကြေးတောင်းခံကြောင်း သက်သေခံအထောက်အထား ပြည့်စုံစွာဖြင့် တိုင်ကြားလာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်အညီ စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြည်သူလူထုများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာတတ်သော အလေ့အကျင့်ကောင်းများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ယာဉ်မတော် တဆမှု များနှင်‌့ မှုခင်းများလျော့နည်းကျဆင်းသွားနိုင်မြည်ဖစ်ပါကြောင်း ပြန်လည်‌ဖြေကြားပါသည်။

ဦးသိန်းထွန်းဦး( အမရပူရ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တရားရုံးများနှင့် ပတ်သက်သော ‌ဖြေကြားချက်များတွင် ပျမ်းမျှ ဟူ၍ ဖော်ပြသွားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် Supper Juce လုပ်သည့်အခါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက် ဖျက်သူ အများအပြားမိပြီး ဒဏ်ကြေးငွေ ပေးဆောင်ရသည်မှာလည်း အများ အပြားွဖစ်သောကြောင့် ပျမ်းမျှနှင့် တွက်ချက်၍ မရပါကြောင်း၊ ဒဏ်ငွေပေးဆောင်ရန် ကိစ္စရပ်များနှင်‌့ ပတ်သက်၍ ဆောင်ရွက်နေပုံများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများက သိရှိခြင်းရှိ/မရှိနှင့် များပြားလာသော ဒဏ်ငွေပေးဆောင်ရသည့် အမှုမျိုးများတွင် မည်သို့စီမံဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ စည်းကမ်းပျက်ယာဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် စီမံချက်များ ရေးဆွဲပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် တစ်ရက်ပျမ်းမျှဆောင်ရွက်ချက်သည် တစ်နှစ်လုံး၏ အခြေအနေပေါ်မူတည်ပြီး တြင်ပခြင်း ဖြစ်ပါကြောင်း၊ အရေးပေါ်စီမံ ချက်အရ ဆောင်ရွက်သည့် ကိစ္စများတွင်လည်း ပါရှိပြီးဖြစ်ပါကြောင်း။ ခရီးသွားလာွခင်းကို အနှောင့်အယှက်မရှိစေရန် စည်ကမ်း ဖောက်ဖျက်မှုများကို ချလံဖြတ်ပြီး ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ပါကြောင်း။ ထိုသို့ဆောင်ရွက်မှုကို  ပြည်ထောင်စု လွှတ်တော်တရားသူကြီးချုပ်ရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးများက အနီးကပ်ကြပ်မတ် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်းပြန်လည်‌ဖြေကြားပါသည်။