မြောင်မြို့နယ်တွင် မိဘပြည်သူများ ဆက်သွယ်ရေးအတွက် လိုင်းအင်အား ၂၄၀ ပါသော SOC-8000 အော်တိုတယ်လီဖုန်း ကို ပြည်ထောင်စုအစိုးရဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့ရာ တယ်လီဖုန်းလိုင်း ၂၃၆ လိုင်းကို မိဘပြည်သူများ အသုံးပြုနေကြ ရပါကြောင်း။ သို့သော်လည်း အသုံးပြုရာတွင် လိုင်းအဝင် ၁၅ လုံး၊ အထွက် ၁၅ လုံးသာရပြီး ဖုန်းလိုင်းများကြပ်နေပါကြောင်း။
အလားတူပဲ အနီးပတ်ဝန်းကျင်ရှိ အခြားမြို့နယ်များတွင် လွန်ခဲ့သောတစ်နှစ်ဝန်းကျင် ကတည်းက စတင် အသုံးပြုခွင့်ရနေသော မိုဘိုင်းတယ်လီဖုန်း GSM, UMTS ဖုန်းများအတွက် မြောင်မြို့ပေါ်တွင် ပြီးခဲ့သောဒီဇင်ဘာလ ကုန်မှစတင် တည်ဆောက်နေပြီဖြစ်ပါကြောင်း၊ တည်ဆောက်နေသော တာဝါတိုင်များကို မြို့နယ် အတွင်းရှိ သင့်တော်သောနေရာ အနည်းဆုံး သုံးတိုင်ခန့်စိုက်မှသာလျှင် မိမိတို့ မြို့နယ်ကို လွှမ်းခြုံနိုင်မည်ဖြစ် ပါကြောင်း။
သို့ဖြစ်ပါ၍ မေးခွန်း(၁) မြောင်မြို့နယ် ဆက်သွယ်ရေးစခန်းတွင် လက်ရှိအသုံးပြုနေသော SOC-8000 အော်တို တယ်လီဖုန်းအား ဆက်သွယ်ပြောဆိုရေး အဆင်ပြေစေရေးအတွက် လိုင်းအင်အားအဆင့်မြှင့် တင်ပေး ရန် အစီအစဉ်ရှိ/မရှိ။
မေးခွန်း(၂) မိုဘိုင်းဖုန်းသုံးစွဲခွင့်ရချိန်တွင် တစ်မြို့နယ်လုံးအတွက် လုံလောက်သော တာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ။
မေးခွန်း(၃) ပြည်သူများအသုံးပြုနိုင်ရန်အတွက် SIM Card များကို အခြားမြို့နယ်များမှ တစ်နှစ်ခွဲခန့်က ရရှိကြပြီး မိမိတို့မြို့နယ်အတွက် မရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့မြို့နယ်ကို ပိုမိုရောင်းချပေးရန် အစီအစဉ်ရှိ/မရှိ။ ရှိပါက အရေအတွက် မည်မျှှရရှိမည်ကို သိရှိလိုပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကတစ်ဆင့် မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် တည်ဆောက်တပ်ဆင်ထားသော SO C-8000 အော်တိုအိတ် ချိန်သည်အဝင်/အထွက် ၁၅ လိုင်းသာ တပ်ဆင်ထားခြင်း မဟုတ်ဘဲ အဝေးဆက်သွယ် မှုအဖြစ် မြောင်-မန္တလေး (S-12) 1E1 နှင့် (အဝင် ၁၅ လိုင်းနှင့် အထွက် ၁၅ လိုင်း) ဖြင့် ဆက်သွယ်ထားခြင်းဖြစ်ပါကြောင်း၊ ထို့အတူ မြောင် -မြင်းမူကို (KY-1000XM) 1E1 (အဝင် ၁၅ လိုင်းနှင့် အထွက် ၁၅ လိုင်း) နှင့် စုစုပေါင်း (အဝင် ၃၀ လိုင်းနှင့် အထွက် ၃၀ လိုင်း) တပ်ဆင်ထားပြီးဖြစ်ပါကြောင်း၊ ၁၀-၂-၂၀၁၄ ရက်နေ့ မှ ၁၆-၂-၂၀၁၄ ရက်နေ့အထိ ခုနစ်ရက်အတွင်း မြောင်အိတ်ချိန်း၏ အဝင်အထွက်ခေါ်ဆိုမှုများကို ကွင်းဆင်းစိစစ်ကြည့်ရာတွင် ခေါ်ဆိုမှုအများဆုံး အချိန်မှာ နံနက် ၁၀း၀၀ နာရီ မှ ၁၁း၀၀ နာရီအတွင်း မြောင်အိတ်ချိန်းမှ တစ်နိုင်ငံလုံးသို့ အထွက်ခေါ်ဆိုမှု ၃၈.၇ ရာခိုင်နှုန်းနှင့် တစ်နိုင်ငံလုံးမှ မြောင်အိတ်ချိန်း သို့ အဝင်ခေါ်ဆိုမှု ၃၄ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရသည့်အတွက် စက်မှုပိုင်းဆိုင်ရာ စိစစ် တွေ့ရှိချက်အရ ဆက်သွယ်မှု ကောင်းမွန်ကြောင်း ရှင်းလင်းတင်ပြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၃-၂၀၁၄ နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော GSM/UMTS မိုဘိုင်းတယ်လီဖုန်း လိုင်းအသစ် တစ်သန်းနှင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း သုံးသန်း တိုးချဲ့တပ် ဆင်ရေးစီမံကိန်းနဲ GSM ရေဒီယိုစခန်း တစ်ခုကို မြောင်မြို့ နယ် စာတိုက်ဝင်းအတွင်း တည်ဆောက်တပ်ဆင်ပေးရန် လျာထားခဲ့သော်လည်း စာတိုက်ဝင်းအတွင်း အဆောက် အဦဆောက်လုပ်မှု လုပ်ငန်းများ မဆောင်ရွက်ရသေးသည့်အတွက် မြောင်မြို့နယ်မှ ပြည်သူများ GSM မိုဘိုင်းတယ်လီဖုန်းများ အသုံးပြုနိုင်ရန် ယာယီ GSM ရေဒီယိုစခန်းကို မြောင်မြို့အော်တိုအိတ်ချိန်းတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းရေဒီယိုစခန်းအတွက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ GSM SIM Card ၆၆ ကတ်နှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီမှာ GSM SIM Card ၂၀၀ ကတ်ကို ခွဲဝေပေးခဲ့ပြီး ဖြစ်ပါကြောင်း။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မိမိကိုယ်တိုင် ၂၀၁၄၊ ဖေဖော်ဝါရီ ၂၂ မှ ၂၀၁၄၊ ဖေဖော်ဝါရီ ၂၅ အထိ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်သော မြောင်-မြင်းမူ ပတ်ဝန်းကျင်သို့ မိမိတို့ထံမှ အင်ဂျင်နီယာ အရာရှိချုပ်များ အပါအဝင် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိများနှင့် တိုင်းတာဝန်ရှိများ အပါအ ဝင် မြောင်မြို့နယ်က ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက တခြားမြို့နယ်များထက် GSM SIM Card နှစ်ဆ ပေး ထားကြောင်း ကွင်းဆင်း ဖြေရှင်းပြီးခဲ့ပါကြောင်း၊ ပြီးခဲ့သော ဇန်နဝါရီလတွင်လည်း ကတ် ၂၀၀ တိတိ ခွဲဝေပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရေဒီယိုစခန်း၏ လိုင်းအင်အားနှင့် သုံးစွဲမှု အခြေအနေတွေပေါ်မူတည်ပြီး နောက်လာမည့်လများတွင်လည်း SIM Card များကို မြောင်မြို့နယ်အတွက် အဆင်ပြေဆုံးဖြစ်အောင် ခွဲဝေသွားမည်ဖြစ်ပါကြောင်းနှင့် တာဝါတိုင်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ တင်ပြချက်၊ သက်ဆိုင်ရာဒေသရဲ့ တင်ပြချက်တို့အားလုံးကို ခြုံငုံပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
