မိမိတို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတကရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိက အရေးကြီးပါကြောင်း၊ အခု တင်ပြမည့်လမ်းက နှစ်ပေါင်း ၉၀၊ ၁၀၀ ရှိသော ဗြိတိသျှခေတ်တွင် သစ်ထုတ်သည့်လမ်း ဖြစ်ပါကြောင်း၊ ၎င်း ရန်ကုန်-ပြည်လမ်းမကြီးမှ လက်ပံတန်းအရှေ့ဘက်ကို သွားမည်ဆိုလျှင် ၆ မိုင် ၂ ဖာလုံခန့်ရှိပါသည်။ လမ်း၏ ယခုအနေအထား သည် မြေသားလမ်း နီးပါးလောက်ဖြစ်သဖြင့် ယခင်က ကတ္တရာလမ်းသည် ကျောက်ခင်းတစ်ပိုင်းတစ်စ ရှိပါသည်။ တချို့နေရာများတွင် ဂဝံလမ်းအပိုင်း အချို့ရှိပါသည် တော်တော်များများမှာ မေသားလမ်းဖြစ်သွားပါကြောင်း၊ ထိုလမ်းကို အသုံးပြုနေသည့် ကျေးရွာ (၆) အုပ်စုရှိပါသည် ကျေးရွာပေါင်း ၄၀ နီးပါးရှိပါကြောင်း၊ လူဦးရေ ၁၀၀၀၀ ခန့်ရှိပြီး တစ်မြို့ နယ်လုံး အသုံးပြုနေသည့် လမ်းဖြစ်ပါသည်။ သစ်တောထွက်ပစ္စည်းများလည်း ၎င်း လမ်းမှ တစ်မြို့နယ်လုံး ထုတ်လုပ်ပြီး (၆) မိုင်လောက်အကွာတွင် အ-ထ-က(ခွဲ) ဖိုးဂေါင်စုကျောင်းလည်း ရှိပါသည် ထို့ကြောင့် ရွာအသီးသီးနှင့် မြို့ပေါ်မှ ဆရာဆရာမများ လမ်းမကောင်းသည့် အတွက်ကြောင့် အချိန်နောက်ကျခြင်း မိုးတွင်းအခါတွင် ကျန်းမာရေးအရ အရေးပေါ်လာမည်ဆိုပါက ထမ်းပိုးပြီးလာရခြင်း ကြောင့် လမ်းတွင်ပင် အသက်ဆုံးရှုံးခဲ့ရခြင်းများ ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ၎င်း လမ်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးနေ့တွင် ကြယ်ပွင့်မပြမေးခွန်းအဖြစ် မေးခဲ့သည့်အခါ ၂၁ သန်း ဂဝံ ၁ မိုင်ခင်းပေးမည်ဟု ကတိရထားပါကြောင်း၊ ဒါပေမယ့် ဒီဂဝံ ၁ မိုင်ကို ပြန်ကြည့်မည်ဆိုပါက ၆ မိုင် လောက်လမ်းသည် တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေသည့် လမ်းပိုင်းကို ချိုင့်ခွက်ဖို့ရုံလောက်နှင့် ဖြစ်သည့် အတွက်ကြောင့် အခု ၂၁ သန်းမှာလည်း သက်တမ်းနုတဲ့ဂဝံများကို အသုံးပြုခဲ့သည့် အတွက်ကြောင့် ဒီ ၂၁ သန်းသည်လည်း အဟောသိကံဖြစ်ပြီး ယခုဆိုလျှင် မြေသားလမ်းဘဝကို ပြန်ရောက်သွားပါကြောင်း၊ မြို့နယ်စည်ပင်မှလည်း ကတ္တရာလမ်းခင်းမည်ဆိုပါက ကျပ်သန်းပေါင်း ၉၄၂ သန်း ကုန်ကျမည်ဟုဆိုပြီး တာဝန်မယူနိုင်ပါကြောင်း၊ မြို့နယ်စည်ပင်မှ တာဝန်မယူနိုင်သည့် လမ်းကို ပြည်သူ့ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ကတ္တရာလမ်း (သို့မဟုတ်) ကွန်ကရစ်လမ်းအဖြစ်ကို မြှင့်တင်ပြီး ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်အတွင်းရှိ လက်ပံတန်း-ကျွန်းကလေး-ကမ်းပြိုကြီး လမ်းသည် ၆ မိုင်၂ ဖာလုံရှိပြီး လမ်းသည် စည်ပင်သာယာလမ်းဖြစ်ပါကြောင်း၊ လက်ပံတန်း- ကျွန်းကလေး- ကမ်းပြိုကြီးလမ်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်းအနေနှင့် တာဝန်ယူဆောင်ရွက် မည်ဆိုပါက လုပ်ထုံးလုပ်နည်းအရ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဒီကိစ္စနှင့် ပတ်သက်ပြီး လွှဲပြောင်းလက်ခံ တင်ပြပေးရန်ဖြစ်ပါကြောင်း၊ တင်ပြပေးမည်ဆိုပါကလည်း အစိုးရအဖွဲ့မှ ဝန်ကြီး ဌာနကိုမေးမြန်းပြီး မိမိတို့အနေဖြင့် လက်ခံနိုင်ပါတယ်ဟု ပြန်ကြားလိုက်တာနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်လမ်း ဖြစ်လာမှာဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ကို ၎င်း လမ်းနှင့်ပတ်သက်ပြီး လွှဲပြောင်းလက်ခံရန် တင်ပြပေးပါ ဆိုပြီး မိမိအနေနှင့် တင်ပြလိုပါကြောင်း၊ ခွင့်ပြုချက်ရရှိတာနှင့် လမ်းကို ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားပါ မည်ဟု ရှင်းလင်းဖြေကြားပါသည်။
