လက်ပံတန်းမြို့နယ်အတွင်းရှိ မကျီးကွင်းကျေးရွာ စားကျက်ကို မကျီးကွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဂွေးတောက်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ စားကျက်ကျူးကျော်သူ တောင်သူအချို့နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးရေး အတွက်ဟူ၍ ကော်မတီတစ်ခုကို ၎င်းစားကျက်မြေနှင့် ဆက်နွယ်နေသော ကျေးရွာခြောက်ရွာမှ တောင်သူများမသိရှိဘဲ ရောင်းချခဲ့ခြင်း ကို သဘောမတူကြောင်း ဒေသခံများမှ တင်ပြသည့်အတွက် အဆိုပါစားကျက်မြေနှင့် စပ်လျဉ်း မေးမြန်းလိုပါကြောင်း။
စာတွင်ပါဝင်သော အချက်အလက်များအနေဖြင့် ၎င်းမကျီးကွင်းကျေးရွာစားကျက်သည် လက်ပံတန်း မြို့နယ် မကျီးကွင်းကျေးရွာ အုပ်စု ကွင်းအမှတ်(၁၁၅၉)၊ ဦးပိုင်အမှတ် (၅၅ N Do. no ၁၉၅၄-၁၉၅၅) အရ ခွင့်ပြုပေးထားသည့် စားကျက်မြေဖြစ်ကြောင်း၊ ၁၆၃.၆၂ ဧကရှိကြောင်း၊ ရန်ကုန်-ပြည် လမ်းမကြီး၏ တောင်ဘက်တွင်ကပ်လျက်ရှိကြောင်း၊ ကျေးရွာခြောက်ရွာမှ ကျွဲ၊ နွားများလွှတ်ကျောင်း ရန် စားကျက်မြေဖြစ်ကြောင်း ၁၉၇၂ ခုနှစ်တွင် ဒေါ်စောညွှန့်ပါ တောင်သူ ၁၆ ဦးက ဓားမဦးချ လယ်ယာမြေကျူးကျော်စိုက်ပျိုးခဲ့ရာမှ ၁၉၈၄ ခုနှစ်အထိ စိုက်ပျိုးခဲ့ကြကြောင်း ၎င်းစားကျက်မြေ နှင့်ပတ်သက်ပြီး မကျီးကွင်းကျေးရွာမှ နွားမွေးမြူသူ တောင်သူဦးအောင်ဖေပါ တောင်သူ ၉၄ ဦးက နွားစာမလုံလောက်သည့်အတွက် စားကျက်မြေပြန်လည်ဖော်ထုတ်ပေးပါရန် မြို့နယ်ပြည်သူ့ ကောင်စီကို တင်ပြပြီး ၁၇-၆-၁၉၈၄ ရက်နေ့မှာ စားကျက်မြေအဖြစ် ပြန်လည်ဖော်ထုတ်ပေးခဲ့ကြောင်း ၁၉၈၄ မှ ၁၉၉၀ အထိ စားကျက်မြေ တည်ရှိခဲ့ကြောင်း၊ ၁၉၉၀ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်က ဌာနဆိုင်ရာခြောက်ခုနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှစ်ခု၊ လူမှုရေးအဖွဲ့အစည်းကြီးတစ်ခုတို့ကို လုပ်ကိုင်ခွင့်ချထားပေးခဲ့ပြီး ၎င်းအဖွဲ့များက သီးစားခယူပြီး လုပ်ကိုင်စေခဲ့ရာမှ ၁၂-၈-၂၀၁၄ ရက်နေ့တွင် ကုမ္ပဏီတစ်ခုကို ယခုလိုရောင်းချသည်ကို သဘောမတူသည့် တောင်သူ ၄၄၉ ဦးက လက်မှတ်ရေးထိုးပြီး စားကျက်မြေမပယ်ဖျက်ရေးကို တင်ပြလာပါကြောင်း၊ ထို့ကြောင့် ၎င်းစားကျက်မြေနှင့် စပ်လျဉ်းပြီး စားကျက်မြေအဖြစ် ပယ်ဖျက် မည်ကို တောင်သူ ၄၄၉ ဦး၏ တင်ပြစာနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ စီမံထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မူလစားကျက်မြေဧရိယာ ၄၆၈၀.၃၃ ဧကရှိတဲ့အနက် ၁၁၅၄.၃၃ ဧကအား ပယ်ဖျက်ခဲ့ပြီးဖြစ်သည့်အတွက် ၃၅၂၆ ဧက ကျန်ရှိပြီး ကျန်ရှိ စားကျက်မြေများအနက် မကျီးကွင်း ကျေးရွာအုပ်စု ဂရန်စံပြကျေးရွာနှင့် ဂွေးတောက်ကွင်း ကျေးရွာကြားမှ မြေ ၁၆၃.၆၂ ဧကကို ၁၉၅၄-၅၅ ခုနှစ်တွင် မကျီးကွင်းစားကျက်မြေအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး လက်ပံတန်းမြို့နယ် ခရီးစဉ်တွင် ဒေသဝမ်းစာ စပါးဖူလုံရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမြေများအဖြစ် တိုးချဲ့ရန် ညွှန်ကြားခဲ့ရာ မကျီးကွင်းစားကျက်မြေ ၁၆၃.၆၂ ဧကထဲမှ ဧရိယာ ၁၁၁.၂၀ ဧကကို ဌာနဆိုင်ရာအဖွဲ့အစည်း ၁၁ ခု သို့ ခွဲဝေ၍ တာဝန်ပေး စိုက်ပျိုးစေခဲ့ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများသည် စားကျက်မြေနှင့် နီးစပ်သောဂရမ် စံပြကျေးရွာ တောင်သူ(၇)ဦး၊ ဂွေးတောက်ကွင်းကျေးရွာမှ (၅)ဦး စုစုပေါင်း ဒေသခံတောင်သူ ၁၂ ဦးနှင့် ၂၀၁၀ ခုနှစ်အထိ အကျိုးတူပူးပေါင်းစိုက်ပျိုးခဲ့သည်ကို သိရှိရပါကြောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်း ၁၁ ခုအား မကျီးကွင်းစားကျက်မြေ ၁၁၁.၂၀ ဧကကို တောင်သူ ၁၂နှင့် အကျိုးတူဆောင် ရွက်ခြင်းမပြုဘဲ ၎င်းတောင်သူများကိုသာ ဆက်လက်လုပ်ကိုင်စေခဲ့သည်ဟု သိရှိရပါကြောင်း။
မြေပုံမြေစာရင်းတွင် စားကျက်မြေဟု အမည်ပေါက်သော်လည်း လက်ရှိမြေပြင်တွင် တောင်သူ ၁၂ ဦးကနေ စာကျက်မြေ ၁၁၁.၂၀ ဧကကို စိုက်ပျိုးမြေအဖြစ် အသုံးပြုခဲ့သည့်မှာ ၁၉၈၉ ခုနှစ်မှ ယနေ့အချိန်အထိ ၂၅ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ခြင်းကြောင့် လယ်ယာမြေအဖြစ်သို့ ရောက်ရှိနေ ပြီဖြစ်သည့်အပြင် နီးစပ်ရာကျေးရွာများမှ စားကျက်မြေအတွင်း တိုးချဲ့နေထိုင်လာခြင်းကြောင့် ယခင် သတ်မှတ်ထားသော စားကျက်မြေ ၁၆၃.၆၂ ဧကကို ပြန်လည်စိစစ်ရာတွင် မိုးစပါးစိုက်ပျိုး ဧရိယာ ၁၁၁.၂၀ ဧက၊ အိမ်၊ ခြံ၊ ရွာမြေကျူး ဧရိယာ ၉.၅၁ ဧက၊ ငါးကန်ကျူးဧရိယာ ၁၇.၅၁ ဧက၊ ရေမြောင်းဧရိယာ ၆.၅၄ ဧက၊ လမ်းဧရိယာ ၄.၀၅ ဧက၊ ဆည်မြောင်းလက်တံဧရိယာ ၅.၂၄ ဧက ရေအိုင်ဧရိယာ ၁.၈၆ ဧကနှင့် လှပ်မြေဧရိယာ ၇.၇၁ ဧကအသီးသီးအသုံးပြုထားသည်ကို တွေ့ရှိရပါကြောင်း။
၂၀၁၄ ခုနှစ် သြဂုတ်လ တွင် မကျီးကွင်းရွာ၊ ဂွေးတောက်ကွင်းရွာတို့မှ ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူလူထုမှ ၎င်းတို့ကျေးရွာများ မီးလင်းရေးအတွက် နိုင်ငံတော်မှ တစ်ဝက်ကျခံပြီး မီးသွယ်လိုသော ကျေးရွာများမှ တစ်ဝက်ကျခံရန် ဖြစ်ခြင်းကြောင့် ကုန်ကျငွေရရှိရေးအတွက် စားကျက်မြေ ၁၁၁.၂၀ ဧကပေါ်တွင် လုပ်ကိုင်နေသော တောင်သူ ၁၂ ဦးနှင့် ဝိုင်းဝန်းတိုင်ပင်ညှိနှိုင်းခဲ့ ကြောင်းနှင့် စိုက်ပျိုးလုပ်ကိုင်နေသော မြေ ၁၁၁.၂ ဧကထဲမှ ဧက ၈၀ ကို တစ်ဧကလျှင် ၁၂ သိန်းဖြင့် ရောင်းချရန်ညှိနှိုင်းခဲ့သည်ကို သိရှိရပါကြောင်း၊ လုပ်ငန်းရှင်မှလည်း ယခင်က ဌာနဆိုင်ရာအဖွဲ့အစည်း ၁၂ ခုနှင့် တောင်သူ ၁၂ ဦး အကျိုးတူဆောင်ရွက်ခဲ့သောမြေဖြစ်၍ တောင်သူများနှင့် လုပ်ငန်းရှင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးသို့ ဖြေရှင်းပေးရန် အကူအညီတောင်းခံခဲ့သည်ကို သိရှိရပါကြောင်း။
ခရိုင်အုပ်ချုပ်ရေးမှူးမှ မီးသွယ်တန်းရာတွင် ကုန်ကျမယ့် ငွေရရှိရေးအတွက် တောင်သူများ လုပ်ကိုင်နေသော မြေဧကထဲကနေ ၈၀ ကို မဖြစ်မနေရောင်းချလိုကြောင်း ကျေးရွာလူထုနှင့် တောင်သူများ မီးလင်းရေးကော်မတီအတွက် တောင်းဆိုချက်အရ သက်ဆိုင်ရာဌာနများကို ငွေလုံးဝမယူစေဘဲ ကျေးရွာမီးလင်းရေးကော်မတီသို့ တစ်ဧကလျှင် ခြောက်သိန်းဖြင့် နစ်နာကြေးအဖြစ် တောင်သူများကို တစ်ဧက ခြောက်သိန်းပေးချေရန် ရောင်းချခဲ့သော မြေဧက ၈၀ ကို စားကျက်မွေအဖြစ် မှ ပယ်ဖျက်ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းလက်မှတ်ရေးထိုးပေးရန် သဘောတူညီချက်အရ ၂၁-၈-၂၀၁၄ ရက်နေ့မှာ တောင်သူ ၁၂ ဦးကို ငွေအကျေ ပေးချေပြီးဖြစ်ကြောင်း။
ခရိုင် အုပ်ချုပ်ရေးမှူးအနေဖြင့် ဒေသခံကျေးရွာနေပြည်သူများ၏ ဝိုင်းဝန်းတောင်းဆိုချက် အရ လျှပ်စစ်မြေရရှိလိုသော ကျေးရွာနေပြည်သူများ၏ ဆန္ဒကိုဖြည့်ဆည်းပေးရန် အတွက်လည်းကောင်း၊ လုပ်ငန်းရှင် ဦးခိုင်ဇော်ကလည်း ဒေသဖွံ့ဖြိုးရေးဆောင် ရွက်ပေးရန် ခေတ်မီဆန်စက် တည်ဆောက်ခြင်း၊ မျိုးကောင်းမျိုးသန့်စပါးထုတ်လုပ်ခြင်း၊ ၅ မဂ္ဂါဝပ် ရှိ ဓာတ်အားခွဲရုံတည်ဆောက်ပြီး စားကျက်မြေတည်ရှိရာ မကျီးကွင်းကျေးရွာအုပ်စုရှိ ကျေးရွာ (၆) ရွာ၊ ဂွေတောက်ကွင်းကျေးရွာ အုပ်စုရှိ ကျေးရွာသုံးရွာအပြင် သိုက်ဓားချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၄)ရွာ၊ ဆင်တလင်းကျေးရွာ အုပ်စုရှိ ကျေးရွာခုနစ်ရွာ၊ ရေငံကျေးရွာအုပ်စုရှိ ကျေးရွာခုနစ်ရွာ စုစုပေါင်း ၂၇ ရွာကို လျှပ်စစ်မီး ဆောင်ရွက်ပေးမည်ဖြစ်ခြင်းကြောင့် အခွင့်အခါကောင်းကို လက်လွှတ်မဆုံးရှုံးစေလို၍ တောင်သူ၊ ကျေးရွာလူထု၊ လုပ်ငန်းရှင်နှင့် ဌာနဆိုင်ရာများအကြားမှာ မြေကိစ္စကိုပြေလည်စေရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်း။
၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ယခုအခင်းဖြစ် စားကျက်မြေနှင့်ပတ်သက်လို့ ၂၅ နှစ်အကြာ စိုက်ပျိုးနေမှုအပေါ် တိုင်းဒေသကြီးမြေစာရင်းစီးဌာနမှ ကွင်းဆင်းစိစစ်ချက်အရ စားကျက်မြေအဖြစ် ပြန်လည်အသုံးမပြုသင့်ကြောင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၁၉-၉-၂၀၁၁ ရက်စွဲပါစာဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုတွဲဖွင့်လှစ်တင်ပြရန် အကြောင်းကြားထားသည်ကို သိရှိရပါကြောင်း။
ယခုအခါ ၎င်းစားကျက် မြေ ၁၁၁.၂ ဧကပေါ်တွင် လုပ်ကိုင်နေတဲ့တောင်သူများမှ ၁၀-၁၀-၂၀၁၄ ရက်စွဲပါစာဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျေးရွာနေ ပြည်သူများ လျှပ်စစ်မီးရရှိရေးနှင့် စားကျက်မြေပယ်ဖျက်ပေးရေး၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူးမှ ကူညီဆောင်ရွက်ပေးနေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခွင့် ပြုနိုင်ရေး တင်ပြခဲ့သည်ကို သိရှိရပါကြောင်း၊ နောက်ဆုံးအခြေအနေအရ စားကျက်မြေနှင့် နီးစပ်သော ဂွေးတောက်ကွင်းကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာမှ ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီအပါအဝင် အိမ်ထောင်စု ၉၀ ရာခိုင် နှုန်းကျော်နှင့် မကျီးကွင်းကျေးရွာ အုပ်စုမှာရှိသော ကျေးရွာ(၆)ရွာက ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီအပါအဝင် အိမ်ထောင်စု ၈၀ ရာခိုင်နှုန်းကျော်တို့က ကျေးရွာမီးလင်းရေးနှင့် စားကျက်မြေ ပယ်ဖျက်ရေးတို့ကို သဘောတူထောက်ခံ လက်မှတ်ရေးထိုးထားကြပြီး စားကျက်မြေ ပယ်ဖျက်ရေး အမှုတွဲကိုလည်း တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း။
သို့ဖြစ်ပါ၍ ခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် စားကျက်မြေများကို ကုမ္ပဏီသို့ရောင်းချခြင်း မဟုတ်ဘဲ စားကျက်မြေနှင့် နီးစပ်ရာကျေးရွာများမှ ၎င်းတို့၏ မီးလင်းရေးအတွက် ကျေးရွာနေပြည်သူ လူထုကိုယ်စား တောင်းဆိုချက်အရ ညှိနှိုင်းဆောင်ရွက်ပေးရခြင်းဖြစ်သည့်အပြင် မူလစားကျက်မြေ ၁၆၃.၂ ဧကတွင် တောင်သူများ ရောင်းချခဲ့သော မြေ ၈၀ ဧကနှင့် ကျူးကျော်မြေတွင် ၄၄.၇၁ ဧက စုစုပေါင်း ၁၂၄.၇၁ ဧကကို နုတ်ပယ်လိုက်မည်ဆိုပါက လက်ကျန်စားကျက်မြေ ၃၈.၉၁ ဧက ကျန်ရှိမည်ဖြစ်ပါကြောင်း၊ စားကျက်မြေနှင့် အနီးဆုံးဖြစ်သော ဂရန်စံပြကျေးရွာတွင် ကျွဲ၊ နွား ၈၅ ကောင်၊ ဂွေးတောက်ကွင်းကျေးရွာမှာ ကျွဲ၊ နွား ၇၂ ကောင် မွေးမြူထားသည့်အတွက် လက်ကျန်စားကျက်မြေဧရိယာနှင့် လုံလောက်မှုရှိပြီး အစာရေစာအတွက် အခက်အခဲမရှိ ထိန်းကျောင်းမွေးမြူနိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
