(ဂ)-BOTစနစ်ဖြင့်ယူထားသောကုမ္ပဏီမှရန်ကုန်ပြည် လမ်းအား လမ်းအကျယ် ၂၄ ပေ တိုးချဲ့ပေးရန်နှင့် အဆင့်မြင့်နိုင်လွန်ကတ္တရာခင်းပေးရန်အစီအစဉ်ရှိ /မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၆.၃.၂၀၁၄)

ဦးမောင်မောင် (သာယာဝတီ)ရန်ကုန်-ပြည် မော်တော်ကားလမ်းသည် ၁၉၈၈ ခုနှစ်က ဖောက်လုပ်ပြီးစီးခဲ့ပြီး  မြန်မာနိုင် ငံတွင် ပထမဦးဆုံးနှင့် အကောင်းဆုံး အဝေးပြေး နိုင်လွန် ကတ္တရာလမ်းဖြစ်ခဲ့ပါကြောင်း၊ သို့သော် လမ်းသက်တမ်းကြာ လာတာသည်နှင့် အမျှ လမ်းများပျက်စီးနေခြင်းကြောင့် ကျဉ်းမြောင်းသော လမ်းအကျယ်ကိုလည်း တိုးချဲ့ရန်နှင့် အဆင့်မြှင့်ပြုပြင်ပေးနိုင်ရန်ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး တွင်မေးမြန်းခဲ့ပါကြောင်း

ပြည်ထောင်စုဝန်ကြီးမှ Max Myanmar Company မှ ၂၈-၆-၂၀၁၁ ရက်နေ့မှ စတင၍် ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သော လမ်းပေါက်ဖာခြင်း လမ်းပုခုံးများ ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊  ရန်ကုန်-ပြည်လမ်း ၂၄ ပေအကျယ် ချဲ့ခြင်းလုပ်ငန်းကို ပွင့်လင်းရာသီမှ စတင် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းကို ဖြေကြား ခဲ့ပါကြောင်း၊ သို့သော်လည်း ၂၀၁၃-၁၄ ကုန်ဆုံးသည့်တိုင်အောင် ရန်ကုန်-ပြည်လမ်းအား ၂၄ ပေလမ်း တိုးချဲ့ဆောင် ရွက်ခြင်း မရှိသေးသည့်အပြင် လမ်းချောမွေ့စေရန်လည်း အဆင့်မြင့်နိုင်လွန်ကတ္တရာခင်းရန်၊ လမ်း၏ တစ်ဖက် တစ်ချက် (၃)ပေအကျယ် ဂဝံလမ်း ခင်းရန် လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်နေလျက်ရှိပါကြောင်း၊

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ ပဲခူးခရီးစဉ်တွင် အဝေးပြေးလမ်းတစ်လျောက် ဖြတ်သန်းသွားသော ရန်ကုန်- ပြည်- မကွေးလမ်းနှင့် ရန်ကုန်-မန္တလေး လမ်းအပေါ်ရှိ မြို့ကြီးများတွင် မြို့အရှည်အလျားပေါ်မှာမူတည်ပြီး မြို့တွင်းလမ်းများကို အကျယ်ပေ ၃၀ ထိ တိုးချဲ့ခင်းပေးရန် လမ်းညွှန်မှုအပေါ် BOT ယူထားရသော ကုမ္ပဏီများက ဆောင်ရွက်ပေးနေပြီ ဆိုပါသော်လည်းဘဲ သာယာဝတီမြို့ အပါအဝင် ရန်ကုန်-ပြည်လမ်းပေါ်ရှိ မြို့များတွင်ဆောင်ရွက်ရန် လိုအပ်နေသည် ကိုလည်းတွေ့ရှိရပါကြောင်း၊

ယခုအခါ ယာဉ်စီးရေ တိုးတက်များပြားလာခြင်းကြောင့် ယာဉ်သွားလာမှုတွေ များပြားလာခြင်းတို့အပြင်  ပဲခူးတိုင်း အနောက်ခြမ်းမြို့နယ်များအနေဖြင့်လည်း ဆိုင်ကယ်အသုံးပြုမှုများပြားခြင်း၊ ကုန်တင်ကားကြီးများ သွားလာမှု များပြားခြင်း တို့ကြောင့် ကျဉ်းမြောင်းလျက်ရှိသော လမ်းအနေအထားပေါ်တွင် ယာဉ်မတော်တဆမှုများ တိုးတက် ကာ သေဆုံးမှုများ များပြားလာပါကြောင်း၊

ထို့ကြောင့် ရန်ကုန်-ပြည်လမ်းအား BOT ယူထားသည့်ကုမ္ပဏီမှ လမ်းအကျယ် (၂၄ ) ပေတိုးချဲ့ ဆောင်ရွက်ပေးရန်၊ အဆင့်မြှင့် နိုင်လွန် ကတ္တရာခင်းပေးရန်။ မြို့တွင်း ဖြတ်သန်းသော မိုင်အရှည်အလိုက် လမ်းအကျယ် (၃၀)ခင်းပေးရန်နှင့်  ဝဲယာလမ်းအကျယ် တစ်ဖက်စွန်း (၃)ပေစီ ခင်းပေးရန်တို့ကိုဆောလျင်စွာ ဆောင် ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် မည့်သို့ စီမံ၍ စတင်ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက် သွယ်ဖောက်လုပ်ထားသော ရန်ကုန်-ပြည်- မကွေးလမ်းသည် ၃၀၈ မိုင် ၅ ဖာလုံ ရှည်လျားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊  အဆိုပါ လမ်းကို ဆောင်လုပ်ရေးဝန်ကြီးဌာနမှ မက်(စ်)မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိ တက်ကို (၂၂-၆-၂၀၁၁)ရက်နေ့မှ စတင်ပြီး BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ လမ်းအရှည် ၃၀၈ မိုင်နှင့် ၅ ဖာလုံအနက်  ၁၂ ပေအကျယ် ကတ္တရာလမ်းသည် ၃၇ မိုင် ၂ ဖာလ၊ုံ ၁၈ပေမှ ၂၂ပေ အကျယ် ကတ္တရာလမ်းသည်  ၂၆၈ မိုင် ၁ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်းသည် ၃ မိုင် ၂ ဖာလုံ အသီးသီးရှိကြပါကြောင်း၊  

မက်(စ်)မြန်မာကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက်ရာတွင်၂၂ ပေအကျယ် ကတ္တရာလမ်း ၅၇ မိုင် ၅ ဖာလုံနှင့် ၁၈ ပေအကျယ် ကတ္တရာလမ်း ၁၂၁ မိုင် ၁ဖာလုံ၊ စုစုပေါင်း ၁၇၈ မိုင် ၆ ဖာလုံအား ကတ္တရာ ထပ်ပိုးလွှာ တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ကုမ္ပဏီအနေဖြင့်  လက်ရှိကတ္တရာလမ်းကို ပျက်စီးမှုမရှိစေရန် ထပ်ပိုးလွှာတင်ခြင်း၊ ကတ္တရာရေပိတ်လွှာ  လောင်းခြင်းလုပ်ငန်းများ ပထမဦးစားပေးaဆာင် ရွက် လျက်ရှိပြီး လမ်းချဲ့ခြင်း လုပ်ငန်းများကို ယာဉ်စီးရေအပေါ် မူတည်ပြီး တိုးချဲ့ဆောင်ရွက် လျက်ရှိပါကြောင်း၊

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ လမ်းညွှန်မှာကြားချက်အတိုင်း  သာယာဝတီခရိုင်၊ ဇီးကုန်းမြို့တွင်းလမ်း ၁ မိုင် ၄ ဖာလုံအားတစ်ဖက် ၈ ပေအကျယ် ကွန်ကရစ် လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် လမ်းတစ်လျှောက် ကျန်ရှိသော မြို့တွင်းလမ်းများ ချဲ့ခြင်းလုပ်ငန်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အပိုင်းလိုက်အဆင့်မြှင့် တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ရန်ကုန်-ပြည်-မကွေးလမ်း၏ မိုင်တိုင်၂၂/၃ မှ မိုင် ၈၀ထိ (၅၇)မိုင် (၅)ဖာလုံအား တစ်ဖက် (၃)ပေအကျယ် ဂဝံလမ်း ပုခုံခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်၍ ၈၀ မိုင်မှ ၁၀၅ မိုင်အထိ ၂၅ မိုင်ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစအကုန်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်အပိုင်းများကို အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်း BOT စနစ်ဖြင့်ဆောင်ရွက်လျက်ရှိသော မက်(စ်)မြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်သို့ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တွန်း အားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။