ပျော်ဘွယ်မြို့တွင် ယခုအခါမြို့ပေါ် (၉)ရပ်ကွက်ရှိပြီး ရှေးယခင်ကတည်းက နေထိုင် ခဲ့ကြသောပြည်သူ များမှာ မြေဂရန်လျှောက်ထားရာတွင် အကြောင်းအမျိုးမျိုးသော အမိန့်ညွှန်ကြားချက်၊ စည်းကမ်းချက်များကြောင့်၊ မြေဂရန်ရောက်ရှိနိုင်ရန် လွန်စွာခက် ခဲပြီး ယနေ့တိုင်လည်း ယခင်ကတည်းက နေထိုင်ခဲ့ကြသူများ မှာ မြေပေးမိန့်မရှိ ဟူသော အကြောင်းပြချက်ဖြင့် ဂရန်မရှိဘဲ ဖြစ်နေကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် အချို့သောစည်းကမ်းချက်ဆောင်ရွက်ချက်များကို ဖြေလျော့ပြီး ပိုင်ဆိုင်မှုခိုင်လုံ သည်ဟု ယူဆသူများအား အားလုံးကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် မြို့နယ်လုံး ကျွတ်ထုတ်ပေးသကဲ့သို့ မြေဂရန်များကို မြို့နယ်လုံးကျွတ် One Stop Service အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန်၊ အစီအစဉ်ရှိ/မရှိ၊ ပျော်ဘွယ်မြို့နယ်အပါအဝင် ရန်ုကုန် - မန္တလေးမြို့ကြီးများနှင့် မြို့ပြတိုင်းတွင် လူဦးရေ ထူထပ်လာပြီး နေထိုင်စရာ မရှိတော့ သည့်အတွက် လယ်ယာမြေများကို ကျူးကျော်ကာ မြို့ကွက်ပုံစံမကျသော ရပ်ကွက်များဖြင့် ထူထောင်ပြီး နေထိုင်နေကြ ရပါကြောင်း၊ ထိုသို့ နေထိုင်ကြရာတွင် ပြည်သူလူထုအနေဖြင့် ပိုင်ဆိုင်မှု မြေဂရန် မရရှိနိုင်ခြင်းတို့ကြောင့် တရား မဝင်နေရခြင်း၊ လမ်းပန်းဆက်သွယ်ရေး အကွက်မကျခြင်း၊ မီးလောင်မှုဖြစ်ပါက ဝင်ရောက်မီးငြိမ်းသတ်ရန် ခက်ခဲခြင်း၊ ရေစီးရေလာမကောင်းမွန်ခြင်း၊ လိုအပ်သော ဈေး၊ အဆောက်အအုံများမရှိခြင်းတို့အပြင် လူနေမှု နိမ့်ပါး စွာနေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအဝှမ်းတိုးမြှင့်လာသော လူဦးရေနှင့်အညီ မြို့ပြတိုင်း၌ လူနေရပ်ကွက် များကိုစနစ်တကျ စီမံချက်ချ၍တရားဝင် လူနေရန်မြေကွက်သစ်များ ချထားပေးရန် အစီအစဉ်ရှိ/မရှိသိရှိလို ပါကြောင်း မေးမြန်းပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများ နေထိုင်လျက်ရှိကြသော မြေများသည် ဘိုးဘွားပိုင်မြေနှင့် အစိုးရပိုင် ခန့်ခွဲခွင့်ရှိသည့် မြေဟူ၍ (၂) မျိုးရှိတာဖြစ်ပါကြောင်း၊ ဘိုးဘွားပိုင်မြေအနေဖြင့် ဂရန်လျှောက်ထားရန် လိုအပ်ခြင်းမရှိဘဲ အစိုးရစီမံခန့်ခွဲ သည့်မြေအနေဖြင့် ဂရန်လျှောက်ထားရယူရမည် ဖြစ်ပါကြောင်း၊မြေဂရန်လျှောက်ထား သည့် နေရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ ပိုင်ဆိုင်မှု ခိုင်မာစွာ တင်ပြနိုင်ခြင်း မရှိသည့်မြေကို ဂရန်ထုတ်ပေးမိပါက နောင်တစ်ချိန်တွင် မလိုလားအပ်သော ပြသနာ များ ပေါ်ပေါက်လာနိုင်ခြင်းတို့ကြောင့် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံး လုပ်နည်းအမိန့်၊ ညွန်ကြားချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဂရန်လျှောက်ထားရာတွင်လည်း လိုအပ်သည့်အချက်များဖြစ်သော ရုံးတံဆိပ်ခေါင်း ကပ်ထားသည့် ကာယကံရှင်၏ လျှောက်လွှာ၊ မြေစာရင်းဌာနမှ ရေးဆွဲထားသည့် တရားဝင်မြေပုံ မြေဂရန်စသည်များ ကို အထောက်အထား ခိုင်မာစွာပြပြီး လျှောက်ထားပါက ဂရန်ချထားပေးလျက်ရှိပါကြောင်း၊
ပျော်ဘွယ်မြို့နယ်ကဲ့သို့ ရန်ကုန်-မန္တလေး စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပမှာရှိ မြို့နယ်များ၏ မြေဂရန်၊ ကိစ္စရပ်များ ကို တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၏ စီမံခန့်ခွဲမှုနှင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်းရှိ အစိုးရမြေများပေါ်တွင် အကြောင်းအမျိုမျိုးကြောင့် ကာလရှည်ကြာစွာ နေထိုင်ခဲ့ သူများအတွက် မြေအသုံးပြုခွင့် ပိုင်ဆိုင်မှုအတွက် အထောက်အထားခိုင်မာစွာ တင်ပြလာပါက မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ အထူးဂရန်များထုတ်ပေးလျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံအနှံအပြား ရန်ကုန်-မန္တလေး အခြားမြို့ကြီးများနှင့် မြို့ပြတိုင်းတွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောက် လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာအနေဖြင့် အမျိုးသားရေရှည် ဖွံ့ဖြိုးတိုးတက်ရေးတွင် (၂၀၁၁- ၂၀၁၆)ထိ ချမှတ်ထားသော စီမံကိန်းအရ လူဦးရေ (၁) သိန်းနှင့်အထက်ရှိ မြို့ကြီး (၅၆)မြို့နှင့် နိုင်ငံတော်၏ လိုအပ်ချက်အရ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့ပြကဏ္ဍနှင့် အိမ်ရာကဏ္ဍ တိုးတက်ရေးအတွက် နည်း ပညာ အကူအညီများ ပေးပြီး Town Ship Plan ပုံစံများ ရေးဆွဲကာ မြို့ကွက်များ ဖော်ထုတ်၍ နေရာချထားခြင်းများ ကို ဆောက်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
