(ခ)-သက်ပြည့်အငြိမ်းစားယူရသည့် အချိန်ထက် ပို၍တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများအား ပို၍ တာဝန်ထမ်းဆောင်ခဲ့သော ကာလ၏ လစာငွေပြန်လည်ပေးသွင်းခိုင်းခြင်းကိုကင်းလွတ် ခွင့်နှင့်မည်သို့သောသက်သာခွင့်များပေးရန် ဆောင် ရွက်နေသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း Pri

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၂.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

နိုင်ငံ့ဝန်ထမ်းများသည့် အသက် ၆၀ ပြည့်ပါက အငြိမ်းစားယူကြရပါကြောင်း၊ ယခုလောလောဆယ်ကာလတွင် ပညာရေးဝန်ထမ်းများကို ၎င်းတို့၏ အမှုထမ်းစာအုပ်နှင့် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် တိုက်ဆိုင် စစ်ဆေးပြီး တိုက်ဆိုင်စစ်ဆေးချက်အရ အသက် ၆၀ ပြည့်ပြီးသော်လည်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းအချို့ကို တွေ့ရှိရသဖြင့် အဆိုပါကျော်လွန်ခဲ့သည့်ကာလများအတွက် ထုတ်ယူခဲ့တဲ့ လစာငွေများကို ပြန်လည်ပေးလျော်ခိုင်းနေကြောင်း ကြားသိရပါကြောင်း၊ အလုပ်မလုပ်ဘဲ လစာထုတ်ယူနေခြင်းမဟုတ်ဘဲ တာဝန်ထမ်းဆောင်နေပြီး လစာရယူခြင်းသည့်အတွက် ယခုကဲ့သို့ လစာငွေများ ပြန်လည်သွင်းခိုင်းနေသဖြင့် အဆိုပါဝန်ထမ်းများသည် များစွာဒုက္ခရောက်နေပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရပါကြောင်း၊ အဆိုပါငွေများကို မသွင်းပါကလည်း ပင်စင် ထုတ်ယူရေးပြဿနာများဖြစ်မည်ကို စိုးရိမ်နေရသည်ကို တွေ့ရှိရပါကြောင်း၊ ဥပမာအားဖြင့် မိမိတို့ တမူးမြို့သို့ မကြာမီက တမူး၊ ကဘော် အထက်ပိုင်းဒေသ မြို့သစ် (အ.ထ.က) ကိုပြောင်းရွှေ့လာခဲ့သော ကျောင်းအုပ်ကြီး၏ အမှုထမ်းစာအုပ်ကို တိုက်ဆိုင်စစ်ဆေးကြည့်ရာ ၂ နှစ် ကျော်လွန်နေသည်ကို တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး စစ်ဆေးခိုင်းသည့်အခါ အမှုထမ်းစာအုပ်နှင့် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၏ မွေးသက္ကရာဇ်နှင့် ကိုက်ညီမှုမရှိသဖြင့် ၂ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် သိန်း ၂၀ ကျော် ပြန်လည်သွင်းခိုင်းသည်ကို သိရှိရပါကြောင်း၊ အဆိုပါကျောင်းအုပ်ကြီးသည် မိသားစုကလည်းများ၊ ယခုမှလည်း တမူးဒေသကို ပြောင်းရွှေ့လာခြင်းဖြစ်သည့်အတွက် စားဝတ်နေရေး အခက်အခဲများဖြစ်နေပြီး ယင်းငွေကိုလည်း အလျင်အမြန်သွင်းခိုင်းနေသည့်အတွက် ပြင်ပမှ တချို့ပုဂ္ဂိုလ်များက ညှိနှိုင်းပေါင်းစပ်ပြီး သွင်းခိုင်းထားသည်ကို သိရှိရပါကြောင်း၊ ထို့အတူ ဝန်ထမ်းများလည်း အခြားဒေသများတွင် ရှိနေကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့ တမူး(အ.ထ.က)ကို ပြောင်းရွှေ့လာသော ကျောင်းအုပ်ဆရာမကြီးကိုလည်း စစ်ဆေးကြည့်ရာတွင် Service Book တွင် ၂ နှစ်ခန့် နေမှ ပြည့်မည်ဖြစ်သော်လည်း လပိုင်းအနည်းငယ်သာ လိုတော့သည့်အတွက် အချိန်မီစစ်ဆေးနိုင်လိုက်သောကြောင့် ပင်စင်ယူသွားရာ လုံးဝမသွင်းရဘဲ ပင်စင်ယူသွားခြင်းဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ဝန်ထမ်းများအတွက် (၁) အမှုထမ်း စာအုပ်ပြန်လည်စစ်ဆေးခြင်းကြောင့် သက်ပြည့်အငြိမ်းစား ယူရမည့်အချိန်ထက် ကျော်လွန်ထမ်းဆောင်ခဲ့သောဝန်ထမ်းများအား တာဝန်ထမ်းဆောင်ခြင်းကြောင့်ရရှိသည့် လစာများကို ပြန်လည်ပေးသွင်းခိုင်းသည်ဆိုသည်မှာ မှန်ကန်မှုရှိ/မရှိ၊ (၂) စစ်ဆေးတွေ့ရှိချိန်မှစ၍ အငြိမ်းစားယူခိုင်းပြီး ကျော်လွန်စွာထမ်းဆောင်ခဲ့သည့်ကာလ၏ လစာငွေကို ပြန်လည်ပေးသွင်းခိုင်းခြင်းကို ကင်းလွတ်ခွင့်ပေးနိုင်ခြင်း ရှိ/မရှိနှင့် (၃) အဆိုပါဝန်ထမ်းများအတွက် မည်သို့သော သက်သာခွင့်များပေးရန် စီမံ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ
ဖြေကြားချက် 

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် အမှုထမ်းသက်စာအုပ် ပြန်လည်စစ်ဆေးခြင်းကြောင့် သက်ပြည့်အငြိမ်းစားယူရမည့်အချိန်ထက် ကျော်လွန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများအား တာဝန်ထမ်းဆောင်ခြင်းကြောင့် ရရှိသည့်လစာများကို ပြန်လည်ပေးသွင်းခိုင်းသည်ဆိုသည်မှာ မှန်ကန်ကြောင်း ပညာရေးဝန်ကြီးဌာနက ရှင်းလင်းဖြေကြားထားပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ နည်းဥပဒေ ၂၃၀ တွင် ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့်နေ့ရက်သည် ယင်းဝန်ထမ်းအသက် ၆၀ ပြည့်သည့် နေ့ရက်ဖြစ်ကြောင်းနှင့် နည်းဥပဒေ ၂၃၃ နည်းဥပဒေခွဲ(က)တွင် တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတစ်ပါး အသက် ၆၀ နှစ်ပြည့်သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ဝန်ထမ်းတစ်ဦးသည် အသက် ၆၀ နှစ်ပြည့်သည့်အချိန်တွင် သက်ပြည့်ပင်စင်ခံစားရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းတစ်ဦး၏ မွေးနေ့သက္ကရာဇ် အတည်ပြုရေးနှင့်စပ်လျဉ်းပြီး နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ နည်းဥပဒေ ၂၇၈ နည်းဥပဒေခွဲ(က)တွင် ဝန်ထမ်း၏ မွေးသက္ကရာဇ်ကို ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် ရေးသွင်းရန် အထောက်အထားပြုရမည့် (က) မွေးစာရင်းလက်မှတ်၊ (ခ) ကျောင်းဝင်မှတ်ပုံတင်ထောက်ခံချက်၊ (ဂ) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် စသည့် အချက် ၃ ချက်ကို ပြဋ္ဌာန်းထားပါကြောင်း၊ အငြိမ်းစားယူရမည့် နေ့ရက်ထက် ကျော်လွန်၍ တာဝန်ထမ်းဆောင်ပြီးမှ သက်ပြည့်အငြိမ်းစားပေးရမည့် ဝန်ထမ်းများသည် အသက် ၆၀ နှစ်ထက်ကျော်လွန်ပြီး ဆောင်ရွက်ခဲ့တဲ့ကာလအတွက် ထုတ်ယူပြီးသော လစာစရိတ်ငွေများကို ပိုပေးမိသောငွေများအဖြစ် ပြန်လည်ပေးသွင်းရသည့်အတွက် ထိခိုက်နစ်နာမှုမျိုး မပေါ်ပေါက်စေရန် ဌာနအဖွဲ့အစည်းများအနေဖြင့် ပြက္ခဒိန်နှစ်အတွင်း သက်ပြည့်အငြိမ်းစားယူကြရမည့် ဝန်ထမ်းများစာရင်းကို နှစ်စဉ် ရေးဆွဲပြုစုပြီး သက်ဆိုင်ရာဝန်ထမ်းများကို သက်ပြည့်အငြိမ်းစားယူရမည့်နေ့မတိုင်ခင် အနည်းဆုံး ၆ လ ကြိုတင်အကြောင်းကြားနိုင်ရေး စီစဉ်ပြုလုပ်ထားရန် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ၂၅-၅-၁၉၈၂ ရက်စွဲပါ စာအမှတ်၊ ဘ-၂၄/၇၆၈၂ ဖြင့် ဝန်ကြီးဌာနများအားလုံးကို အကြောင်းကြားခဲ့ပါကြောင်း။

အထက်ဖော်ပြပါ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ညွှန်ကြားချက်တို့နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပညာရေးဝန်ထမ်းများကို ၎င်းတို့၏ အမှုထမ်းစာအုပ်နှင့် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ပြီး အချို့သောဝန်ထမ်းများသည် နိုင်ငံတော်က တရားဝင်သတ်မှတ်ထားသော ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့်ရက်ထက် ကျော်လွန်ပြီး တရားမဝင် ဆက်လက်အမှုထမ်းဆောင်လိုသည့်အတွက် တိုက်ဆိုင်စစ်ဆေးနိုင်မှုအားနည်းသော အောက်ခြေရုံးများ၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး မိမိတို့၏ အမှုထမ်းသက်စာအုပ်ပါ အချက်အလက်များကို တရားမဝင် မိမိကိုယ်တိုင် ပြင်ဆင်ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေများကို တရားမဝင်ရယူခံစားခဲ့ခြင်း၊ ထိုကဲ့သို့ တရားမဝင် ဆက်လက်အမှုထမ်းခဲ့မှုကြောင့် အခြားဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခံစားခွင့်များ နစ်နာခဲ့မှုများ ရှိခဲ့ကြောင်းလည်း ပညာရေးဝန်ကြီးဌာနက ရှင်းလင်းဖြေကြားထားပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၃ တွင် လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုစည်းကမ်းဆိုင်ရာ ပုဒ်မ ၁၆၃ ပုဒ်မခွဲ(က)တွင် ရာထူးခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်းနှင့် ပြည်ပပညာသင်စေလွှတ်ခြင်းတို့အတွက် အရေးပါသော ကိုယ်ရေး အကြောင်းအရာ အချက်အလက်များကို လိမ်လည်တင်ပြခြင်း၊ ထိမ်ချန်ထားခြင်း သို့မဟုတ် မရိုးသားမှု တစ်ခုခုပြုလုပ်ခြင်း၊ (ခ) တွင် တာဝန်ထမ်းဆောင်ရာတွင် ရိုးသားဖြောင့်မတ်မှုမရှိခြင်း၊ လိမ်လည်ခြင်း၊ လိမ်လည်ရန်အားထုတ်ခြင်း သို့မဟုတ် လိမ်လည်ရန် အားပေးကူညီခြင်းတို့အတွက် ဝန်ထမ်းကို ဌာနဆိုင်ရာ အရေးယူ အပြစ်ပေးနိုင်ကြောင်းလည်း ပြဋ္ဌာန်းထားပါကြောင်း၊ အငြိမ်းစားဝန်ထမ်းများနှင့်စပ်လျဉ်းပြီး နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ နည်းဥပဒေ ၂၅၂ နည်းဥပဒေခွဲ (ဈ)တွင် အငြိမ်းစားယူပြီးနောက် ဥပဒေအရခံစားခွင့်ရှိသည့် ပင်စင်လစာထက် ပိုမိုထုတ်ပေးထားကြောင်း စစ်ဆေးတွေ့ရှိပါက ပင်စင်စားကို ပြန်လည်ပေးသွင်းစေရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင် ဖော်ပြထားသော စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် မြို့သစ်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၏ မွေးသက္ကရာဇ်အမှန်သည် ၂၄-၉-၁၉၅၃ ဖြစ်ပြီး ၎င်းမွေးသက္ကရာဇ်ကို ၂၄-၉-၁၉၅၆ ဟု ပြင်ဆင်ထားတာကို စိစစ်တွေ့ရှိရသည့်အတွက် စိစစ်တွေ့ရှိချိန်မှစပြီး အငြိမ်းစားယူစေခဲ့ပြီး ကျော်လွန်တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ၏ လစာငွေကို ပြန်လည်ပေးသွင်းစေခြင်းဖြစ်သည်ကို ပညာရေးဝန်ကြီးဌာနက ရှင်းလင်းဖြေကြားထားပါကြောင်း၊ နိုင်ငံတော်က တရားဝင်သတ်မှတ်ထားသော ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့်ရက်ထက် ကျော်လွန်ပြီး တရားမဝင် ဆက်လက်အမှုထမ်းဆောင်လိုသည့်အတွက် ကိုယ်ရေးအချက်အလက်များကို မရိုးသားသောနည်းဖြင့် ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအား ပိုမိုထုတ်ယူထားသော လစာများကို ပြန်လည်ပေးသွင်းစေခြင်းသည် ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှုမရှိရန် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ မွေးသက္ကရာဇ်ကို ပြန်လည်စိစစ်ရာတွင် ပြင်ဆင်ထားခြင်း တွေ့ရှိရပါက စိစစ်တွေ့ရှိချိန်မှစပြီး အငြိမ်းစားယူစေခဲ့ပြီး ကျော်လွန်ထမ်းဆောင်ခဲ့သောကာလ၏ လစာငွေကို ပြန်လည်ပေးသွင်းစေခြင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။