မိမိအနေဖြင့် အားကစားဝန်ကြီးဌာနနှင့်ပတ်သက်၍ ငွေလုံးငွေရင်းခွင့်ပြုငွေ ကျပ်သန်း ၁၀၀ အပေါ်တွင် တင်ဒါဆွဲလာသော ကုမ္ပဏီက တည်ဆောက်နေသည့် လုပ်ငန်းနှင့်ပတ်သက်ပြီး ခွင့်ပြုငွေနှင့် ကိုက်ညီသည့်လုပ်ငန်းများကို မြို့နယ်က လုပ်ငန်း ၄ ခုတင်ပြီး ကုမ္ပဏီကမလုပ်နိုင်ပါက မြို့နယ်ကော်မ တီဖွဲ့ပြီး ဆောင် ရွက်မည် ဟု ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပါဆိုပြီး ပြန်လာသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ မိမိတို့ မြို့နယ်ကော်မတီဖြင့် ဆောင်ရွက်လိုပါကြောင်း၊ တင်ပြသည့်အခါ ကုမ္ပဏီဖွဲ့မှ လုပ်ငန်းအဆင်ပြေစေရန် မြို့နယ်ကော်မတီမှ ဝန်ထမ်း မဟုတ်သည့် ပုဂ္ဂိုလ်များနှင့် မြောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (MRDC) က ယင်းလုပ်ငန်းကို ဆောင်ရွက်လိုပါကြောင်း၊ သို့သော် တင်ဒါခေါ်လိုက်သည်ကို သိရှိခြင်း မရှိပါကြောင်း၊ အောင်အောင်နဂါးကုမ္ပဏီက မိမိတို့ထံသို့ အားကစားကွင်းဆောင်ရွက်မည်ဟု ရောက်ရှိလာရာ လိုက်လံပြီး ကွင်းကိုပြသ၊ လုပ်မည့်လုပ်ငန်းများ စစ်ဆေးသည့်အခါတွင် မိမိတို့ တင်ထားသည့်လုပ်ငန်း ၄ မျိုးထဲမှ အားကစားကွင်းဂိတ်တံခါးနှင့် အားကစားလက်မှတ်ရုံ စသည့် ၂ မျိုး ပါမလာသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့တင်ထားသည့် လုပ်ငန်းတန်ကြေးထဲတွင် Score Board နှင့်ပတ်သက်ပြီး ၇ သိန်းတန် လုပ်မည်ဟု တင်ထားရာ ၂ သိန်းတန်ဖြင့် ခွင့်ပြုထားပါကြောင်း၊ ထို့ကြောင့် မည်မျှဆွဲရမည်ဟု မေးရာ ကျပ်သိန်း ၈၀၀ ကျော်၊ ၈၈၀ ခန့် ဆွဲရသည်ဟု ပြောပါကြောင်း၊ မိမိအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ထားသော တန်ကြေးထက်၊ သတ်မှတ်ထားသော လုပ်ငန်းများထက်လျော့ပြီး တင်ဒါဖြစ်သည်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရှိ/မရှိ၊ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့က သိရှိမှုရှိ/မရှိ၊ ဤတင်ဒါပြောင်းလဲကာ လုပ်ငန်းများလျော့ပြီး တင်ဒါပစ်ရခြင်းသည် မည်သည့်အခက်အခဲများကြောင့်နှင့် တင်ဒါဆွဲသွားသည့်အခါတွင် သတ်မှတ်ငွေပမာဏ ထက်လျော့နေသည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အားကစားကွင်း Score Board နှင့် ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်း ၂ ခုအတွက် ငွေကျပ်သန်း ၁၀၀ ခွင့်ပြုခဲ့ပါကြောင်း၊ ယင်းငွေအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ၂၀၁၄ ခုနှစ် ဇွန်လတွင် မိမိတို့ လွှဲပြောင်းပေး အပ်ခဲ့ပါကြောင်း၊ မြောင်မြို့နယ် အားကစားကွင်းတည်ဆောက်ရေးကော်မတီကို မြောင်မြို့နယ်အနေဖြင့် ဖွဲ့စည်းပြီး အားကစားကွင်း၏ ငွေကျပ် သန်း ၁၀၀ နှင့် ခွင့်ပြုသည့် Score Board နှင့် ပွဲကြည့်စင်လုပ်ငန်း ၂ ခုအပြင် အုတ်တံတိုင်း ၂၀၇၀ ပေ ကာရံခြင်း၊ ဂိတ်တံခါးနှင့် လက်မှတ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကိုပါ ထပ် တိုးဆောင်ရွက်ပြီး ရန်ပုံငွေများကိုလည်း လွှဲပြောင်းသုံးစွဲခွင့်ပြုပါရန် ၂၀၁၄ ခုနှစ် ဇွန်လက တင်ပြလာပါကြောင်း၊ ထိုသို့တင်ပြရာတွင် မြောင်မြို့နယ် အားကစားကွင်း တည်ဆောက်ရေးကော်မတီ၏ တင်ပြချက်တွင် ကုန်ကျငွေစုစုပေါင်း ၁၀၃.၁ သန်းဖြစ်နေပါကြောင်း၊ ထို့ကြောင့် မူလခွင့်ပြုငွေ ကျပ်သန်း ၁၀၀ ထက် ပိုနေသည့်အတွက် လုပ်ငန်းကို လျော့ပြီးတင်ပြရန် မြောင်မြို့နယ် အားကစားကွင်းတည်ဆောက်ရေးကော်မတီကို အကြောင်းကြားခဲ့ပါကြောင်း။
ထိုအခါ မြောင်မြို့နယ်အားကစားကွင်းတည်ဆောက်ရေးကော်မတီက ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ပွဲကြည့်စင်နှင့် ScoreBoard၂ခုသာလုပ်မည်ဖြစ်ပါသဖြင့်ယင်းလုပ်ငန်း၂ခုအတွက်ကျပ်သန်း၁၀၀.၅၄၃ ဖြင့် ဆောင်ရွက်မည်ဟု ပြန်လည်တင်ပြခဲ့ပါကြောင်း၊ ထိုအချိန်တွင် မြောင်မြို့နယ်အားကစားကွင်း တည်ဆောက်ရေးကော်မ တီ က မြန်မာ့အလင်းသတင်းစာတွင် တင်ဒါခေါ်ယူခဲ့ပါကြောင်း၊ တင်ဒါအပြိုင်ခေါ်ယူခဲ့သည့်အခါ အောင်အောင်နဂါးကုမ္ပဏီက ငွေကျပ် သန်း ၈၉.၈၃ ဖြင့် တင်ဒါအောင်မြင်သည့်အတွက် ၁၈.၁၁.၂၀၁၄ ရက်နေ့မှစ၍ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြောင်မြို့နယ် အားက စားရုံနှင့် ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်း အတွက် ကို ငွေလုံးငွေရင်းခွင့်ပြုငွေကျပ် သန်း ၁၀၀ နှင့်စပ်လျဉ်း၍ မူလခွင့်ပြုငွေကျပ် သန်း ၁၀၀ ထက် ပိုနေသည့်အတွက် လုပ်ငန်းလျော့ပြီး တင်ဒါခေါ်ယူရန် မိမိတို့အနေဖြင့် မှာကြားခဲ့ပါကြောင်း၊ တင်ဒါခေါ်ယူရာတွင်လည်း အောင်အောင်နဂါးကုမ္ပဏီက ၈၉.၈၃ သန်းဖြင့် တင်ဒါအောင်မြင်သည့်အတွက် ကျပ် ၁၀.၇၁၃ သန်း ပိုမိုခဲ့ပါကြောင်း၊ ၎င်းပိုငွေကို မူလတင်ပြခဲ့သော ဂိတ်တံခါးနှင့် လက်မှတ်ရုံပြုလုပ်ခြင်း၊ လျှပ်စစ်မီးသွယ် တန်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်ကို ရှင်းလင်းဖြေကြားပါသည်။
