(င)-တရုတ် ကုန်သည်တို့အားတရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်နေခြင်းကြောင့် မြန် မာနိုင်ငံသားကုန်သည်နှင့်ဒေသခံတောင်သူများ အတွက်အကြွေးများပြန်လည်ရရှိရန်အခက် အခဲဖြစ်နေခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၂၁.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 
 
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကုန်သည်တို့သည် ပွဲရုံများ၊ ဒိုင်များ၊ ကုန်စည်ရုံများ ဖွင့်လှစ်ပြီး တောင်သူများ၏ ဒေသထွက်ကုန်များကို အကြွေးစနစ်ဖြင်‌့ ဝယ်ယူ၍ နယ်စပ်ဒေသ တရုတ်နိုင်ငံသို့ ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ ရောင်းချရာတွင် သက်ဆိုင်ရာ မြန်မာနိုင်ငံအစိုးရထံ ကျသင်‌့သော အခွန်အခများကို စနစ်တကျပေးသွင်းပြီး နယ်စပ်ဂိတ်များကို ဖြတ်ကျော်၍ တရားဝင်ရောင်း ချပေးနေကြ ပါကြောင်း။ ထိုကဲ့သို့ ရောင်းချရာတွင် တရုတ်သူဌေးများမှ ဆန်၊ ပြောင်းနှင့်အခြားကုန်များကို အကြွေးစနစ်ဖြင့် ဝယ်ယူခဲ့ကြပါကြောင်း၊ ယင်းကုန်များကို ရောင်းချပြီးမှ ပေးရမည့်ငွေများကိုမြန်မာနိုင်ငံမှပွဲရုံများ၊ ဒိုင်များ၊ ကုန်စည်ရုံများ၊ ကုန်သည်များမှတစ်ဆင့် တောင်သူလယ်သမားများထံသို့ ငွေများကိုအကျေပေးချေခဲ့ပါကြောင်း၊ ထိုစနစ်မျိုးကဲ့သို့ ကျင့်သုံးပြီး အရောင်းအဝယ်ပြုခဲ့သည်မှာ ၃၊ ၄၊ ၅ နှစ် ခန့် ရှိပြီး ပြဿနာတစ်စုံတစ်ရာမှ မရှိခဲ့ပါ။ မြန်မာနိုင်ငံမှ ကုန်သည်များနှင့် တောင်သူဦးကြီးများသည်လည်း အဆင်ပြေစွာဖြင့် တရုတ်ကုန်သည်တို့နှင့် အပြန်အလှန်ကူးသန်း ရောင်းဝယ်ခဲ့ကြပါကြောင်း၊၂၀၁၄ ခုနှစ်၊ သြဂုတ်လလဆန်းပိုင်းမှစတင်ပြီး တရုတ်နိုင်ငံအစိုးရသည် ထိုတရုတ်ကုန်သည်များကို အကြောင်းကြောင်းကြောင်‌့ ဖမ်းဆီးခြင်း၊ ဖမ်းမိခြင်းမခံရသော ကုန်သည်များမှာ ကြောက်လန့်သဖြင့် ထွက်ပြေးခြင်း၊ ကုန်သည်၏ မိသားစုဝင်များကို ဖမ်းဆီးခြင်းနှင့် ဆန်၊ ပြောင်းကုန်များကို ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ကြပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ကုန်သည်များသည် အကြွေးများပြန်လည်ရရှိရန် အခက်အခဲများစွာ ဖြစ်နေရပါကြောင်း၊ ရရှိရန်အကြွေးများသည် တစ်သန်း၊ နှစ်သိန်းမဟုတ်ဘဲ မြန်မာကျပ်ငွေ သိန်းထောင်ချီခန့်ရှိပြီး ဆုံးရှုံးနစ်နာမှုအင်မတန် ကြီးမားပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ကုန်သည်များသည်လည်း တောင်သူများကိုပေးရန် အခက်အခဲများစွာကြုံတွေ့နေရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဒ်မ ၂၂(ဂ) တွင် နိုင်ငံတော်သည် တိုးတက်မှုနည်းပါးနေသော တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည် တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပါမည်။ ပုဒ်မ ၃၆ အရ နိုင်ငံတော်သည် အများပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်းမြှင့်တင်ရေးနှင့် အထွေထွေအရင်းအနှီးများတိုးတက်ဖွံ့ဖြိုးရေးကို ရှေးရှုဆောင်ရွက်မည်ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှ ကုန်သည်များနှင့် တောင်သူများ၏ အခက်အခဲများကို နိုင်ငံတော်မှကူညီဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့်နည်း၊ အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလတွင် နိုင်ငံတော်မှ ကူညီဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

 

ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း
အဖြေ
ဖြေကြားချက် 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ကုန်သည်လုပ်ငန်းရှင်များ လုပ်ငန်းလျင်မြန်ချောမွေ့စေရန် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဒေသများတွင်ထွက်ရှိသော ဒေသထွက်သီးနှံများကို အိမ်နီးချင်းနိုင်ငံများသို့ အဆင်ပြေလွယ်ကူစွာ တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိရေး တို့အတွက် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေးပေးလျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ ဒေသထွက်ပြောင်းများ တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် လွယ်ကူစေရန်အတွက် ပို့ကုန်လိုင်စင် လျှောက်ထားရယူရန် မလိုအပ်ဘဲ အကောက်ခွန်ဦးစီးဌာနမှ ပို့ကုန်ကြေငြာလွှာ (Export Delclaration) ဆောင်ရွက်၍ တင်ပို့ခွင့်ပြု ထားကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ဒေသခံကုန်သည်များနှင့်  တောင်သူများ ကုန်ဖိုးငွေဆုံးရှုံးရခြင်းသည် ပို့ကုန်ဆောင်ရွက်သည့် ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း မဆောင်ရွက်ဘဲ ယုံကြည်မှုကိုအားကိုးပြီး ဆောင်ရွက်ခြင်း၊ ကုန်ဝယ်သူနှင်‌့ ကုန်ရောင်းသူအချင်းချင်း နားလည်မှုဖြင့် တရားမဝင်ငွေပေးချေမှုများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းကို တွေ့ရှိရပါသည် ထို့ကြောင့် ယခုကဲ့သို့ တစ်ဖက်နိုင်ငံတွင် ပြောင်းလဲမှု အခြေအနေတစ်ရပ်ရပ်နှင့် ကြုံတွေ့လာသည့်အခါ မိမိဖက်မှ ကုန်သည်များ ကုန်ဖိုးငွေမရရှိဘဲ နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ဒေသခံတောင်သူများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များအားလုံးအနေနှင့် အကြွေးစနစ်ဖြင့် ရောင်းဝယ်ခြင်းမပြုကြရန် အလေးထားရမည့် အချက် တစ် ခုဖြစ်ကြောင်း လေ့ လာတွေ့ရှိရပါသည်။
တရုတ်နိုင်ငံအတွင်း ၎င်းတို့၏ တည်ဆဲဥပဒေများအရ ကုန်သည်များကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေခြင်းအပေါ် မိမိကုန်သည်များ နစ်နာမှုရှိပါက ဖြစ်စဉ်တစ်ခုချင်းအပေါ်တွင် မူတည်ပြီး မိမိကုန်သည်များ လက်ဝယ်ရှိ အထောက်အထား စာရွက်စာတမ်းများ ခိုင်မာမှုရှိမှသာ နှစ်နိုင်ငံတာဝန်ရှိသူများအချင်းချင်း ဆွေးနွေးခြင်း၊ နှစ်နိုင်ငံကုန်သည် အသင်းအဖွဲ့များအချင်းချင်း ညှိနှိုင်းခြင်း များကို ပြုလုပ်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် မိမိဘက်ကုန်သည်များ၏ ကုန်ဖိုးငွေအကြွေးများ ပြန်လည်ရရှိစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် (၁၁-၁၂-၂၀၁၄) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒသမအကြိမ်မြောက် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှု ပူးပေါင်း ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ပါကြောင်း၊ တရုတ်ဖက်မှပြန်လည် ဆွေးနွေးမှုတွင် တရားမဝင်ကုန်သွယ်မှုပြုခြင်းသည် မည်သည့်နိုင်ငံဖက်မှ ကုန်သည်ဖြစ်သည်ကို စုံစမ်းရမည်ဖြစ်ကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအနေနှင့် နှစ်နိုင်ငံစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုဖြစ်လျှင် ၎င်းတို့အနေဖြင့် ဖြေရှင်းပေးနိုင်ရန် ခက်ခဲ မည်ဖြစ်ကြောင်းဆွေးနွေး ခဲ့ကြပါသည်။
သို့ဖြစ်၍ မိမိနိုင်ငံဖက်မှ အထောက်အထားခိုင်ခိုင်လုံလုံတင်ပြနိုင်သော  မြန်မာကုန်သည်များ ငွေရရှိသည့် တရုတ်ကုန်သည်များ၏ အမည်စာရင်းနှင့် အထောက်အထား စာရွက်စာတမ်းများရရှိပါက တရုတ်နိုင်ငံဖက်သို့ ပေးပို့သွားမည်ဖြစ်ပြီး  ငွေကြေးပြန်လည်ရရှိရေး ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းမှုများ ထပ်မံပြုလုပ်နိုင်ရေး နှစ်ဖက်ဆွေးနွေးထားပြီး ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသို့ ဆန်ကို တရားဝင်တင်ပို့ခွင့် ရရှိရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကိုယ်စား လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် တရုတ်နိုင်ငံစိုက်ပျိုးရေး ဝန်ကြီးဌာနတို့အကြား မြန်မာနိုင်ငံမှဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင်‌့ ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်ကို ၂၄-၉-၂၀၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလတွင် အာဆီယံထိပ်သီး အစည်းအဝေးတွင်လည်း နှစ်နိုင်ငံ လယ်ယာကဏ္ဍကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် လယ်ယာကဏ္ဍ၊ ကုန်သွယ်မှုကိစ္စများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆန်ကဲ့သို့ ပြောင်းဖူးကိုလည်း အလားတူ လက်မှတ်ရေးထိုးနိုင် ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ AQSIQ အဖွဲ့ကို တောင်းဆိုထားပြီး တရုတ်နိုင်ငံသို့ ပြောင်းများတရားဝင် တင်ပို့မည့်ကိစ္စကို ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကုန်သည် အသင်းအဖွဲ့များမှတစ်ဆင့် စိုက်ပျိုးထုတ်လုပ်သူများ၊ သီးနှံကြိတ်ခွဲသန့်စင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များကို အသိပညာပေး ဖြန့်ဝေမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်၏ တင်ပြချက်ဖြစ်သော ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကုန်သည်များနှင့် တောင်သူများ၏ အခက်အခဲဖြစ်ပေါ်ခဲ့သည့်ကိစ္စများမှာ တစ်ဖက်နိုင်ငံမှ ကုန်သည်များကို စာရွက်စာတမ်းခိုင်မာမှုမရှိဘဲ အကြွေးစနစ်ဖြင့် ရောင်းချခြင်းသည် မိမိတို့အတွက်နစ်နာမှု ရှိနိုင်သည်ကို ကုန်သည်အသင်းအဖွဲ့များက တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်တာဝန်ရှိသူများက မိမိတို့၏ ကုန်သည်လုပ်ငန်းရှင်များ၊ ပွဲစားများကို အသိပညာပေးမှုများ ကြိုတင် ဆောင်ရွက်ထားရန် လိုအပ်သလို ဒေသအတွင်းရှိ အခြားတာဝန်ရှိသူများအနေဖြင့်လည်း ထိန်းကျောင်းမှုများ၊ အသိပညာပေးမှုများ ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများအနေနဲ့ ဒီပုံမှန်ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ဆောင်ရွက်ပုံ နည်းလမ်းများကိုလည်း လားရှိုး၊ မူဆယ်ဒေသများမှ ကုန်သည်အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး အသိပညာပေးသင်တန်းများပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ကြောင့် လယ်ယာထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိရေးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကုန်သည်များနှင့် တောင်သူများ၏ အခက်အခဲကိစ္စများနှင့် ပတ်သက်ပြီး နှစ်ဖက်ကုန်သည် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များအချင်းချင်း ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် လယ်ယာထွက်ကုန်သီးနှံများ တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့ နိုင်ရေးအတွက်  အစိုးရအချင်းချင်း နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးမှုများ ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများကို ပူးပေါင်းညှိနှိုင်းပြီး ကြိုးပမ်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။