(ခ)-ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းကျဆင်းနေမှုအပေါ် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ထိန်းညှိဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၂၁.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေးအပြောင်း အလဲ ပြုလုပ်သည့်အခါ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လွတ်လပ်မျှတသော ဈေးကွက်မျိုးဖြစ်ရန် ပေါ်လစီများ ချမှတ်လုပ်ကိုင်သည်ကိုတွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် လောင်စာဆီ နှင့် ပတ်သက်၍ တွေ့မြင် နေရသည်မှာ ကမ္ဘာ့ရေနံဈေးသည် လွန်ခဲ့သော ခြောက်လခန့်ကတည်းက ၅၀ ရာခိုင်နှုန်း ခန့် ကျဆင်းနေသော်လည်း ပြည်တွင်းတွင် လောင်စာဆီဈေးနှုန်းများ သိသာစွာ ကျဆင်း ပြောင်းလဲ ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိကစက်သုံးဆီရောင်းချသူများအနေဖြင့် လောင်စာဆီကို  ဝယ်ယူရာတွင် FOBဖြင့် ပေးချေရပြီး ၎င်းတွင်မှ ဝယ်ယူသော ပေါက်ဈေးအပေါ် Tax ပေးရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဝယ်ယူသည့် ဈေးနှင့် ရောင်းချသည်ဈေးသည် ယခုခြောက်လကျော်သည့် အချိန်အထိ အပြောင်းအလဲမရှိပါကြောင်း၊ သို့ပါ၍ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းကျဆင်းမှုအပေါ် ပြည်သူ့ သမ္မတမြန်မာနိုင်ငံတော် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ထိန်းညှိ ဆောင်ရွက်နေသည်နှင့် မည်သို့ ကာကွယ်မှုများ ပေးနိုင်သည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး
အဖြေ
ဖြေကြားချက် 

၂၀၀၀ ခုနှစ်နောက်ပိုင်းတွင်  ရေနံစိမ်းလိုအပ်မှု ယခင်ထက်ပိုမိုများပြားလာခြင်းကြောင့် ၂၀၀၁ ခုနှစ်မှ စပြီး ရေနံစိမ်း တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၀ အထက်ကို မြင့်တက်ခဲ့ပါကြောင်း၊ အရှေ့ တောင် အာရှရေနံစိမ်းဈေးကွက်တွင် Singapore Platt’s ဈေးနှုန်းအရ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ပျမ်းမျှ ၁၀၂ ဒေါ်လာခန့်ရှိသည့်အတွက် စက်တင်ဘာလ ၂၀၁၄ခုနှစ် အထိ ၁၁၀ ဒေါ်လာကျော်ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ ၂၀၁၄ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလထိ ၆၄ ဒေါ်လာခန့်အထိ လောင်စာဈေးနှုန်းများ ဆက်တိုက်ကျဆင်းပြီး  လောင်စာတစ်စည်လျှင် ကန်ဒေါ်လာ ၄၇ ဒေါ်လာခန့်တွင် ခေတ္တ ရပ်တန့်နေသည်ကို တွေ့ရှိရပါကြောင်း၊  ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းမှု၏ အဓိက အကြောင်းရင်းဖြစ်သော ရေနံဝယ်လိုအား ကျဆင်းလာခြင်းများကြောင့် ရေနံဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ရောင်းချနေမှုများကို ပြန်လည်စိစစ်ကြည့်မည်ဆိုပါက   သဘာဝဓာတ်ငွေ့များကို နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေခြင်းများ ရှိပါကြောင်း၊ ထိုသို့ရောင်းချရာတွင် ရေနံဈေးနှုန်းကို ထိန်းချုပ်ထားသော Export Gases Agreement  တွင် ရေနံဈေးနှုန်းဖြင့်  ထိန်းချုပ်ထားခြင်းများ ပါဝင်နေသည့်အတွက် ရေနံဈေးနှုန်း ကျဆင်းလာခြင်းသည် မြန်မာနိုင်ငံ၏ ဝင်ငွေလျော့ကျစေသွားမည်ဖြစ်သော်လည်း ရဲတံခွန်နှင့် ဇောတိက ရွှေရေနံထုတ်လုပ်မှုသည် ပိုပြီးတိုးထွက်ရှိလာခြင်းကြောင့် လာမည့်နှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကြောင့်ရသည့် ဝင်ငွေသည် သိသိသာသာကျဆင်းသွားမည် မဟုတ်သည်ကိုလည်း တွက်ချက်ရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေနံရှာဖွေရေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ပါက ရေနံဈေးနှုန်းသိသာစွာ ကျဆင်းလာခြင်းကြောင့် ရေနံလုပ်ကိုင်ဆောင်ရွက်သူများအနေဖြင့် စာချုပ်ချုပ်ဆိုရန် အနည်းငယ် တုံ့ဆိုင်းခဲ့သည်များရှိသော်လည်း ဖေဖော်ဝါရီလကုန်လောက်တွင် သတ်မှတ်ထားသော ကုမ္ပဏီ  ၁၀ ခုလုံး စာချုပ်ချုပ်ဆိုပြီးစီးရန် ရည်မှန်းထားတာရှိပါကြောင်း၊ ယခု လုပ်ကိုင်ဆောင်ရွက်နေသော ရေနံ ကုမ္ပဏီများအနေဖြင့် ရေနံဈေးကျဆင်းမှုများကြောင့် လုပ်ငန်းများ နှေးကွေးသွားသည့်ကိုတွေ့ရှိရ သော်လည်း တစ်နှစ်စာဆောင်ရွက်ရမည့် Application၊ Work Program နှင့် Budget က  ပြည့်မီအောင် ဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်ထားခြင်းကြောင့် ထိခိုက်မှုနည်းလိမ့်မည်ဟု ယူဆ ထားပါကြောင်း။ မြန်မာနိုင်ငံ၏ ရေနံထုတ်လုပ်မှု၊  ရေနံစိမ်းနှင့် ပတ်သက်၍  မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ခြင်း လုပ်ငန်းသည် တစ်နေ့လျှင် လောင်စာတစ်စည် ကျပ် ၅ သောင်းခန့် (US Dollar ၅၀ခန့်)သာရှိသည့်အတွက် ယခုကဲ့သို့ ရေနံဈေးနှုန်းကျဆင်းခြင်းများသည် မိမိတို့အား သိသာ စွာ ထိခိုက်မှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် လိုအပ်သော ရေနံစိမ်းကို ဈေးသက်သာစွာနှင့် တင်သွင်းရသည့်အတွက် ရေနံ Liquidနှင့် ပတ်သက်၍ ထိခိုက်မှု မရှိသည်ကို တွေ့ရှိရပါကြောင်း။

ထို့ပြင် နိုင်ငံတော်သို့ ရေရှည်စီးပွားစွမ်းအင်ဖူလုံမှုအတွက် ရေနံချက်စက်ရုံများတွင်  Joint  လုပ်ရန် အစီအစဉ်များ၊ ရေရှည်အတွက် စီးပွားရေးတွက်ခြေကိုက်မည့် ရေနံချက်စက်ရုံအသစ်တစ်ခု တည် ဆောက်ရန်နှင့် ရေနံထွက်ပစ္စည်းရောင်းချခြင်းလုပ်ငန်းအား နိုင်ငံတကာရေနံကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် Renewable Energyနှင့် စွမ်းအင်ချွေတာသုံးစွဲရေး မူဝါဒ တွေကိုလည်း ချမှတ်ပြီး အမျိုးသားစွမ်းအင်မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်း၊ Energy Security Plan ကိုရေးဆွဲရာတွင် ကမ္ဘာ့ရေနံဈေးနှုန်းအတတ်အကျကြောင့် မြန်မာ့စွမ်းအင်ကဏ္ဍအပေါ် တတ်ရောက်မှု အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဒေါ်တင်နွယ်ဦး ဒဂုံမြို့သစ်(မြောက်ပိုင်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ယခုဝန်ကြီးဖြေကြားချက်များတွင် ရေနံဈေးသည် မိမိတင်ပြထားသည်ထက် ရေနံဈေးက ပိုတောင်ကျ သွားပါကြောင်း၊ ယခုက ရေနံဈေးနှုန်းတက်ခြင်းကြောင့် ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်နေများ ဖြစ်ပေါ်နေပါကြောင်း၊  မိမိတို့အနေဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းလာသော်လည်း မည်သည့်အတွက်ကြောင့် ပြည်တွင်း ဓါတ်ဆီဈေးနှုန်း ကျဆင်းခြင်းမရှိသည်ကို သိရှိလိုပါကြောင်း၊ ၁၉၇၆ ခုနှစ်က အစိုးရလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများအဖြစ် ဆောင်ရွက်စေရာတွင် ရည်ရွယ်သည့် အတိုင်း ဖြစ်ပေါ်လာခြင်းမရှိသည့်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်များ၊ ကော်မတီများဖွဲ့စည်း ဆောင်ရွက်ရခြင်းရသည့်အပြင် ၁၉၀၆၂ မတိုင်ခင်အချိန်က အစိုးရဆုံးဖြတ်ချက်ဖြင့် လုံလောက်မှုမရှိ သည့်များကို ပါလီမန်ကိုတင်ရပါကြောင်း၊ ထိုမှတစ်ဆင့် အက်ဥပဒေပြန်တင်သွင်းရတဲ့ သာဓကများ ရှိခဲ့သည့်အတွက်  ယခုအချိန်တွင်လည်း စက်သုံးဆီရောင်းချရေးကို ထိန်းချုပ်ရန် စက်သုံးဆီနှင့် ပတ်သက် သော ကော်မတီတစ်ခုဖွဲ့သင့်ပါကြောင်း တင်ပြမေးမြန်းပါသည်။

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ဆက်စပ်မေးခွန်းကို ဖြေကြားပါသည်။

မြန်မာနိုင်ငံမှာ ရေနံ Product နှင့်ပတ်သက်ပြီး ဈေးနှုန်းမကျသည့်  ကိစ္စလေးများနှင့် ပတ်သက်၍ ပြည်ပမှ ရေနံစိမ်းကို ချိုသာသော ဈေးနှုန်းနှင့်ဝယ်ယူရရှိသော်လည်း လက်လီဖြန့်ဖြူးမှုဈေးနှုန်းသည် အခြားနိုင်ငံများထက် မြင့်မားနေခြင်းကို  ကျဆင်းအောင် သက်ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီများနှင့်  ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ညှိနှိုင်းဆောင်ရွက်မှုများမှုများကြောင့် ဈေးနှုန်းလျှော့ချ ရောင်းချနေသည့် အခြေအနေတွေရှိပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း ပုဂ္ဂလိက ကုမ္ပဏီများ ရောင်းချသည့် အရည်အသွေးနှင့် ဈေးနှုန်းကို ကမ္ဘာ့ဈေးနှုန်း ပြောင်းလဲမှုနှင့် ညီညွတ်အောင် ယှဉ်ပြိုင် ရောင်းချနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနက ပြည်ပ ရေနံကုမ္ပဏီအချို့နှင့်  အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေးကို ဆန်းစစ်လေ့လာနေပါကြောင်း ပြန်လည်ဖြေကြားပါသည်။