(က)-မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ ဒေသန္တရဆည် (လက်လုပ်ရေလွှဲဆည်) များ ကိုအဆင့်မြှင့် တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၂၁.၁.၂၀၁၅)

မေးခွန်း အကြောင်းအရာ ယနေ့ အစိုးရသစ်လက်ထက်တွင် လမ်း၊ တံတားများ၊ တယ်လီဖုန်းဆက်သွယ်ရေးများ၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းစဉ်များ၊ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာကိစ္စများတွင် သိသိသာသာ တိုးတက်လာပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆိုင်သည့် လုပ်ငန်းပိုင်းတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ မျိုးစေ့ဆိုင်ရာကိစ္စများ၊ စိုက်နည်းစနစ် ကိစ္စများတွင် ပြုပြင်ပြောင်းလဲသည်များကိုတွေ့ရသော်လည်း စိုက်ပျိုးရေရရှိရေးလုပ်ငန်းစဉ်တွင်အားနည်းချက်များ ရှိနေသေးပါကြောင်း၊ နေရာတိုင်းတွင် ရေလှောင်တမံကြီးများက ဖြန့်ဝေသော ရေများကို မရရှိနိုင်ကြပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဒေသန္တရဆည်၊ လက်လုပ်ရေလွှဲဆည်များကို အားကိုးနေရဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအဝှမ်း သစ်သား၊ မျောတုံး၊ ကျောက်တုံး၊ ဝါးထရံနှင့် တောင်သူလယ်သမားများ ကိုယ်တိုင် ပင်ပန်းကြီးစွာဖြင့် နှစ်စဉ်ပြုလုပ်ပြီးမှ ရေလွှဲ၊ ရေသွယ်ဆောင်ရွက်နေရသော ဒေသန္တရဆည်၊ လက်လုပ်ရေလွှဲဆည်များကို နိုင်ငံအဝှမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လက်ရှိစီမံမှုများထက် ပိုမိုစီမံပံံ့ပိုးပေးရန် အစီအစဉ်များရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ
ဖြေကြားချက် 

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနသည် စိုက်ပျိုးရေ ရရှိရေးဆိုင်ရာ ရေလှောင်တမံနှင့် ရေပေးအဆောက်အအုံများ တည်ဆောက်ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ကျေးလက်ဆည်ငယ်၊ ကန်ငယ်များ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများ၊ ရေကြီးနစ်မြုပ်မှု လျော့ ပါးစေရေးအတွက် ချောင်းကော၊ မြောင်းကောများတူးဖော်ခြင်း လုပ်ငန်းများနှင့် ရေဘေး ကာကွယ်ရေး၊ ရေငန်တားဆီးရေးအတွက် တာတမံများ တည်ဆောက်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော်အဝှမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈၊ ဇယား (၂)၊ အပိုဒ် ၃ တွင် ပါရှိသည့်အတိုင်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ စီမံခန့်ခွဲမှုပြုလုပ်နိုင်ရန် ဆည်မြောင်းဦးစီးဌာန လက်အောက်ရှိ ဆည်ရေသောက်ဧရိယာဧက ၅၀၀၀ အောက် ရေလှောင်တမံ၊ ဆည်၊ ကန်ငယ်၊ တာတမံ၊ ရေနုတ်မြောင်းများကို ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ်မှစတင်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်၍ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ နှစ်အလိုက်ခွဲဝေရရှိသော ရန်ပုံငွေဖြင့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတင်ပြသော တိုင်းဒေသကြီး/ ပြည်နယ်ရှိ တောင်သူလယ်သမားများ တည်ဆောက်ထားသည့် ဒေသန္တရလက်လုပ်ရေလွှဲဆည်များသည် တောင်သူလယ်သမားများကိုယ်တိုင် နှစ်စဉ်ပြုပြင်၍ စိုက်ပျိုးရေ ရယူစိုက်ပျိုးလျက်ရှိကြပါကြောင်း၊ အဆိုပါ ဒေသန္တရလက်လုပ်ဆည်များမှာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် စီမံဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ အင်အားဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိပါသဖြင့် ပြုပြင်တည်ဆောက်ပေးရန် တင်ပြမှုအပေါ် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်အရ နိုင်ငံတော်အစိုးရ အဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေခွင့်ပြုသည်နှင့်အမျှ ဆည်မြောင်းဦးစီးဌာနမှ ခေတ်မီနည်းပညာဖြင့် အဆင့်မြှင့်တင် တည်ဆောက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။