(င)-ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံပြေး များကို ဖမ်းဆီးရမိရန်မည်သို့ဆောင်ရွက်လျက် ရှိခြင်းနှင့်တရားခံပြေးများစာရင်းကိုဖော်ပြပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၀.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

မြန်မာနိုင်ငံအတွင်းရှိ မှုခင်းဖြစ်စဉ်များမှာ မှုခင်းကျူးလွန်ပြီးနောက် မြို့၊ ရွာအနှံ့တွင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများမှာ တစ်နေ့တခြား များပြားလာပြီး နောက်ထပ်မှုခင်းများ ကျူးလွန်လေ့ရှိကြောင်းကို ကြားသိရပါသည်။ မြန်မာနိုင်ငံတွင် တရားခံပြေး (၄)မျိုးရှိပါကြောင်း၊ မိမိရဲစခန်းမှ အလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ အခြားရဲစခန်းများမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းမဝင်တရားခံပြေးနှင့် အခြားရဲစခန်းများမှာအလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးများပင် ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် ဇွန်လကုန်ထိ ပြန်တမ်းဝင်တရားခံ ၉၁၀ ပြန်တမ်းမဝင်တရားခံပြေး ၁၂၄၉၄ ယောက် စုစုပေါင်း ၁၃၄၀၄ ယောက်ဖြစ်ပါကြောင်း၊ ၈.၁၁.၂၀၁၅ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှတဆင့် သိရှိရသည့်သတင်းအချက်အလက်အရ ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ပြီး ဒီဇင်ဘာလအထိ တရားခံပြေး စုစုပေါင်း ၂၇၃၉ ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းအရလွတ်မြောက်နေသော တရားခံပြေးများမှာ ၁၀၆၆၅ ဦးရှိပါကြောင်း၊ ၎င်းတရားခံပြေး ၁၀၀၀၀ ကျော်ကို မြန်မာနိုင်ငံနေရာအနှံ့အပြားနှင့် ကျေးလက်ဒေသများတွင်လည်း ပုန်းအောင်းနေထိုင်လျှက်ရှိပါကြောင်း၊ ရန်ကုန်မြို့တော်ထဲမှာပင် တရားခံပြေး ၁၃၀၀ ကျော်ရှိသည်ဟု သတင်းများက ပြောနေကြရာ တရားခံပြေးများသည် နောက်ထပ် လုယက်မှု၊ လူသတ်မှု၊ မဒိမ်းမှု၊ ခိုးမှု၊ နာကျင်စေမှုနှင့် ယာဉ်တိုက်မှုတို့ကို ကျူးလွန်ကြပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်း အမှုပေါင်း ၂၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး နာကျင်မှုနှင့် မဒိမ်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားခဲ့ကြောင်းနှင့် ကျူးလွန်သူမမိသေးသည့်အမှုနှင့် တရားစွဲရန် ကျန်ရှိသည့်အမှုပေါင်း ၂၀၀၀ ကျော်ရှိနေသည်ဟု သတင်းများတွင် ဖော်ပြထားပါကြောင်း။

သက်ကြီးရွယ်အိုများကို အိမ်တွင် တစ်ဦးတည်းရှိနေစဉ် သတ်ဖြတ်၍ ရွှေ၊ ငွေ ပစ္စည်းတို့ကို ယူဆောင်သွားသည့် ဖြစ်စဉ်များနှင့် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်သည့်မှုခင်းများကို သတင်းစာများတွင် ကြားသိနေရပါကြောင်း၊ ထို့အပြင် လုယက်မှုနှင့် ဓားပြမှုများလည်း နေရာအနှံ့အပြားတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနေပါကြောင်း၊ တရားခံပြေးများနှင့် ဆက်စပ်သည့် မှုခင်းများ ဖြစ်နေမည်ကို ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်နေကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများထိန်းသိမ်းရေး၊ ပြည်သူများ၏ ဘဝလုံခြုံရေးနှင့် အသက်အိုးအိမ် စည်းစိမ်အတွက် စိတ်သောကများနှင့် စိုးရိမ်ပူပန်မှုများရှိနေရသည့်အတွက် မြန်မာနိုင်ငံအတွင်း မှုခင်းဖြစ်စဉ်များ ကျူးလွန်ပြီး နောက် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအား ဖမ်းဆီးရမိရန် မည်ကဲ့သို့ စီမံချက်များထား၍ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားခံပြေးဦးရေစာရင်းများကို ဖော်ပြနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက် တာဝန်ကြီး ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် မှုခင်းများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းသည်လည်း အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ထို့ကြောင့်  ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးများသည် ၎င်းတို့၏ ဘဝရပ်တည်ရေးအတွက်ကို ပြစ်မှုများ ထပ်မံကျူးလွန်ရန်ရှိသည့်အတွက် တရားခံပြေး ဖမ်းဆီးရမိရေးသည်လည်း အရေးကြီးသည့် တာဝန်တစ်ရပ်အဖြစ် ခံယူပြီ ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တရားခံပြေးများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက်ကို စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဦးတစ်ယောက်က ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရှိသည်နှင့်တစ်ပြိုင်တည်း တရားခံပြေးပုံစံ ပြစ်မှု ၂၈၊ ရဲ ၆၂ ပုံစံတွင် ဖြည့်သွင်းပြီး တရားခံပြေးသွားရောက်နိုင်သည့် ဒေသများရှိ ရဲစခန်းများကို ဖြန့်ဝေပြီးတော့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားခံပြေးများ၏ ကိုယ်ရေးအချက်အလက်များတွင် ပါဝင်သော တရားခံပြေးပုံစံလက်ခံရရှိသည့် ရဲစခန်းမှ မူလရဲစခန်းသို့ ရရှိကြောင်းပြန်ကြားပေးရပြီး တရားခံပြေးဖမ်းဆီးရေးအဖွဲ့၊ နယ်ထိန်းရဲအဖွဲ့တို့မှ တရားခံပြေးစုံစမ်းဖမ်းဆီးပြီး သက်ဆိုင်ရာရဲစခန်းများကို အကြောင်းကြားကာ တရားခံပြေးအချက်အလက်များကို ၎င်းတို့ရောက်ရှိနိုင်သည့် အရပ်ဒေသရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးများတွင် ထားရှိသော ရဲအရာရှိများ လာရောက်စစ်ဆေးချက်မှတ်တမ်းပုံစံ ပြစ်မှု ၇၈ တွင်လည်း ရေးသွင်းထားရပါကြောင်း၊ တရားခံပြေးများအား ပြန်လည်ဖမ်းဆီးရမိပါက သက်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးမှ တရားခံပြေးဖိုင်များကို ပယ်ဖျက်ရန် အမိန့်ချမှတ်ဆောင်ရွက်ရပါကြောင်း၊ ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်နေသည့် တရားခံပြေးအချက်အလက်များကို ရဲစခန်းမှတ်ပုံတင် ၂၉ တွင် ရေးဆွဲဆောင်ရွက်ရပါကြောင်း၊ တရားခံပြေးမှတ်တမ်းများကို ရဲစခန်းမှ မှတ်ပုံတင် ၂၉ (က) တွင် မိမိရဲစခန်းမှ အလိုရှိ၍ ပြစ်မှုမှတ်တမ်းတွင် ကြော်ငြာခြင်းခံရသည့် တရားခံပြေးဖိုင်၊ ၂၉ (ခ) တွင် အခြားရဲစခန်းတွင် အလိုရှိ၍ ပြစ်မှုမှတ်တမ်းတွင် ကြော်ငြာခြင်းခံရသည့် တရားခံပြေးများဖိုင်၊ ၂၉ (ဂ) တွင် မိမိစခန်းမှ အလိုရှိ၍ ပြစ်မှုမှတ်တမ်းတွင် ကြော်ငြာခြင်းမခံရသည့် တရားခံပြေးများဖိုင်၊ ၂၉ (ဃ) တွင် အခြားရဲစခန်းမှ အလိုရှိ၍ ပြစ်မှုမှတ်တမ်းတွင် ကြော်ငြာခြင်းမခံရသည့် တရားခံပြေးများဖိုင် ဟူ၍ အမျိုးအစား (၄) မျိုး ခွဲခြားပြီး ရေးဖွင့်ဆောင်ရွက်လျက်ရှိပါကြောင်း။

ရဲလက်စွဲဒုတိယအပိုဒ် ၁၅၁၀ ပါ ပြစ်မှု ၁၂ မျိုးတွင်လည်း ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူများကို ပြစ်မှုမှတ်တမ်းတွင် ကြေညာရပါကြောင်း၊ မှုခင်းတပ်ဖွဲ့မှ လစဉ်ပြုစုတင်ပြထားသည့် ပြစ်မှုမှတ်တမ်းများပေါ် မူတည်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများမှတစ်ဆင့် ခရိုင်၊ မြို့နယ်၊ ရဲစခန်းများအထိ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက်ကို ဖြန့်ဝေပေးပို့လျက်ရှိပါကြောင်း။

ပြည်သူလူထုအနေဖြင့် တရားခံပြေးများ လက်သင့်ခံခြင်း၊ ရဲတပ်ဖွဲ့သို့ သတင်းပေးရန်ပျက်ကွက်ခြင်းတို့ကို ကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၃၆၊ ပုဒ်မ ၂၁၂၊ ပုဒ်မ ၂၁၃၊ ပုဒ်မ ၂၁၄၊ ပုဒ်မ ၂၁၆၊ ပုဒ်မ ၂၁၆-က တို့အရ အရေးယူနိုင်ကြောင်းကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲစခန်းများအလိုက် ရပ်ကွက်ကျေးရွာအုပ်စု၊ စာသင်ကျောင်း၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံများအထိ မှုခင်းအသိပညာပေး ဟောပြောမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားခံပြေးများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ပြည်သူလူထုမှ ပူးပေါင်းပါဝင် သတင်းပေးဆောင်ရွက်နိုင်ခြင်းဖြင့် ပိုမိုအောင်မြင်နိုင်ပြီဖြစ်သည့်အတွက် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် Community Policing အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မှုခင်းကျဆင်းရေး၊ မှုခင်းကာကွယ်တားဆီးရေးနှင့် တရားခံပြေးများ ဖော်ထုတ်ဖမ်းဆီးရမိရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၅.၇.၂၀၁၄ ရက်နေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အစည်းအဝေးခန်းမတွင် ရဲဦးစီးအရာရှိချုပ်ခေါင်းဆောင်သည့်အဖွဲ့မှ တရားခံပြေးများနှင့် ပတ်သက်သည့် ပြည်သူများ သိသင့်သိထိုက်သည့် အချက်အလက်များကို MRTV၊ MRTV-4၊ Sky Net၊ 5 Net Work၊ Eleven Media၊ ကုမုဒြာဂျာနယ် စသည့် ရုပ်၊ သံနှင့် စာနယ်ဇင်းများကို ဖိတ်ကြားပြီး အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူလူထုနှင့် ပူးပေါင်း၍ တရားခံပြေးများကို ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ၂၀၁၁ ခုနှစ်အတွင်း တရားခံပြေး ၁၅၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ၁၅၁၉ ဦး၊ ၂၀၁၃ ခုနှစ်အတွင်း တရားခံပြေး ၁၅၂၀ ဦး၊ ၂၀၁၄ ခုနှစ်အတွင် တရားခံပြေး ၁၈၈၄ ဦး စုစုပေါင်း တရားခံပြေး ၆၄၃၄ ဦးကို နှစ်အလိုက် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ၂၀၁၄ ခုနှစ်အတွင်း ဖမ်းဆီးရန်ကျန်ရှိသော တရားခံပြေးများမှာ နေပြည်တော်တွင် ၅၂၄ ဦး၊ ကချင်ပြည်နယ်တွင် ၇၀၉ ဦး၊ ကယားပြည်နယ်တွင် ၃၈ ဦး၊ ကရင်ပြည်နယ်တွင် ၃၅၄ ဦး၊ ချင်းပြည်နယ်တွင် ၂၁၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၉၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၃၅ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၇၇၀ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၇၉ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၅၀၉ ဦး၊ မွန်ပြည်နယ်တွင် ၇၂၀ ဦး၊ ရခိုင်ပြည်နယ်တွင် ၁၁၆၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၄၃၆ ဦး၊ ရှမ်းပြည်နယ်တွင် ၃၃၈ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၆၂၅ ဦး စုစုပေါင်း ၁၁၇၀၈ ဦး ကျန်ရှိလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ဖမ်းဆီးရန်ကျန်ရှိသော တရားခံပြေးများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရေးဆွဲထားသော စီမံချက်နှင့်အညီ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးများက ကြီးကြပ်ကွပ်ကဲမှုနှင့် ခရိုင်၊ မြို့နယ်များတွင် တရားခံပြေး ဖမ်းဆီးရေးအထူးအဖွဲ့များ ဖွဲ့စည်းပြီး  HotSpot Area များ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုများကိုလည်း ပူးပေါင်းပါဝင် သတင်းပေးဆောင်ရွက်ခြင်းအားဖြင့် တရားခံပြေးများကို ပိုမိုဖော်ထုတ်ဖမ်းဆီးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။