(က)-ကင်ဆာရောဂါ ဖြစ်ပွားနေသော လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဓာတ်ရာင်ခြည် စက်များကို တိုးချဲ့ ဖြည့်ဆည်းဆောင်ရွက်နိုင်မှု ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၁၄.၈.၂၀၁၃)

ဦးအေးမြင့် (အင်းစိန်) ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါများကိုကုသနေသော ဓာတ်ရောင်ခြည်စက်သည် လာရောက်ကုသ နေသောလူနာ ဦးရေနှင့် မနိုင် မနင်းဖြစ်ပြီး ဓါတ်ရောင်ခြည်စက်ဖြင့် ကုသရန်အချိန် ၃ လ မှ ၅ လခန့်အထိ စောင့်ဆိုင်းရပါကြောင်း၊ ထို့ကြောင့် အသက်ဆုံးရှုံးကြရပြီး တချို့ လူနာများမှာလည်း မစောင့်ဆိုင်းနိုင်သဖြင့် မန္တလေးနှင့်တောင်ကြီးသို့ သွားရောက် ကုသကြရပါကြောင်း၊ ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း မန္တလေးနှင့် တောင်ကြီးသို့ သွားရောက်ကုသရန်အတွက် တိုက်တွန်းကြပါကြောင်း၊ ထိုကဲ့သို့ နယ်ကိုသွားရောက်ကုသရသဖြင့် ကုန်ကျစရိတ်များပြားစွာ ကုန်ကျနေ ရပြီး ၎င်းငွေကြေး မတတ်နိုင်သူများအနေဖြင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြ ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ပြီးခဲ့သည့် ဘတ်ဂျက်အတွင်းတွင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို ငွေကြေးပိုမို သုံးစွဲစေခဲ့ပါကြောင်း၊ ထို့ကြောင့် ကင်ဆာရောဂါဖြစ်ပွားနေသော လူနာများ၏ အသက်ကို ကယ်တင်နိုင်ရန် ပုသိမ်၊ မကွေး၊ ပဲခူး၊ မော်လမြိုင်၊ စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးစသည့် မြို့ကြီးများ၏ ဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်စက်များကို  တိုးချဲ့ ဖြည့်ဆည်းဆောင်ရွက် ပေးမည့်အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ဖြည့်ဆည်း ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင် ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (Cobalt) ဓာတ်ရောင်ခြည်စက် ၂ လုံး၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် (Cobalt) ဓာတ်ရောင်ခြည် စက် ၂ လုံးနှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် (Cobalt) ဓာတ်ရောင်ခြည်စက် ၁ လုံးတို့ဖြင့် လူနာများအားကုသပေးလျက်ရှိရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီးတို့တွင် တပ်ဆင် အသုံးပြုနိုင်ရန် အတွက် အဆင့်မြင့်ဓာတ်ရောင်ခြည်ကုစက်ဖြစ်တဲ့ Linear Accelerator အား ဝယ်ယူရောက်ရှိပြီး ဖြစ်ပါသဖြင့် အဆောက်အဦး များပြုပြင်ခြင်းနှင့် စက်တပ်ဆင်ခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်းနှင့် ပုသိမ်မြို့၊ မကွေးမြို့၊ ပဲခူးမြို့နှင့် မော်လမြိုင်မြို့တို့ရှိ ပြည်သူ့ဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်စက်များတိုးချဲ့တပ်ဆင်ရန် အစီအစဉ် မရှိသေးပါကြောင်းဖြေကြားပါသည်။