(ဆ)-သဲကုန်းမြို့တွင်ခွင့်ပြုချက်ယူထားခြင်းမရှိသော ငါးမွေးကန်မည်မျှရှိပြီးဆင်းရဲချို့တဲ့သည့်ရေလုပ် သားများအတွက်ဘုံငါးဖမ်းကွက်သတ်မှတ်ဆောင် ရွက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၄.၁.၂၀၁၄)

ဦးတင်ထွေး အင်းမာအင်းနံဖူး သာမက အင်းများအတွင်း ကျူးကျော်ဝင်ရောက်၍ ရေစီးရေလာ အနှောင့်အယှက်ဖြစ်စေသော စည်းကမ်းမဲ့ခွင့်ပြုချက် ရယူထားခြင်းမရှိသော ငါးမွေးကန်အရေအတွက် မည်မျှရှိပါသနည်း။ စည်းကမ်းပျက် တရားမဝင် တူးဖော်လုပ်ကိုင်နေသော ငါးမွေးကန်များကို ဖျက်သိမ်းခြင်း၊ လိုင်စင်ပယ်ဖျက်ခြင်းများပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း။

ရေစီးရေလာ ကောင်းမွန်ရေးအတွက် တူးဖော်ပြီးဖြစ်သော ဈေးချောင်း၊ မီးတောင်ချောင်း၊ အောင်ကုန်းချောင်း၊ ချောင်းဘောင်များကို ကုန်ထုတ်လမ်းများပြုလုပ်စေလျက် နံဘေးတွင်တူးဖော်ထားသော ငါးကန်များအနက် ခွင့်ပြုချက် လျှောက်ထားဆဲကန်များကို တရားဝင်ငါးမွေးကန်များဖြစ်အောင် မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်။ ချေးငွေများရရှိအောင် မည်သည့်အချိန်တွင်ဆောင်ရွက်ပေး မည်ကိုသိရှိလိုပါကြောင်း။

အင်းများကို အမှီပြု၍ ရှာဖွေစားသောက်နေကြသော ဆင်းရဲချို့တဲ့ သည့်ရေလုပ်သားများအတွက် ဘုံငါးဖမ်းကွက် သတ်မှတ်ဆောင်ရွက်ပေးရန် လိုအပ်နေပါသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ပေးနိုင်ပါက မည်သည့်အင်းကိုပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

သဲကုန်းမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင် ကိုယ်စားမေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ဒုတိယဝန်ကြီး ဦးခင်မောင်အေးပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမအင်းနံဖူးသာမက အင်းများအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ပြီး ရေစီးရေလာ အနှောင့်အယှက်ဖြစ်စေသော ငါးမွေးသူဦးရေ ၇၇ ဦး၊ ကန်အလုံးရေ ၁၁၂ လုံးနှင့် ငါးမွေးကန် ၉၉၉.၁ ဧကရှိကြောင်း၊ အင်းချောင်းအတွင်း တရားမဝင် ငါးကန်များတူးဖော်မှုကြောင့် ပတ်ဝန်းကျင်လယ်မှ အင်းချောင်းအတွင်း ရေမစီးနိုင် သောကြောင့် လယ်များရေနစ်မြုပ်ခြင်း၊ အင်းချောင်းအတွင်းငါးကန်များကြောင့် ရေစီးရေလာအဟန့် အတားဖြစ်ကာ အနည်ထိုင်၍ အင်းတိမ်ကောလာသောကြောင့် မြေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၊ ဆည်းမြောင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပါဝင်သောအဖွဲ့ဖြင့် အသေးစိတ်ကွင်းဆင်းပြီး အင်းနယ်နိမိတ်သတ်မှတ်ရေး၊ တရားမဝင်ငါးကန်များအား တရားဝင်သတ်မှတ်ရေး၊ ဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ရေး၊ အင်းချောင်းအတွင်းစီးဝင်တဲ့ အင်းချောင်းများပိတ်ဆို့မှုမရှိစေရေး၊ ငန်းကန်များမှ ရေစီးလမ်းကြောင်းပေးရေး၊ ငါးမွေးကန်လိုင်စင်ကို မဆောင်သူများအားဖော်ထုတ်နိုင်ရေး၊ အဲဒီကိစ္စတွေ နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၁၃-၁၂-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၆/၇၀၈/ ဦး-၄ ဖြင့်အဖွဲ့ဖွဲ့ပြီး တာဝန်ပေးအပ်ပြီး လက်ရှိကွင်းဆင်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဆက်လက်၍ ရေစီးရေလာကောင်းမွန်ရေးအတွက် ဈေးချောင်း၊ မီးတောင် ချောင်း၊ တောင်ကုန်းချောင်းတို့ရဲ့ ချောင်းဘောင်များမှာ ကုန်ထုတ်လမ်းများပြုလုပ်စေပြီး နံဘေးမှာ တူးဖော်ထားတဲ့ ငါးမွေးကန်များအနက် ခွင့်ပြုချက်လျှောက်ထားဆဲကန်များကို စိစစ်ပြီး လွတ်ကင်းတဲ့ ငါးမွေးကန်များအား တရားဝင်ငါးမွေးကန် လိုင်စင်ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ခွင့်ပြုချက်ရရှိပါက ချေးငွေများရရှိရေးအတွက် သက်ဆိုင်ရာတိုင်း အစိုးရနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

မိမိတို့အနေဖြင့် ယနေ့အထိ စနစ်တစ်ခု၏ကောင်းကျိုးအတွက် ရေရှည်အတွက် ဆက်လက် ထိန်းသိမ်းသွားရမည် ဖြစ်ပါကြောင်း၊ ဂရန်အင်းများအား လေလံတင်ရောင်းချခြင်းဖြင့် ရေရှည်အတွက် စနစ်တကျပြုပြင် ထိန်းသိမ်းနိုင်သည့်အပြင် နိုင်ငံတော်အတွက် ထိုက်သင့်သောဘဏ္ဍာငွေကို ရှာဖွေနိုင်မည် ဖြစ်ပါကြောင်း၊ ဂရန်အင်းများကို ဘုံငါးဖမ်း ရေပြင်အဖြစ်သတ်မှတ်ပေးပါက ထိန်းသိမ်းသူမရှိသည့်အတွက် စည်းကမ်းမဲ့ တရာမဝင် ငါးဖမ်းနည်းများဖြင့် ငါးဖမ်းဆီးခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေနေသယံဇာတများကို ယိုယွင့်ပျက်စီးလာနိုင်ပါကြောင်း။ ထို့ပြင် ငါးဖမ်းရာ၌ အငြင်းပွားမှု၊ အလု အယက်ဖမ်းဆီးမှုများကြောင့် ရာဇဝတ်မှုခင်းများကျူးလွန်လာနိုင်သဖြင့် ဂရန်အင်းကို ဘုံငါးဖမ်းကွက်အဖြစ် ခွင့်မပြုသင့်ပါကြောင်း။

အင်းများကို အမှီပြုရှာဖွေစားသောက် နေသော ဆင်းရဲချို့တဲ့သည့်ရေလုပ်သားများအတွက် ၎င်းတို့၏ စားဝတ်နေရေး ပြေလည်စေရန် ငါးရှာဖွေနိုင်ရန် အစုအဖွဲ့ များစနစ်တကျဖွဲ့စည်းပြီး လုပ်ကိုင်လိုသော ဂရန်အင်းကို သင့်လျော်သောဈေးနှုန်းဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားပြီး စည်းကမ်းတကျ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် ရေနေသယံဇာတများကို ထိန်းသိမ်းရာရောက် မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သဲကုန်း မြို့နယ်ရှိ အင်းများကို ဘုံငါးဖမ်းကွက်များ အဖြစ် ရေလုပ်သားများအား လုပ်ကိုင်ခွင့်ပြုခြင်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားမှတ်ချက် အတိုင်း ဆောင်ရွက်သင့် ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။