ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ အနုပညာလောကတွင် ဗမာစကားပြောများသည် ဗီဒီ ယိုနှင့်ရုပ်ရှင်လောကတွင် အခြားတိုင်းရင်းသားများ ထက်စော၍ ထင်ပေါ်ကျော်စောနေ ပါကြောင်း၊ တခြားတိုင်းရင်းသား ဘာသာစကားပြောနှင့် ယဉ်ကျေးမှုအနုပညာများ မပျောက် မပျက်ရန် ရည်ရွယ်၍ ထိန်းသိမ်းသည့်အနေဖြင့် တိုင်းရင်းသားဘာသာ စကားပြော ဇာတ်ကားများကို ထွက်ပေါ်လာသောအခါတွင် ဆင်ဆာခွင့်ပြုချက် များ ပေးခဲ့သော်လည်း တိုင်းရင်းသားဘာသာစကားပြောများ ဆင်ဆာရရှိနိုင်ရန် ခွင့်ပြုချက်များတင်သည့်အခါ အခက်အခဲမြောက်များစွာ ကျော် လွှားရကြောင်း၊ အထူးသဖြင့် မြန်မာစာတန်းထိုးရန် ညွှန်ကြားခြင်း များကြောင့် ပြည်နယ်အဖွဲ့ အစည်းများထံမှ ထောက်ခံစာယူခြင်း၊ အခွေများသွားပို့ရခြင်း၊ အကုန်အကျ များပြားခြင်း၊ လူပန်းခြင်းများအပြင် ရိုက်ခွေများ ထောက်ခံချက် ရယူပြီး၍ မတော် တဆအဖြစ် အပျက်များကြောင့် တိတ်ခွေ ပျောက်ပျက်ပါကလည်း အသုံးပြုမရခြင်း တို့ကြုံတွေ့ရပါကြောင်း၊ ဇာတ်ကားများ မထွက်မီ ဇာတ်ကားပေါက်မှာ စိုးရိမ်နေရခြင်း၊ ပြည်နယ်အသီးသီးသို့ ပို့ပြီး ထောက်ခံချက်ယူသည့် အခါ လုပ်ငန်းအဆင့်ဆင့်ဖြင့် အချိန်နှင့် ငွေကုန်ကြေးကုန်ကျမှုများကြောင့် မသမာသူများ ခိုးထုတ်နေကြပါကြောင်း၊ ထို့ကြောင့် မြန်မာစာတန်း ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ၊ တိုင်းရင်းသား ဘာသာစကားနှင့် ရိုက်သည်ဖြစ်စေ ဒေသဆိုင်ရာစကား ကျွမ်းကျင်သော၊ ယဉ်ကျေးမှု ကျွမ်းကျင်သော၊ ဒေသဆိုင် ရာတိုင်း၊ ဒေသရှိပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး စီရင်စုမှ ဆင်ဆာစစ်ဆေးရန် ဗဟိုပြု၍ဆောင် ရွက်ပါက အထက်ပါအခက်အခဲများ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။
ရုပ်ရှင်လုပ်ငန်းဗဟိုဌာနမှ ဆင်ဆာခွင့်ပြုချက်ပေးခြင်းသည် တန်ဖိုးရှိသော်လည်း လက်တွေ့တွင် အခက်အခဲ များရှိသည့်အတွက် ဗီဒီယို နှင့်ရုပ်ရှင်လုပ်ငန်းကို ဆင်ဆာတင်ခွင့်ပေးသည့် စနစ်ကို ပြောင်းရန် အချိန်ကျ ပြီဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစကားဖြင့် ဇာတ်ကားများ ထုတ်နိုင်ပါက တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှုဖလှယ်ခွင့်ရပြီး တိုးတက်နိုင်ပါကြောင်း၊ တိုင်းရင်းသားဘာသာစကားဖြင့် ဗီဒီယိုဇာတ်ကားရိုက် သည်ဖြစ်စေ၊ မြန်မာစာတန်းထိုးရသည်ဖြစ်စေ အခက်အခဲမရှိသော်လည်း ထောက်ခံစာယူရသည့် အခက်အခဲ များသည်ဖြစ်၍ တိုင်းရင်းသားဇာတ်ကားများကို ဆင်ဆာပေးသည့်အခါ တိုင်းရင်းဘာသာ စကားဖြင့် ပြောသည့် ဇာတ်ကားနှင့် မြန်မာဘာသာစာတန်းထိုးသည့် ဇာတ်ကား နှစ်မျိုးလုံးကို တိုင်းဒေသကြီး/ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် ဗဟိုပြု၍ ဆင်ဆာခွင့်ပြုချက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ခုနှစ်တွင် စတင်ဆောင်ရွက်ပါမည်ကို သိရှိလိုပါကြောင်းမေးမြန်းသည်။
မြန်မာနိုင်ငံမှထုတ်လုပ်ဖြန့်ချိသော ဇာတ်ကားများ၊ ကာရာအိုကေများအတွက်နိုင်ငံ တာ်ပြန်တမ်းနှင့်ဖွဲ့ စည်းပေးထားသော ဗီဒီယိုဆင်ဆာအဖွဲ့ကသာ တာဝန် ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆာင်ရွက်ရာတွင် ရခိုင်၊ ရှမ်းနှင့် ကချင် စကားပြောစသည့် ဇာတ်ကားများကို တိုင်းရင်းသားဘာသာတေးစီးရီး ကာရာအိုကေ များပေးပို့ပြီး ဆင်ဆာစစ်ဆေးမှုခံယူခြင်း၊ တိုင်းရင်းသားစကားပြော ဇာတ်ကားများ၊ တိုင်းရင်းသား ဘာသာတေးစီးရီးများနှင့် ပတ်သက်ပြီး ဇာတ်ကားပါ စာတန်းထိုးနှင့် သရုပ်ဆောင်များ၏ ပြောစကားများသည် မှန်ကန်မှုရှိ/မရှိ၊ ငြိစွန်းသောစကားများ ပါရှိခြင်းရှိ /မရှိ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ ဝတ်စား ဆင်ယင်မှုရှိ/မရှိ၊ အသုံးအဆောင်များ မှန်ကန်မှုရှိ/မရှိ စသည်တို့ကို သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ ထောက်ခံချက်နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့က စစ်ဆေးခွင့်ပြုပေးလျက် ရှိပါကြောင်း၊ ဆင်ဆာစစ်ဆေးမှုခံယူသော မြန်မာ ဗီဒီယိုဇာတ်ကားများကို ၁ ပတ် လျှင် ဇာတ်ကား ၂၀ မှ ၂၅ ကားအထိ ကြည့်ရှုစစ်ဆေးပေးလျက်ရှိရာ ဆင်ဆာတင်ချိန်မှစတင်ကာ ဇာတ်ကား အနည်းအများအလိုက် ရက်သတ္တပတ် ၂ ပတ်မှ ၄ ပတ် ကြာမြင့်သော်လည်း တိုင်းရင်းသားဇာတ်ကားများနှင့် ကာရာအိုကေများကိုမူ ဆင်ဆာစစ်ဆေးရန် တင်ပြသည်နှင့်တစ်ပြိုင်နက် လျှင်မြန်ချောမွေ့စွာ အနီးစပ်ဆုံး ဆင်ဆာ အစည်းအဝေးတွင် စစ်ဆေးခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တရားဝင်ဆင်ဆာစစ်ဆေးမှုခံယူခဲ့သော တိုင်းရင်းသားဇာတ်လမ်း၊ တေးစီးရီးရိုက်ကူးမှုများကို အနီးစပ်ဆုံး သုံးနှစ်တာကာလ၏အခြေအနေကို တင်ပြရမည်ဆိုပါက ၂၀၁၁ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားဇာတ်လမ်း၊ တေးစီးရီး (၈)ခု၊ ၂၀၁၂ ခုနှစ်တွင် (၁၈) ခု၊ ၂၀၁၃ ခုနှစ်တွင် (၁၅) ခု၊ ၂၀၁၁ ခုနှစ်တွင် ကချင် တိုင်းရင်းသားဇာတ် လမ်း၊ တေးစီးရီး (၂) ခု၊ ၂၀၁၂ ခုနှစ်တွင် (၁) ခုနှင့် ၂၀၁၃ ခုနှစ်တွင် (၂) ခု ၊ရခိုင် တိုင်းရင်းသား ဇာတ်လမ်း၊ တေးစီးရီးအနေနှင့် ၂၀၁၁ ခုနှစ်တွင် (၂) ခု၊ ၂၀၁၃ ခုနှစ်တွင် (၁) ခု၊ မွန်တိုင်းရင်းသား ဇာတ်လမ်း ၊ တေးစီးရီး အနေနှင့် ၂၀၁၂ ခုနှစ်တွင် ၁ ခု၊ ၂၀၁၃ ခုနှစ်တွင် ၃ ခုရှိပါကြောင်း၊ တိုင်းရင်းသား ဇာတ်လမ်း၊ တေးစီးရီးထုတ်လုပ်ခြင်းအတွက် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသများအတွင်း ဆင်ဆာအဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်းဇယား(၂)တွင် မပါဝင်သည့်အပြင် ပြည် နယ်/တိုင်းဒေသကြီးအဆင့် ဗီဒီယိုဆင်ဆာအဖွဲ့အား သီးခြားဖွဲ့စည်းပေးမည်ဆိုပါက ရုပ်မြင်သံကြား နှင့်ဗီဒီယိုဥပဒေတွင် ဆင်ဆာတစ်ဖွဲ့တည်းသာပါရှိနေသဖြင့် ရုပ်မြင်သံကြားနှင့်ဗီဒီယို ဥပဒေကို ပြင်ဆင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် တိုင်းရင်းသားဇာတ်ကားများကို ဆင်ဆာခွင့်ပြုသည့်အခါ တိုင်ရင်းသားဘာသာစကားနှင့် မြန်မာစာ တန်းထိုးဇာတ်ကား နှစ်မျိုးနှစ်စားကို ပြည်နယ်/တိုင်းဒေသကြီးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆင်ဆာ ခွင့်ပြု ပေးနိုင်ရေးကို ယခုအချိန်တွင် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
