ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် မဏ္ဍိုင်သုံးရပ်သည် သတင်းမီဒီယာကဏ္ဍက အကောင်းအဆိုးကို ထောက်ရှုဝေဖန်ပြီး ပြည်သူများသိအောင် ထောက်ပြရသည့်အတွက် ပြည်သူမျက်ရှုဖြစ်ပါကြောင်း၊ အမှန်က မြန်မာနိုင်ငံတွင် မီဒီယာကဏ္ဍဖွံ့ဖြိုးခဲ့သည်မှာ မင်းတုန်းမင်းတရားကြီးလက်ထက် မြန်မာနိုင်ငံ၏ သတင်းစာ ခေတ်ဦးဖြစ်သည့် ရတနာပုံသတင်းစာတွင် ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရားမကောင်းလျှင် ငါ့မိဖုရားကိုရေးဆိုသည့် ထိုစဉ်က မဏ္ဍိုင်သုံးရပ်စလုံးကို ချုပ်ကိုင်သည့် သက်ဦးစံပိုင်ဘုရင်ကိုပင် ထောက်ပြဝေဖန်နိုင်အောင် ဖွံ့ဖြိုးခဲ့ဖူးသည့်အတွက်ကြောင့် စတုတ္ထမဏ္ဍိုင်ဟု တင်စားခေါ်ဝေါ်ကြသည်အထိ အလွန်ပင်အရေးပါခဲ့ပါကြောင်း၊
သတင်းမီဒီယာဥပဒေအခန်း (၂) ရည်ရွယ်ချက်များအခန်း ပုဒ်မ ၃ တွင် ရည်ရွယ်ချက် ၅ ခုပါဝင်ပြီး (ခ) တွင် သတင်းမီဒီယာလုပ်ငန်းများကို စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်စေရန် (င) နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်ဆိုသည့် ယနေ့ခေတ်အချိန်နှင့်ကိုက်ညီပြီး နိုင်ငံနှင့်ပြည်သူများအတွက် လိုအပ်ချက်များ ပါဝင်ပါကြောင်း၊ (ဃ)တွင် သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်း၊ ကျင့်စဉ်များကို ဆိုင်ရာလုပ်ငန်းအဖွဲ့အတွင်း သတ်မှတ်ရေးဆွဲရန်ဆိုသည့် အချက်ပါဝင်ပါကြောင်း၊ ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရန် ကျင့်ဝတ်၊ စည်းကမ်းသိရှိနိုင်ရန် လေ့ကျင့်ပေးရန် လိုအပ်သကဲ့သို့ သတင်းမီဒီယာ ပညာလေ့လာ ဆည်းပူးပြီးဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်များလည်း လိုအပ်ပါကြောင်း၊ ယခုလို မျိုးထုတ်ပေးမည်ဆိုလျှင်လည်း လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများသည် တိုးတက်လာမည် ဖြစ်ပါကြောင်း၊ Mancom-X က မီဒီယာကမ္ဘာပေါ်တွင် ဆွဲအားအကြီးဆုံး အရာဖြစ်ပြီး အပြစ်မဲ့သူကို အပြစ်ရှိသူဖြစ်အောင်၊ အပြစ်ရှိသူကို အပြစ်မဲ့သူဖြစ်အောင် လုပ်နိုင်သည့် စွမ်းအားရှိခြင်းကြောင့် ပြည်သူတို့၏စိတ်ကို ချုပ်ထားနိုင်ခြင်းကို ဆိုလိုပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကဏ္ဍများအပြင် သတင်းမှား၊ သတင်းတုကို ကာကွယ်နိုင်ရန် ကမ္ဘာကမြန်မာနိုင်ငံ၏ ပကတိအရှိတရားကို သိရှိရန်အတွက် မီဒီယာကဏ္ဍပါ ဘက်စုံဖွံ့ဖြိုးရန် လိုအပ်နေပါကြောင်း၊
ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် ပြည်တွင်းသာမက နိုင်ငံတစ်ကာကပါ သတင်းအမှန်နှင့် အမြန်ရရှိရေး နှောင့်နှေးခဲ့သည်ကိုကြည့်လျှင် ပြည်တွင်းမီဒီယာများ ဖွံ့ဖြိုးရန်လိုအပ်နေသည်ဆိုသည်မှာ ပေါ်လွင်နေပါကြောင်း၊ သတင်းမီဒီယာဥပဒေပါ အခန်း (၄) တစ်ခုလုံး၊ ပုဒ်မခွဲ (၉) ခုပါဝင်ပြီး သတင်းသမားများ လိုက်နာရမည့်တာဝန်များနှင့် ကျင့်ဝတ်များကို ပြဋ္ဌာန်းထားပါကြောင်း၊ ပုဒ်မ (ဈ) တွင် သတင်းမီဒီယာကောင်စီက ထုတ်ပြန်သည့်ကျင့်ဝတ်များ၊ စည်းကမ်းများကို လိုက်နာခြင်းဆိုသည့် အချက်ကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း တချို့သတင်းသမား အယောင်ဆောင်များ ကြောင့်သော်ကောင်း၊ ကျင့်ဝတ်နှင့်စည်းကမ်း မလိုက်နာသော သတင်းသမားများကြောင့် သော်လည်းကောင်း သတင်းသမားစစ်စစ်များသည် လွန်စွာနစ်နာရပါကြောင်း၊ တချို့ သတင်းထောက် ကတ်ကို အသုံးချပြီး လူတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုများကို ချိုးဖောက်နေသည်ကို လည်းတွေ့ရှိပါကြောင်း၊ သတင်းမီဒီယာ ဥပဒေအခန်း (၃) သတင်းမီဒီယာ သမားများ၏ ရပိုင်ခွင့်များအခန်း ပုဒ်မ ၄ (က) တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးက လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာဝေဖန်ထောက်ပြ အကြံပြု ရေးသားခွင့်ရှိခြင်း၊ (ဃ) သက်ဆိုင်ရာဌာန အဖွဲ့အစည်း၏ သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီဟုလည်းကောင်း၊ ပုဒ်မ ၇ တွင် စစ်မတ်ဖြစ်ပွားရာ ဒေသအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများက သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာရန်ဟု ပြဋ္ဌာန်းထားသည့်အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပြင် အထူးဥပဒေများ၊ ရာဇသတ်ကြီးဥပဒေများ၊ တရားမကြောင်း ဥပဒေများကို သိရှိနားလည်ရန် အထူးလိုအပ်ပြီး ဌာနဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း သိရှိရန်လိုအပ်ပါကြောင်း၊ ပြည်တွင်းမီဒီယာများ နိုင်ငံတကာထိုးဖောက်နိုင်ရန် ဘာသာစကား၊ နည်းပညာ၊ နိုင်ငံတကာဥပဒေကိုလည်း သိရှိရန်ဆည်းပူးလေ့လာနိုင်မည့် အခွင့်အရေးများကိုလည်း ပံ့ပိုးပေးရန် အထူးလိုအပ်သည့်အတွက်ကြောင့် လူ့စွမ်းအားအရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံမှုအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်များ ကူညီပံ့ပိုးပေးပြီး မီဒီယာကဏ္ဍခိုင်မာ အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် မေးမြန်းရခြင်းဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း ထူးချွန်ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ သတင်းသမားကောင်းများ မျိုးဆက်မပြတ် ပေါ်ထွန်းလာရေးအတွက် ရေရှည်/ရေတို စီမံကိန်းများချမှတ်၍ သတင်းမီဒီယာကျောင်းများ ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် သတင်းမီဒီယာသမားကောင်းများ ပေါ်ထွန်းရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ယူနက်စကိုအပါအဝင် နိုင်ငံတကာမှ မီဒီယာဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းမီဒီယာ အဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမီဒီယာ ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ (Myanmar Media Development Conference) ကို နှစ်စဉ်ကျင်းပလာခဲ့ရာ ခြောက်နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ ညီလာခံများက ထွက်ရှိလာသည့် ရလဒ်များကို အခြေခံပြီး မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး မီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားရင်း အဟန့်အတားများကို ဖယ်ရှားခြင်းတို့ကိုပါ အလေးပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ထားပြီးဖြစ်သည့် မြန်မာသတင်းမီဒီယာ အတတ်ပညာသင်တန်းကျောင်း (Myanmar Journalism Institute) နှင့် မြန်မာ့မီဒီယာဖွံ့ဖြိုး တိုးတက်ရေးစင်တာ (Myanmar Media Development Center) တို့နှင့် မီဒီယာသမားကောင်းများ ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းသမားအသိအမှတ်ပြု ကတ်ထုတ်ပေးရန်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ပြန်ကြားချက်အပေါ်အခြေခံပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ လက်ရှိအနေအထားအရ မြန်မာနိုင်ငံအတွင်းရှိ သတင်းသမားအားလုံးကို တစ်ဦးချင်းစိစစ်၍ သတင်းသမားအသိအမှတ်ပြု ကတ်ပြားထုတ်ပေးရန် လက်တွေ့မကျသော လုပ်ငန်းတစ်ခုဖြစ်နေပါကြောင်း၊ လက်ရှိနိုင်ငံတော်က အသိအမှတ်ပြုထားသော သတင်းမီဒီယာအဖွဲ့အစည်းများဖြစ်ကြသည့် (မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA၊ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက် NJN၊ မြန်မာသတင်းသမဂ္ဂ MJU၊ မြန်မာအမျိုးသမီးသတင်းသမားအဖွဲ့ MWJS၊ မြန်မာနိုင်ငံ နိုင်ငံတကာသတင်းအဖွဲ့ BNI၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း MFCC စသည်) တို့က တာဝန်ယူထုတ်ပေးထားသည့် သတင်းသမားကတ်များနှင့် ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲတွင် တရားဝင်မှတ်ပုံတင်ထားပြီး ထုတ်လုပ်ဖြန့်ချိနေကြသည့် ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အွန်လိုင်းမီဒီယာတို့က ယင်းတို့၏ သတင်းသမားများအား ထုတ်ပေးထားသည့် အသိအမှတ်ပြုကတ်ပြားများကို ထပ်ဆင့်အသိအမှတ်ပြုခြင်းကိုသာ သတင်းမီဒီယာကောင်စီက ဆောင်ရွက်ပေးနိုင်ကြောင်း၊ သတင်းသမားများအား အသိအမှတ်ပြု ကတ်ပြားများထုတ်ပေးရန် သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာတိုက်များ၏ တာဝန်သာဖြစ်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအနေဖြင့် ယင်းအဖွဲ့အစည်းများနှင့် မီဒီယာတိုက်များ၏ လုပ်ကိုင်ဆောင်ရွက်ချက်များ၊ ကျင့်ဝတ်နှင့်ညီ/မညီကိုသာ ကြီးကြပ်ရန် တာဝန်ရှိပါကြောင်း ဖြေကြားပါသည်။
