မိမိတို့နိုင်ငံတွင် စက်မှုဝန်ကြီးဌာနအောက်က လတ်တလောရပ်ဆိုင်းထားသော စီမံကိန်းနှစ်ခုအပါအဝင် တည်ဆောက်ပြီးလည်ပတ်လျက်ရှိသော စက်ရုံ ၂၄ ခု ရှိသည့်အနက် အိုဟောင်း၍၊ ခေတ်နှင့်မညီတော့၍ ပိတ်သိမ်းသင့်သော စက်ရုံများပါဝင်သကဲ့သို့ ရပ်ဆိုင်းထားပါက တိုင်းပြည်အတွက် လွန်စွာထိခိုက်နေသော စီမံကိန်းများလည်း ပါဝင်နေပြီး အမှတ် (၁) သံမဏိစက်ရုံ(မြင်းခြံ) တိုးချဲ့စီမံကိန်းလည်း ပါဝင်နေပါကြောင်း၊
ယင်းစီမံကိန်းတွင် Phase-II သုံးခုပါဝင်ပြီး CDB ဘဏ်မှ အတိုးနှုန်း ၄.၅ ရာခိုင်နှုန်းဖြင့် ချေးယူ ဆောင်ရွက်ထားပါကြောင်း၊ Phase-II ပါလုပ်ငန်းများကို အနည်းငယ်ထပ်မံရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်မည် ဆိုပါက ထုတ်ကုန်များရရှိမည်ဖြစ်သော်လည်း ရပ်ဆိုင်းထားသည့်အတွက် ပြီးစီးမှုများ တန်ဖိုးမရှိ ဖြစ်နေပါကြောင်း၊ တိုးချဲ့စီမံကိန်းထဲတွင်ပါဝင်သော Phase-II (A) သည် ငါးရာခိုင်နှုန်းအတိုးဖြင့် ချေးငွေ ယူပြီးဆောင်ရွက်ထားပါကြောင်း၊ တိုးချဲ့စီမံကိန်း Phase-III ကို ငါးရာခိုင်နှုန်းအတိုးဖြင့် ချေးငွေ ယူပြီးဆောင်ရွက်ထားပါကြောင်း၊ Phase-II(A)နှင့် Phase-III တို့သည် မြေပြင်တွင်မဆောင်ရွက် ရသေးခြင်းများ၊ မပြီးစီးသေးခြင်းများ ရှိနေပါကြောင်း၊ ယင်းလုပ်ငန်းများကို မပြီးစီးသေးသည့်အတွက် ဆက်လက်မလုပ်ဆောင်ပါက ဆိုင်းငံ့ကာလကျော်လွန်နေပြီဖြစ်သည့်အတွက် ချေးငွေနှင့် အတိုး အရင်း တို့ကို ပြန်လည်ပေးဆပ်နေရပြီဟု သိရှိရပါကြောင်း၊
မိမိ၏လေ့လာချက်အရ တွေ့ရှိထားသော အဆိုပါစီမံကိန်းဆက်လက်ဆောင်ရွက်သင့်သည့် များစွာသော အကြောင်းတရားများ ဖြစ်ပါကြောင်း၊ ၎င်းဖော်ပြချက်သည် တိုင်းပြည်အတွက် ပဂတိရင်ဆိုင်ဖြေရှင်း နေရသည့် အခြေအနေမှန်များ ဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ တိုးချဲ့စီမံကိန်းသုံးခုစလုံးအတွက် ချေးငွေများကို အတိုးဖြင့်ဆောင်ရွက်ထားကြောင်း၊ ၂၀၃၂ ခုနှစ်ထိ အနှစ် ၂၀ အတွင်း ပေးဆပ်ရမည့် အတိုးများသည်လည်း ချေးငွေ ၁.၀၄၂ ယူရိုဘီလီယံအတွက် အတိုးယူရို ၅၈၂ သန်း ပေးဆပ်နေရခြင်း ဖြစ်ကြောင်းတို့ကို မြင်တွေ့သိရှိနိုင်ပါကြောင်း၊ ယခုရပ်ဆိုင်းထားသော်လည်း ချေးငွေနှင့်အတိုးများကို ပေးဆပ်နေရသည်ဟု သိရှိရပါကြောင်း၊
အဆိုပါစီမံကိန်းကိုသုံးသပ်ကြည့်ပါက နိုင်ငံပိုင်ငွေဖြင့်တည်ဆောက်ခဲ့ခြင်းမဟုတ်ဘဲ အတိုးနှုန်း ၄.၅ ရာခိုင်နှုန်းဖြင့် နိုင်ငံခြားချေးငွေယူကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်း၏ တည်ဆောက်ဆဲလုပ်ငန်းများကို လျင်မြန်စွာ လက်စသတ်တည်ဆောက်ပေးပြီး ကုန်ချောအဆင့် ထုတ်လုပ်နိုင်မှသာ နှစ်စဉ်ပြန်လည်ပေးဆပ်ရမည့် နိုင်ငံခြားကြွေးမြီအတိုးအရင်းတို့ကို ပေးဆပ်နိုင်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းကိုရှုံး၍ ရပ်ဆိုင်းထားပါက ဝယ်ယူထားပြီးဖြစ်သော စက်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံ ပြီးသော တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး အလုပ်ရုံများမှာလည်း ပျက်စီးဆုံးရှုံးနိုင်သကဲ့သို့ နှစ်စဉ် ပေးဆပ်ရမည့် နိုင်ငံခြားကြွေးမြီများအတွက်လည်း ပြည်သူ့ဘဏ္ဍာမှလည်း ကျခံရမည်ဖြစ်ပြီး နိုင်ငံတော် အတွက် လွန်စွာထိခိုက်နေသည့်အတွက် (၁) လတ်တလော ရပ်ဆိုင်းထားသော အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ) တိုးချဲ့စီမံကိန်းအား ဆောင်ရွက်နိုင်ရန် အစီအမံများရေးဆွဲထားခြင်းရှိ/မရှိ၊ (၂) အကယ်၍ စီမံကိန်းပြန်လည်ဆောင်ရွက်ခွင့်ရရှိပါက နိုင်ငံတော်အတွက် မည်သို့သောအကျိုးကျေးဇူးများ ရရှိနိုင်ပါ မည်နည်းတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သံမဏိစက်ရုံ စီမံကိန်းလုပ်ငန်းများသည် နိုင်ငံတော်အတွက် အထူးအရေးကြီးသော စီမံကိန်းများ ဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အလွန်များပြားလှပြီး နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်နေသော သံနှင့်သံမဏိများကိုလည်း ပြုလုပ်ပေးနိုင်မည် ဖြစ်သည့်အပြင် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်မည့် အခြေအနေလည်းရှိနေပါကြောင်း၊
စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ၏ ဆောင်ရွက်ဆဲလုပ်ငန်းများကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၏ (၁၅) ရက်မြောက်နေ့ အစည်းအဝေးတွင် အမျိုးသားစီမံကိန်းဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရ ၂၀-၄-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် စီးပွားရေးရာ ကော်မတီ၏ (၇/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ လတ်တလောရပ်ဆိုင်း ထားခဲ့ရပါကြောင်း၊ ပထမဦးစွာ စီမံကိန်း၏ သမိုင်းအကျဉ်းချုပ်၊ လတ်တလောရပ်ဆိုင်းထားခြင်း မပြုလုပ်မီအချိန်ထိ ထုတ်လုပ်ခဲ့မှု၊ ရောင်းချခဲ့မှုနှင့် ကျန်စီမံကိန်းများကို မည်သည့်အတွက်ကြောင့် ပြီးစီးအောင် ဆက်လက်ဆောင်ရွက် သင့်ကြောင်းကို ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ မြင်းခြံသံမဏိစက်ရုံ၏ ပထမအဆင့်စီမံကိန်းကို နိုင်ငံပိုင်ငွေကြေးများကို အသုံးပြုပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အီတလီနိုင်ငံ Danieli Co.,Ltd တို့မှ ၂၀-၁၁-၂၀၀၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ China Development Bank (CDB) ၏ ချေးငွေကိုရယူပြီး ဒုတိယအဆင့် Phase II နှင့် Phase-II (A) ကို ၂၀၁၀ ခုနှစ် ဇူလိုင်လနှင့် တတိယအဆင့် Phase-III ကို ၂၀၁၁ ခုနှစ် ဇွန်လအတွင်းတွင် MEC မှ စာချုပ်များ ဆက်လက်ချုပ်ဆို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
နိုင်ငံတော်သမ္မတရုံး၏ ၄-၉-၂၀၁၂ ရက်စွဲပါစာနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ၁၄-၉-၂၀၁၂ ရက်စွဲပါစာများ၏ ညွှန်ကြားချက်များအရ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ၏ ဆောင်ရွက်ဆဲ စီမံကိန်း လုပ်ငန်းများအားလုံးကို ၁-၁၀-၂၀၁၂ ရက်နေ့မှစ၍ စက်မှုဝန်ကြီးဌာနက အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်းမှ ဆက်လက်၍ လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံ၏ပြီးစီးမှု အခြေအနေများတွင် သံရည်ကျိုမီးဖို နှစ်လုံးဖြစ်သော ပထမအဆင့် Phase-I ရှိ Meltshop-I နှင့် ဒုတိယအဆင့် Phase-II ရှိ Meltshop-II တို့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ လွှဲပြောင်းရယူခဲ့သည့်အချိန်မှ လတ်တလော ရပ်ဆိုင်းခြင်း မပြုလုပ်မီအချိန်အထိ ခြောက်လက်မပတ်လည် အရှည်ပေ ၄၀ ရှိ သံမဏိလေးထောင့်တုံး (Steel Billet) ၆၀၀၆၉.၂၅ တန်နှင့် ခြောက်လက်မအထူ သုံးပေ သုံးလက်မအကျယ် သံမဏိပြား (Steel Slab) ၂၂၇၆.၉၃ တန်ကို ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ စုစုပေါင်း ၆၂၃၄၆.၁၈ တန်အနက်မှ ၆၀၁၆၁.၄၇ တန်ကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသို့ ရောင်းချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊
စီမံကိန်းအနေဖြင့် ပထမအဆင့် ရာနှုန်းပြည့်ပြီးသည့်အတွက် တစ်ဝက်တစ်ပျက် ကုန်ချော (Semi-finished Product) ဖြစ်သော သံမဏိလေးထောင့်တုံးများနှင့် သံမဏိပြားများကိုသာ ထုတ်လုပ်နိုင် ခဲ့သည့်အတွက် ကုန်ချောအဆင့်အထိ ရောက်အောင် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ထိုသို့ တန်ဖိုးမြင့် ထုတ်လုပ်နိုင်ခြင်း ပြလုပ်နိုင်ပါက သံမဏိလေးထောင့်တုံး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၉ နှင့် သံမဏိပြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၃၉ ခန့်သာ အမြတ်အစွန်းရရှိနိုင်ရာမှ ကုန်ချောအဆင့်ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကုန်ချောအဆင့်ဖြစ်ခဲ့လျှင် နိုင်ငံတော်အတွက် တိုက်ရိုက်အကျိုး ပြုနိုင်ရန်အတွက် နောက်ဆက်တွဲ လုပ်ငန်းများကိုလည်း ဆက်လက်အသုံးပြုရန် လိုအပ်ပါကြောင်း၊ ကုန်ချောထုတ်လုပ်နိုင်ရန် လိုအပ်နေသော စက်ကိရိယာများကိုလည်း အပြီးတပ်ဆင်ရန်လည်း လိုအပ်ပါကြောင်း၊ တစ်ဖန် Billet များကို စက်စွမ်းအားပြည့် တစ်နှစ်လျှင်တန်ချိန်လေးသိန်း ထုတ်လုပ်ပါကလည်း စုစုပေါင်းရရှိမည့် အမြတ်ငွေတွင် ၄၃.၆ မီလီယံ USD ဒေါ်လာသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ China Development Bank သို့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် မဖြစ်မနေပေးဆပ်ရမည့် အရင်းနှင့်အတိုးငွေ ၉၉.၉၁၅ မီလီယံယူရို (၁၁၇.၈ မီလီယံ USD ဒေါ်လာ) နှင့် တွက်ဆ နှိုင်းယှဉ်ကြည့်ပါက နိုင်ငံတော်မှ ၇၄.၂ မီလီယံ USD ဒေါ်လာ ထပ်မံစိုက်ထုတ်ပေးရမည့် အခြေအနေမျိုး ဖြစ်ပေါ်နေပါကြောင်း၊ ဆိုလိုသည်မှာ ကုန်ချောမဖြစ်သေး၍ တိုက်ရိုက်အသုံး မချနိုင်ခြင်းနှင့်အတူ နိုင်ငံတော်အနေဖြင့် စက်ရုံရပ်တန့်သည်ဖြစ်စေ၊ လည်ပတ်သည်ဖြစ်စေ နှစ်စဉ်အတိုးနှင့်အရင်းအား မလွဲမသွေပေးဆပ်သွားရမည် ဖြစ်ပါကြောင်း၊ စနစ်တကျ ထိန်းချုပ်လည်ပတ် နိုင်မှသာလျှင် ရင်းနှီးမြှုပ်နှံမှုအားလုံးကို အဟောသိကံမဖြစ်စေဘဲ ပြန်လည်၍ ဆယ်တင်ကုစားပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အရှုံးပေါ်နေသော အခြေအနေမျိုး ဖြစ်ရခြင်းမှာ စီမံကိန်းအား ခေတ္တရပ်ဆိုင်းထားသည့်အပြင် ချေးငွေရယူ သုံးစွဲထားပြီးဖြစ်သော စီမံကိန်း၏ ဒုတိယအဆင့်ဖြစ်သော Phase-II၊ Phase-II (A) နှင့် Phase-III တို့ကို ပြီးစီးအောင်ဆောင်ရွက်နိုင်မှု မရှိခြင်းနှင့် အဆိုပါလုပ်ငန်းများ ပြီးစီးနိုင်မှုမရှိသေးသည့်အတွက် ဈေးကွက်ဝယ်လိုအားရှိပြီး အမြတ်အစွန်း (Profit Margin) မြင့်မားသော ကုန်ချောများကို ထုတ်လုပ်နိုင်မှု မရှိသေးခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊
စီမံကိန်းလုပ်ငန်းများ အဆင့်လိုက်အောင်မြင်စွာ ပြီးစီးမှုအခြေအနေ၊ ကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ ဘတ်ဂျက်တောင်းခံငွေ အလုံအလောက်မရရှိမှုနှင့် လုပ်ငန်းများရပ်ဆိုင်း ထားမှုတို့ကြောင့် Danieli Co.,Ltd နှင့် ဒဏ်ကြေးငွေကိစ္စရပ်များ ရှင်းလင်းနိုင်ရေး၊ စီမံကိန်းပြီးစီးပါက ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်စေရေးစသည့် လုပ်ငန်းများကို နိုင်ငံတော်အတွက် နစ်နာမှုမရှိစေဘဲ ဆောင်ရွက်နိုင်ရန် လမ်းညွှန်ချက် များနှင့်အညီ ပြည်ပပညာရှင်တစ်ဦးအား Special Concordant အဖြစ် ငှားရမ်းထားရှိပြီး Project Plan, Production Plan နှင့် Time Plan Schedule များပါဝင်သည့် Master Plan ကိုလည်း ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊
ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအနေဖြင့် Project Plan များကို ရှင်းလင်းတင်ပြ သွားမည်ဖြစ်ပါကြောင်း၊ ပထမအဆင့်အနေဖြင့် တစ်နှစ်လျှင်တန်ချိန် နှစ်သိန်းထိသံရည်ကျို နိုင်သည့် သံရည်ကျိုစက်ရုံအား စွမ်းအားပြည့်လည်ပတ်နိုင်အောင် ဆောင်ရွက်ခြင်းနှင့်အတူ Commissioning ပြုလုပ်ရန် ကျန်ရှိနေသေးသော Direct Reduction Plant(DRI) ပြီးစီးအောင်ဆောင်ရွက်ပြီး ထွက်ရှိလာမည့် Direct Reduction Plant (DRI) များကို စက်ရုံရှိ သံရည်ကျိုအလုပ်ရုံနှစ်ရုံအတွက် ကုန်ကြမ်းအဖြစ် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊
ဒုတိယအဆင့်အနေဖြင့် ကုန်ချော (Finished Product) များဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ရှိသော အမြတ် အစွန်းများစွာ ရရှိနိုင်သော သံပြားအရွယ်အစားမျိုးစုံ၊ အရောင်မျိုးစုံနှင့် ပုံစံမျိုးစုံတို့ဖြစ်သည့် Flat Product များကိုလည်း ထုတ်လုပ်နိုင်သော Phase-II နှင့် Phase-II (A) တို့ကို ပထမဦးစားပေးအဖြစ် ပြီးစီးအောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ Phase-II ပြီးစီးရန်အတွက် ပြည်တွင်းသုံးငွေ ၅၀.၇၂၆ ဘီလီယံ ကျန်သည့် နိုင်ငံခြားငွေ ၂၃. ၄၈၄ မီလီယံယူရိုသာလိုအပ်ခြင်း၊ အလုပ်ရုံတစ်ရုံချင်းအလိုက် ခြောက်လမှ ၁၄ လအတွင်း လုပ်ငန်းများပြီးစီးနိုင်ခြင်း၊ ထုတ်ကုန်အလိုက် အမြတ်အစွန်းရရှိနိုင်မှုမှာ ကုန်ချော တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇၃ မှ ၃၁၉ ဒေါ်လာ၊ ယခင် Phase-I Semi-Finished Product နှင့်စာလျှင် နှစ်ဆခန့်ပိုမိုရရှိခြင်း အခြေအနေတို့ကြောင့် ပထမဦးစားပေးအဖြစ် ဆောင်ရွက်သွားလိုခြင်း ဖြစ်ပါကြောင်း၊
ဆက်လက်ပြီး Phase-II (A) ကိုလည်း အလုပ်ရုံတစ်ရုံချင်းစီအလိုက် ၁၅ လမှ ၂၃ လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားနိုင်ပါကြောင်း၊ ရန်ပုံငွေလိုအပ်ချက်တွင် ၁၈.၅၁ ဘီလီယံကျပ်နှင့် ၂.၂၅ မီလီယံယူရိုတို့ ဖြစ်ပါကြောင်း၊ အမြတ်အစွန်းအနေဖြင့် ကုန်ချောတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၉၂ မှ ၃၄၉ ဒေါ်လာ၊ ယခင် Phase-II Semi-Finished Product များထက် နှစ်ဆခွဲခန့်ထိ ပိုမိုရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းတတိယအဆင့် Phase-III တွင် ပထမအဆင့်မှထွက်ရှိလာသည့် သံမဏိလေးထောင့်တုံး များကိုလည်းကောင်း၊ ဒုတိယအဆင့်မှ ထွက်ရှိလာသည့် သံပြားများကိုလည်းကောင်း အသုံးပြု၍ သံချောင်းလုံးများ၊ Channel and Beam အမျိုးမျိုး၊ ဖိအားမြှင့်ပိုက်များနှင့် မီးရထားသံလမ်းစသည့် Product အမျိုးမျိုးကို ထုတ်လုပ်နိုင်မည့် အလုပ်ရုံများ ပါဝင်ပါကြောင်း၊
စီမံကိန်းကာလတွင် အလုပ်ရုံအလိုက် ၁၈ လမှ ၂၄ လအထိ ကြာမြင့်နိုင်ခြင်း၊ ဘတ်ဂျက် လိုအပ်မှုတွင် ၁၅၅.၈၁၂ ဘီလီယံကျပ်နှင့် နိုင်ငံခြားငွေ ၃၇.၃ မီလီယံယူရိုဖြစ်ခြင်းတို့ကြောင့် ဒုတိယဦးစားပေးအဖြစ် ဆောင်ရွက်လိုခြင်း ဖြစ်ပါကြောင်း၊ ထုတ်ကုန်တစ်ခုချင်းစီအလိုက် တစ်တန်လျှင် အမြတ်အစွန်း အမေရိကန်ဒေါ်လာ ၁၈၅ မှ ၃၅၄ ဒေါ်လာ၊ ယခင် Phase-I Semi-Finished Product များနှင့်စာလျှင် နှစ်ဆကျော်ခန့်ထိ ပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ Phase-III တွင် Long Product အမျိုးမျိုးကို ထုတ်လုပ်နိုင်မည့် Multi- Purpose ဖြစ်ပြီး သံချောင်းလုံးများ ထုတ်လုပ်ရန်အတွက်ကို အဓိကထား၍ ပထမဦးစားပေးရွေးချယ်ထားခဲ့ပါက တစ်တန်လျှင် အများဆုံးအမေရိကန် ဒေါ်လာ ၁၈၅ ဒေါ်လာ အမြတ်အစွန်းရရှိနိုင်မည် ဖြစ်သည့်အတွက် Phase-III တွင်ပါဝင်သော Pipe Mill တစ်ခုလုံးမှာလည်း Phase-II မှ သံပြားများမထွက် ရှိနိုင်သေးသည့်အတွက် ရပ်တန့်ထားရမည် ဖြစ်ပါကြောင်း၊ ထို့အတွက် ဒုတိယဦးစားပေးအဖြစ်သာ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ဖြည့်စွက်ရှင်းလင်းတင်ပြပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ စနစ်တကျပြန်လည်စတင်နိုင်ရန် ထုတ်လုပ်မှုအစီအမံ (Production Plan) အား ဆက်လက်တင်ပြ သွားမည် ဖြစ်ပါကြောင်း၊
လုပ်ငန်းများပြန်လည်စတင်ခွင့် ရရှိသည်နှင့်တစ်ပြိုင်နက် ပထမနှစ်အတွင်း Steel Billet တန်ချိန် ၁၅၅၀၀၀၊ Steel Slab တန်ချိန် ၁၅၀၀၀၀ ကို စတင်ထုတ်လုပ်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ဒုတိယနှစ်မှစ၍ Steel Billet နှင့် Steel Slab များအား ပိုမိုတိုးမြှင့်ထုတ်လုပ်ခြင်း၊ Phase-II, Phase-II (A) နှင့် Phase-III အလုပ်ရုံများ တစ်ရုံချင်းစီအလိုက် ပြီးစီးမှုအပေါ်မူတည်၍ Flat နှင့် Long Product များကို ထုတ်လုပ်ပြီး အမြတ်အစွန်း ပိုမိုရရှိအောင် ဆောင်ရွက်ခြင်းတို့ကို Master Plan အတိုင်း သတ်မှတ်ကာလအတွင်း ဆောင်ရွက်သွားရာမည် ဖြစ်ပါကြောင်း၊ နောင်နှစ်များတွင် စက်စွမ်းအားဖြင့် ထုတ်လုပ်ခြင်းများအပြင် စက်စွမ်းအားမြှင့်တင်ထုတ်လုပ်ခြင်းများကိုပါ တစ်ပြိုင်နက်တည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Production Plan အတိုင်း ဆောင်ရွက်နိုင်ပါက ချေးငွေအတွက် နှစ်စဉ်အတိုးအရင်းပေးဆပ် နေရသော်လည်း သုံးနှစ်မြောက် ကာလမှစ၍ အမြတ်အစွန်းစတင်ရရှိနိုင်လာမည် ဖြစ်ပါကြောင်း၊ ၁၂ နှစ်မြောက်တွင် အရင်းကြေကာလသို့ ရောက်ရှိလာမည်ဖြစ်ပါဖြစ်ကြောင်း၊ စီမံကိန်းပြန်လည်ဆောင်ရွက် ခွင့်ရရှိခဲ့ပါက နိုင်ငံတော်အတွက် မည်သို့သော အကျိုးကျေးဇူးများ ရရှိနိုင်ပါမည်နည်းမေးခွန်းနှင့် စပ်လျဉ်းပြီး နိုင်ငံတော်အတွက် ပထမဦးဆုံးသော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိပစ္စည်းများအား အရည်အသွေးမီစုစည်းထုတ်လုပ်နိုင်သော စက်ရုံတစ်ရုံ Steel Complex Complete ကို အောင်မြင်စွာတည်ဆောက်နိုင်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သံနှင့်သံမဏိ ပစ္စည်းများအား တင်သွင်းမှုသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၅-၁၆ ခုနှစ်တွင် တန်ချိန် ၁.၆၂၅ သန်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၂.၂၉၂ သန်း တင်သွင်းမှုရှိခဲ့ပါသဖြင့် ပြည်တွင်း ဈေးကွက်တွင် ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြင့် ဈေးကွက်ရရှိနေခြင်း၊ ပြည်တွင်းဈေးကွက်၏ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် ပြည်ပမှတင်သွင်းမှုလျော့ချနိုင်မည်ဖြစ်ခြင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသက်သာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်များအား လုပ်ငန်းခွင်တာဝန်ပေးအပ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ပေးနိုင်ခြင်း၊ သံနှင့်သံမဏိထုတ်လုပ်သည့် နည်းပညာများ လွှဲပြောင်းရယူနိုင်မည်ဖြစ်သဖြင့် ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာမည်ဖြစ်ခြင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်မျှော်လင့်ချက် ရှင်သန်ဖွံ့ဖြိုး လာခြင်းနှင့် ဒေသန္တရနှင့်နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ ဖြစ်ပါကြောင်း၊ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းကို ဆက်လက်ရပ်ဆိုင်းထားမည်ဆိုပါက ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများမှာ စီမံကိန်းအတွက် စက်ရုံသို့ ရောက်ရှိပြီးဖြစ်သော စက်နှင့်စက်ပစ္စည်းအစိတ်အပိုင်းများ ပြန်လည်၍လုံးဝအဖတ်ဆည်၍မရနိုင်အောင် ပျက်စီးသွားနိုင်သည့်အခြေအနေမျိုး ကြုံတွေ့ရနိုင်ခြင်း၊ ရင်းနှီးမြုပ်နှံခဲ့သောနိုင်ငံခြားငွေ (1.053 Billion Euro)(CDB Loan) နှင့် မြန်မာကျပ် (၅၅၃.၇၁၆)ဘီလီယံခန့်ရှိသော နိုင်ငံတော်ပိုင် ငွေများမှလည်း ဆုံးရှုံးသွားမည် ဖြစ်ခြင်း၊ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများမှာ Steel လုပ်ငန်းကိုအကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြချိန်တွင် မိမိတို့နိုင်ငံမှတည်ဆောက်ဆဲ Steel လုပ်ငန်းများအား ပြီးပြတ်အောင် လုပ်ဆောင်နိုင်စွမ်းမရှိသည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိနေမည် ဖြစ်ခြင်းတို့ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဗီယက်နမ်နိုင်ငံတွင် 400 US (Billion)Steel Complex အား တည်ဆောက်နေပြီဖြစ်ခြင်း၊ Least Develop Countries (LDCs) နိုင်ငံများစာရင်းတွင်ပါဝင်သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော အမျိုးသားရေးလုပ်ငန်းတစ်ခု အဖြစ် ဆောင်ရွက်သင့်သည့် စီမံကိန်းဖြစ်ခြင်း၊ ဥရောပစံသတ်မှတ်ချက်ဖြင့် သံနှင့်သံမဏိထုတ်ကုန်များ ရေရှည်စီးပွားဖြစ် ထုတ်လုပ်ရေးအတွက် နည်းပညာအကူအညီပေးထားသော Danieli Co., Ltd နှင့် ဆက်ဆံရေးတွင်လည်း အထစ်အငေါ့များဖြစ်လာနိုင်ခြင်းတို့ ဖြစ်နိုင်ပါကြောင်း၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏စာရင်းများအရ မြန်မာနိုင်ငံ၏ သံနှင့်သံမဏိ ပစ္စည်းများတင်သွင်းမှုသည် ၂၀၁၅-၁၆ ခုနှစ်တွင် တန်ချိန် ၁.၆၂၅ သန်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် တန်ချိန် ၂.၂၉၂ သန်း တင်သွင်းမှုရှိခဲ့သည့်အတွက် ပြည်တွင်းဈေးကွက် အခိုင်အမာရှိနေပြီ ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ အခြေစိုက် BCI ကုမ္ပဏီမှလည်း ထွက်ရှိသမျှ Hot-dip Galvanized Steel sheet များကို ကာလပေါက်ဈေးဖြင့် အကုန်ဝယ်ယူမည့် Off-take Agreement ချုပ်ဆိုရန် စီစဉ်ကမ်းလှမ်းထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ အမှတ် (၁) သံမဏိစက်ရုံကို ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခုနစ်နိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၃၇ ခု သွားရောက် လေ့လာခဲ့ကြပါကြောင်း၊ ကုမ္ပဏီအားလုံးကလည်း သေချာစွာလေ့လာပြီးနောက် Global Steel Co., Ltd. နှင့် Thiha Group of Consortium က ပူးပေါင်း ဆောင်ရွက်လိုသည့် Complete Proposal နှစ်စောင်ကိုရရှိထားပြီး ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာ ကောင်းများလည်း ရရှိထားပြီးဖြစ်ပါကြောင်း၊ ကျွမ်းကျင်ပညာရှင်ခန့်အပ်မှုအနေဖြင့် Danieli Co., Ltd. တွင် တာဝန်ထမ်းဆောင်ခဲ့သော ခရိုအေးရှားနိုင်ငံသား CEO Mr.Damir Mezulic အား ၁၇-၁-၂၀၁၈ ရက်နေ့မှစ၍ စီမံကိန်းလုပ်ငန်းများအတွက် Special Consulant အဖြစ် ငှားရမ်း အသုံးပြုခဲ့ပါကြောင်း၊ အသုံးချနိုင်မှုနှင့် အကျိုးအမြတ်ရရှိမှုအနေဖြင့် Danieli Co., Ltd. သို့ နောက်ကျ ငွေပေးချေရခြင်းအတွက် စာချုပ်ပါအတိုးနှုန်းအား ၄.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ခြင်း၊ RMB Shortage (Euro 19917720) အား တောင်းခံခြင်းမပြုလုပ်ရန် ညှိနှိုင်းနိုင်ခဲ့ခြင်း၊ အာမခံသက်တမ်း ကုန်ဆုံးနေသော စက်ပစ္စည်းများအားလုံးအတွက် New Warranty ပြုလုပ်ရန် တန်ဖိုး ၂.၅ ရာခိုင်နှုန်း အစား တစ်ရာခိုင်နှုန်းသာ လျှော့ချသတ်မှတ် နိုင်ခဲ့ခြင်း၊ Additional Services 10.8 Million Euro အစား 6.3 Million Euro ပေးချေရန် Danieli နှင့် အသေးစိတ်ညှိနှိုင်းဆောင်ရွက်ပြီးစီးခဲ့ခြင်းတို့ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်းခံထားသည့် 147.527 Million Euro အစား 101.5 Million Euro သာ ပေးချေရတော့မည် ဖြစ်ပါသဖြင့် နိုင်ငံတော်အနေဖြင့် 46.027 Million Euro လျော့နည်းသက်သာခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ စက်မှုဝန်ကြီးဌာနအနေဖြင့် အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းပြီးစီးအောင် ဆောင်ရွက် ရမည့် Master Plan အား ရေးဆွဲထားပြီးဖြစ်သည်နှင့်အညီ စီးပွားဖြစ်ထုတ်လုပ်မည့် လက်တေွ့ကျသော အစီအမံများအား Special Task Force Team ဖွဲ့စည်း၍ ဆက်လက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်မှ ပြန်လည်သုံးသပ်နေဆဲကာလဖြစ်ပါ၍ ပဂတိအခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်ရန်အတွက် ကြိုတင်တင်ပြ ရှင်းလင်းဖြေကြားပါသည်။
