(ဂ)-ဧရာဝတီတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာနလက်အောက် ကျေးရွာများရှိ ကျူရှင်များသည် တွဲဖက်ကျောင်းများတွင် တရားမဝင်သော ထပ်တွဲ ကျောင်းများအဖြစ် ရှိနေကြသဖြင့် ထိုထပ်တွဲ တွဲဖက်ကျောင်းများကို ထိန်းသိမ်းကြပ်မတ်ပေးရန် အစီ အစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၁၆.၃.၂၀၁၈)

ဧရာဝတီတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းများတွင် တွဲဖက်အလယ်တန်း၊ တွဲဖက်အထက်တန်း ကျောင်းများကို တရားဝင်ခွင့်ပြု ထား သော်လည်း  ကျေးရွာများရှိ ကျူရှင်များသည် တွဲဖက်ကျောင်းများတွင် တရားမဝင်သော ထပ်တွဲ ကျောင်းများအဖြစ် ရှိနေကြသဖြင့် ထိုထပ်တွဲ တွဲဖက်ကျောင်းများကို ထိန်းသိမ်းကြပ်မတ်ပေးရန် အစီ အစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဘိုကလေးမြို့နယ်အတွင်း အထက်တန်းကျောင်းပေါင်း ၁၁ ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ကျောင်းပေါင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ပေါင်း ၉ ကျောင်းနှင့် အလယ်တန်းကျောင်း (ခွဲ) ကျောင်းပေါင်း ၅၂ ကျောင်းရှိပြီး မူလတန်းကျောင်းပေါင်း ၄၀၀ နီးပါးရှိပါကြောင်း၊ ၎င်းတို့ကို အခြေခံပညာဦးစီးဌာနက တရားဝင်ခွင့်ပြုထားသည့် ကျောင်းများဖြစ်ပါကြောင်း၊ ထိုအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများကို တရားမဝင်တွဲဖက်အဖြစ်ထပ်တွဲပြီး ဖွင့်လှစ်နေသည်ကို ရွာများတွင် တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ထိုတရားမဝင်တွဲထားသည့် တွဲကျောင်းများသည် ၎င်းတို့ရှိကျောင်းသားစာရင်းကို မူလတွဲသည့်ကျောင်း၏ ကျောင်းသားစာရင်းတွင် လာပြီးပေါင်းထည့်ထားသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ယခုလိုပေါင်းထည့် ထားသည့်အခါ အောက်ပါ ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာပါသည် (၁) ကျောင်းအသေးသုံးကို ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက ကျောင်းအသေးသုံး တောင်းခံသည့်အခါ ဘေးထွက်ဆိုးကျိုး နံပါတ် (၁)၊ (၂) က ကျောင်းဆရာ/မ ဦးရေတောင်းခံခြင်း ဖြစ်ပါကြောင်း၊ (၃)က လစဉ်စာမေးပွဲ ငယ်များ၏ စာမေးပွဲစရိတ်တောင်းခံခြင်း ကိစ္စဖြစ်ပါကြောင်း၊ (၄)က ၎င်းတွဲကျောင်းများ၏ ကျောင်းသားစာရင်း၊ ကျောင်းခေါ်ချိန်စာရင်းများ၊ လချုပ်စာရင်း၊ နှစ်ချုပ်စာရင်းများကို လက်ထောက်ဆရာ/မများ ပြုလုပ်ပေးရသည့်အခါ လက်ထောက်ဆရာ/မများမှာ ဖိအားများ ဖြစ်ပေါ်လာပါကြောင်း၊ ဘိုကလေးမြို့နယ်တွင် ကျေးရွာပေါင်း ၅၇၅ ရွာကို လွှတ်တော်နားနေချိန်တွင် ရွာများကိုဆင်းသည့်အခါ ထိုပညာရေးအရာရှိများက ၎င်းရွာများကို အကုန်လုံးဆင်းခြင်းမဟုတ်၊ ကျောင်းကိုဆင်းစစ်ခြင်း၊ စစ်သည့်အခါ ထိုတွဲကျောင်းများသည် ပညာရေးမူဝါဒနှင့်မညီညွတ်ခြင်း၊ မညီညွတ်ဘူးဆိုလျှင်လည်း ကျောင်းများကို ဖျက်သိမ်းရမည်လား၊ မိမိတို့ဘိုကလေးမြို့သည် သွားရေးလာရေးခက်ခဲသည့် နေရာများတွင် ကျောင်းများရှိခြင်းကလည်း နယ်မြေဒေသ၏ လိုအပ်ချက်များ ဖြစ်နေသည့်အတွက်ကြောင့် ပညာရေးဥပဒေနှင့် ပညာရေးနှင့်မကိုက်ညီသည့် ကျောင်းများကို ဖျက်သိမ်းရန်ဆိုသည်မှာ နယ်မြေအခြေအနေအရ မဖြစ်ပါကြောင်း၊ သို့အတွက်ကြောင့် ပညာရေးမူဝါဒနှင့် ကိုက်ညီ ဘောင်ဝင်လာအောင်နှင့် အံဝင်ဂွင်ကျ ဖြစ်လာအောင် ထိုတွဲကျောင်းလေးများကို ပညာရေးဌာနအနေဖြင့် မည်ကဲ့သို့ စဉ်းစားထိန်းသိမ်းကြပ်မတ် ပေးမနည်းနှင့် နည်းလမ်းရှိပါကလည်း မည်သည့်နည်းလမ်းဖြင့် ကူညီဆောင်ရွက်ပေးမည်နည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းထွက်နှုန်းလျော့ပါးစေရေး ယခုလို ရည်မှန်းချက် များနှင့် နှစ်စဉ်ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းများကို အခြေခံပညာမူလတန်းကျောင်း (ခွဲ) များအဖြစ် လည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်း (ခွဲ) များအား အခြေခံပညာ မူလတန်းကျောင်းအဖြစ် သို့လည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်းများအား အခြေခံပညာမူလတန်းလွန်ကျောင်းများ အဖြစ်လည်းကောင်း၊ အခြေခံပညာမူလတန်းလွန် ကျောင်းများအား အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) များ အဖြစ်သို့လည်းကောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) များအား အခြေခံပညာအထက်တန်းကျောင်း အဖြစ်သို့လည်းကောင်း အဆင့်ဆင့်ပညာသင်ယူမှု အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်သည့် နေရာတွင် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် မဲဆန္ဒနယ်ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (ခွဲ) ပေါင်း ၁၀ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၄ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၀ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျောင်း ၃ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၇ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တစ်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၃၅ ကျောင်း တိုးမြှင့်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ လက်ရှိစာရင်းအရဆိုလျှင် ဘိုကလေးမြို့နယ်တွင် အ‌ခြေံပညာမူလတန်းကျောင်း (ခွဲ) ပေါင်း ၃၈ ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်းပေါင်း ၂၉၆ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၆၆ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၅၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၉ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၁၀ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း ၁၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၄၈၂ ကျောင်း ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မြစ်ကူးချောင်းကူး သွားလာရေးခက်ခဲသည့် ဒေသများတွင် ကလေးငယ်များ၏ ပညာသင်မှုအခွင့်အလမ်း ရရှိရေးအတွက် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းဖြစ်မြောက်ရေးကော်မတီများ၊ ထိုကျောင်းလေးများကို နိုင်ငံတော်ပိုင်၊ ဝန်ကြီးဌာန၏ တရားဝင်မြေအမည်ပေါက်ရှိအောင် လိုအပ်သောကျောင်းမြေ ပိုင်ဆိုင်မှုရှိခြင်း၊ ကျောင်းအဆောက်အဦ ရှိမည်ဆိုလျှင် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းများအဖြစ် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများသို့ တရားဝင်စတင် လျှောက်ထားနိုင်ပါကြောင်း၊ ယခုလိုတရားဝင် လျှောက်ထားလာလျှင် ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းများအဖြစ် ဦးစွာတရားဝင်စာရင်းပေါက်ပြီးမှသာ သက်ဆိုင်ရာ ကျောင်းအဆင့်များသို့ သတ်မှတ်မူများအနှင့်အညီစိစစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်များနှင့်အညီ အဆင့်တိုးမြှင့်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုလို တရားဝင်အဆင့်ဆင့် မဆောင်ရွက်ဘဲ တွဲဖက်ဆောင်ရွက်ခြင်းများ ရှိလျှင်လည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းကမ်း၊ ဥပဒေများအရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများမှ အထူးကြပ်မတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးမင်းသိုင်း (ဘိုကလေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် တွဲဖက်ထားသည့် အရပ်ခေါ်က ခိုးတွဲခေါ် တချို့ကျောင်းများသည် အထက်တန်းကျောင်းရှိခြင်း၊ အလယ်တန်းကျောင်းရှိခြင်းတို့သည် ၁၉၈၄-၈၅ ကျူရှင်ဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကိုက်ညီလျှင်လည်း ကျူရှင်ဖွင့်ခွင့် ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဦးဝင်းမော်ထွန်း(ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)

ဝန်ကြီးဌာနအနေဖြင့် ကိုယ့်အားကိုယ်ကိုး ကျောင်းလေးများ ဖွင့်ရင်သော်လည်းကောင်း၊ မူလတန်း ကျောင်း (ခွဲ) ဖွင့်ရင်သော်လည်းကောင်း၊ ကိုယ်ပိုင်ပညာသင်ကျောင်း ဖွင့်လျှင်သော် လည်းကောင်း၊ ကျူရှင်သင်တန်း ဖွင့်လျှင်သော်လည်းကောင်း သတ်မှတ်ထားသော ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် လုပ်ထုံးလုပ်နည်းများအတိုင်း ပြည့်စုံအောင်၊ ဥပဒေနှင့်ညီညွတ်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ခွင့်ပြုဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။