(ဃ)-နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီများကို လက်ခံရေးကိစ္စအား ပွင့်လင်း မြင်သာရေးအတွက် ပြည်သူများအား အသေးစိတ်ရှင်းပြပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၄.၃.၂၀၁၈)

မိမိမေးခွန်းကို နိုဝင်ဘာလအတွင်း မေးမြန်းခဲ့ခြင်းဖြစ်သည့်အတွက် ယခုအခါ တချို့သော သတင်းအချက်အလက်များ ထုတ်ပြန်ထားပြီးဖြစ်သည်ကို သိရှိရပါကြောင်း၊ ဥပမာအားဖြင့် မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ချက်အရ ပြန်လည်လက်ခံရေးဆောင်ရွက်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသော ပုံစံများမှာ နှစ်နိုင်ငံသဘောတူညီထားသည့် ပုံစံမျိုးမဟုတ်သည့်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နှစ်နိုင်ငံသဘောတူထားသည့် ပုံစံအတိုင်း မဖြည့်စွက်သည့်အတွက်ကြောင့် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ခြင်းရှိ/မရှိ စိစစ်ရာတွင် ခက်ခဲခြင်း၊ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုမှုဟုတ်/မဟုတ် မစိစစ်နိုင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာပါမည်ဖြစ်ကြောင်း ဝန်ခံချက်မပါရှိခြင်း၊ အိမ်ထောင်စုများတွင် တစ်ဦးချင်း၏အဖ၊ အမိအမည်များ မပါရှိသကဲ့သို့ို သားသမီးများ၏ မွေးရပ်မြေများကို မဖော်ပြထားသဖြင့် အခြားသောသူများ ရောနှောပါဝင်နိုင်ခြင်း စသည်တို့ဖြစ်ပါကြောင်း၊ ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လွှဲမည့်ဘင်္ဂါလီ ၈၀၀၀ ကျော်တွင် မြန်မာနိုင်ငံ၌ နေဖူးသူ ၃၀၀ ကျော်သာ စိစစ်တွေ့ရှိရသည်ဟူသည့် သတင်းများကို ဖတ်ရှိရသည့် အတွက်ကြောင့် တရားမဝင်ခိုးဝင်သူများ နိုင်ငံအတွင်းသို့ မဝင်ရောက်နိုင်ရေးကို နိုင်ငံတော်အစိုးရ အနေဖြင့် စနစ်တကျစိစစ်လက်ခံနေကြောင်း သိရှိရသဖြင့် ပြည်သူများ စိတ်သက်သာယာ ရရှိပါကြောင်း၊ သို့သော်လည်း ပြည်သူများအနေဖြင့် ပွင့်လင်းမြင်သာစွာ သိရှိရန်လိုနေသည့် အချက်များအနေဖြင့် (၁) ပြန်လည်လက်ခံရေးနှင့်ပတ်သက်သော နှစ်နိုင်ငံသဘောတူညီမှု၊ (၂) ပြန်လည်ဝင်ရောက်လာသူများ တွင် ARSA အကြမ်းဖက်အဖွဲ့ဝင်များနှင့် ပတ်သက်သူများအတွက် ဆောင်ရွက်ထားမှု၊ (၃) ဘင်္ဂါလီအတွက် သီးခြားနယ်မြေ Save Zone တောင်းဆိုမှုကိစ္စ၊ (၄) မူလထွက်ခွာသည့်နေရာတွင် ပြန်လည်နေရာချထားပေးမှုရှိ/မရှိ၊ (၅) လူမှုစာမျက်နှာများပေါ်တွင် ထွက်ခွာသွားစဉ်က အမျိုးသမီးထုများပြီး ပြန်လာသောအခါ အမျိုးသားထုများပြားနေကြောင်း ဖော်ပြထားမှုဟုတ်/မဟုတ် စသည့် နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သော လက်ခံရေးအစီအစဉ်များနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


ဖြေကြားသူ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်
အဖြေ

ပထမအချက်အနေဖြင့် နှစ်နိုင်ငံသဘောတူညီမှုအရ ပြန်လည်လက်ခံရေးကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်တွင် ၂၃-၁၁-၂၀၁၇ ရက်နေ့မှာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံ‌ရေး လုပ်ငန်းစဉ် (Arrangement on Return of Displaced Persons From Rakhine State) သဘောတူညီချက်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ လက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံအတွင်း အမှန်တကယ်နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိမှုများကို ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့် ၁၉၉၃ ခုနှစ်၊ နှစ်နိုင်ငံ သဘောတူညီချက် (၄) ချက်နှင့်အညီ စိစစ်လက်ခံသွားမည် ဖြစ်ပါကြောင်း၊ ၎င်းနှစ်နိုင်ငံ သဘောတူညီချက် (၄) ချက်အရ ပြန်လည်ဝင်ရောက်လာသူများက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူဖြစ်ရမည်၊ ကွဲကွာနေသော မိသားစုများ စာရင်းဝင်များအတွက် ဘင်္ဂလားဒေ့ရှ်ဗဟိုအဆင့်ရှိသော တရားရုံးမှ ထောက်ခံချက်ပါရှိရမည်၊ တစ်ဖက်နိုင်ငံတွင် ထပ်မံမွေးဖွားလာသည့်ကလေးသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော မိဘနှစ်ပါးက မွေးဖွားလာသည့် ကလေးများ ဖြစ်ရမည်ဆိုပြီး သဘောတူညီ ချက် (၄) ချက်လည်း ရှိပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်ကို အကောင်အထည်ဖော် နိုင်ရေးအတွက် နှစ်နိုင်ငံပြန်လည် လက်ခံရေးပူးတွဲ လုပ်ငန်းအဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ကိုယ်စားလှယ်များ၊ မြန်မာဘက်မှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပြီး ပထမအကြိမ် အစည်းအဝေးကို ၁၅-၁-၂၀၁၈ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပြီး Physical Arrangement for Repatriation of Displace Myanmar Residents from Bangladesh ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အစည်းအဝေးတွင် ဆန္ဒအလျောက်ပြန်လည် ဝင်ရောက်လိုသူများ ဖြည့်သွင်းရမည့်ပုံစံကို နှစ်အကျေအလည်ဆွေးနွေးခဲ့ပြီး အတည်ပြုခဲ့ကြပါကြောင်း၊ ဖြည့်သွင်းရမည့်ပုံစံကို သေသေချာချာရေးသွင်းခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်ပို့သည့်အခါ တိတိကျကျ မပါပါကြောင်း၊ မိမိတို့ သတ်မှတ်ထားသည့် ပုံစံထဲတွင် အိမ်ထောင်စု၏ ဓာတ်ပုံပါမည်၊ အိမ်ထောင်ထဲတွင်ပါသည့် အိမ်ထောင်မိသားစုများ၏ တစ်ဦးချင်းဓာတ်ပုံလည်းပါမည်၊ လက်ဗွေလည်းပါမည်၊ လက်မှတ်လည်းပါမည်စသည်ဖြင့် အချက်များ ရှိသော်လည်း ၎င်းတို့ဆီကနေ ပြန်ပို့သည့်အခါ ကွဲလွဲမှုများရှိနေသည့်အတွက် ယခု ၈၀၃၂ ဦးကို စိစစ်သည့်အခါ အခက်အခဲအများ တွေ့ကြုံခဲ့ရပါကြောင်း၊

ထိုသဘောတူညီချက် ပြန်လည်ဝင်ရောက်လာသည်ကို ၂၃-၁-၂၀၁၈ ရက်နေ့ကတည်းက စတင်လက်ခံရန်  အစစအရာရာ ပြင်ဆင်ထားခဲ့ပါကြောင်း၊ အစစအရာရာပြင်ဆင်သည့် နေရာတွင်လည်း ပြန်လည်စိစစ်လက်ခံရေးစခန်း နှစ်ခု၊ ကြားစခန်းတစ်ခု၊ သက်ဆိုင်ရာဝန်ကြီးဌာနက ဝန်ထမ်းများနှင့်အတူ ဇန်နဝါရီလ ၂၃ ရက်နေ့က အားလုံးအဆင်သင့်ရောက်ခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ ပြန်လည်ဝင်ရောက်လာမှု မရှိသေးပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို ၁၅-၂-၂၀၁၇ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည့် နေရပ်စွန့်ခွာသူအိမ်ထောင်စု ၁၆၇၃ စု၊ လူဦးရေ ၈၀၃၂ ဦး၏ အချက်အလက်များကို မြန်မာနိုင်ငံဘက်ကို ပေးအပ်ခဲ့ပါကြောင်း၊ ထိုစာရင်းကို နှစ်နိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့မှ ညှိနှိုင်းသဘောတူထားသည့် ပုံစံကို အသုံးပြုထားခြင်းမရှိသည့်အတွက် သီးခြားပုံစံဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြုစုခဲ့သည့်အတွက် မိမိတို့စိစစ်သည့်အခါ အခက်အခဲများ ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့ သဘောတူထားသည့် သဘောတူညီချက် နောက်ဆက်တွဲပုံစံတွင် ပြန်လည်ဖြည့်စွက်ပြီး သံတမန်လမ်းကြောင်းမှ ပြန်လည်ပေးပို့ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြောင်းကြားထားရှိပြီး ဖြစ်သော်လည်း မိမိတို့ဘက်မှ ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ရရှိထားသော ၈၀၃၂ ဦးထဲမှ စိစစ်ရသည့် အပိုင်းများကို သေသေချာချာပြန်ပြီး Bio Matric နည်းများနှင့် စိစစ်သည့်အခါ အင်အား ၃၀၀ ကျော်ကို ရရှိပြီးဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ဘင်္ဂလားဒေ့ရှ်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

ဒုတိယအချက်ဖြစ်သည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံမည့်အစီအစဉ်နှင့် ပတ်သက်၍လည်း ၁၇-၁၀-၂၀၁၇ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းလတ်နှင့် သတင်းနှင့်ဆက်သွယ်ရေး ဒါရိုက်တာ ဦးကျော်မြိုင်တို့ပါဝင်သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း၊ UEHRD ကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီအောက်တွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်းပြီး UNFCCI နှင့် ပူးပေါင်းပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍစုံလုပ်ငန်းစဉ်များတွင် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ UEHRD အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင်လည်း နေပြည်တော် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က UEHRD နှင့် ပတ်သက်၍ တက်ရောက်အမှာစကား ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် ၇-၁၂-၂၀၁၇ ရက်နေ့တွင် UEHRD ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်မည့် အစီအစဉ်တို့နှင့် ပတ်သက်ပြီး ရှင်းလင်းပွဲတစ်ရပ်ကို UEHRD ကော်မတီ ဒုတိယဥက္ကဋ္ဌဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းဝင်များလည်း တက်ရောက်ခဲ့ကြသည့်အပြင် UEHRD ရှင်းလင်းပွဲအခမ်းအနားကို ၁၅-၁၁-၂၀၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးပူးတွဲဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ UEHRD ညှိနှိုင်းရေးမှူးချုပ်နှင့် နယ်စပ်ရေးရာနှင့် မိမိတို့ပါဝင်သည့် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ UEHRD Task Forces  က အဖွဲ့ခေါင်းဆောင်များနှင့် ရခိုင်တွင်သွားရောက်ပြီး ပွင့်လင်းမြင်သာစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း၊ မေးခွန်းတွင်ပါဝင်သည့် ပွင့်လင်းမြင်သာရေးအတွက် ပြည်သူများအသေးစိတ်ရှင်းပြပေးရန် အစီအစဉ်ရှိ/မရှိ ဆိုသည့်ကိစ္စကိုလည်း ဆောင်ရွက်နေပါကြောင်း၊ ပြန်လည်ဝင်ရောက်လိုသူများအတွက် ပြန်လည်လက်ခံမှု အစီအစဉ်အရ ကုန်းလမ်းမှဝင်ရောက်လာသူများကို တောင်ပြိုလက်ဝဲလက်ခံရေး စခန်းမှ လည်းကောင်း၊ ရေလမ်းမှဝင်ရောက်လာသူများကို ငါးခူရလက်ခံရေးစခန်းမှ လည်းကောင်း၊ စခန်းတစ်ခုကို တစ်ရက် လူ ၁၅၀ နှုန်းနှင့် တစ်ရက် လူ ၃၀၀ ဦးကို ရက်သတ္တပတ် ငါးရက် လက်ခံဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအတွက် အစားအသောက်၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ကနဦးထောက်ပံ့ပေးမည်ဖြစ်ပြီး ပြန်လည်လက်ခံရေးစခန်းတွင် တစ်ညသာနေထိုင်စေမည် ဖြစ်ပါကြောင်း၊ နောက်တစ်ရက်တွင် ၎င်းတို့အခြေချနေထိုင်မည့် ကျေးရွာများတည်ဆောက်ဆဲ ကာလအတွင်း ခေတ္တနေထိုင်ရန် အတွက် စီစဉ်ထားသည့် လှဖိုးခေါင်ကြားစခန်းတွင် ပို့ဆောင်ပေးမည် ဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအတွက်ကို ရိက္ခာများ၊ အသုံးအဆောင်များ ဖြန့်ဝေပေးခြင်း၊ ပြန်လည် ဝင်ရောက်လာသူများအနေဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းအပြင် ဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းလုပ်ငန်း၊ လျှပ်စစ်မီးသွယ်တန်းရေး လုပ်ငန်းစသည့် အခြေခံအဆောက်အအုံ လုပ်ငန်းများတွင်ဝင်ရောက်ပြီး Cast for Work အနေဖြင့် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်နေမည် ဖြစ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများ နေထိုင်မည့် ကျေးရွာတည်ထောင်မှု လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းပြီးစီးမှုမြန်ဆန်နိုင်သည့်အပြင် တစ်ဦးချင်းဝင်ငွေတွေလည်း ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လိုသူများအတွက် ယခင်နေထိုင်ခဲ့ဖူးသည့် မူလနေရာနှင့်အနီးဆုံး ပတ်ဝန်းကျင်တွင် ပြန်လည်နေရာချထားနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ တစ်ဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူမျာအတွက် ကျေးရွာသစ်များ ထူထောင်ပေးရာတွင် မြေနေရာရှင်းလင်းမှုများ၊ အိမ်ရာကွက်များကို မြို့ရွာနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Village Plan နှင့်အညီ အိမ်ရာ၊ ဆေးခန်း၊ ကျောင်း၊ ဈေးစသည့် ပါဝင်သောရွာများကို တည်ဆောက်ပေး သွားမည်ဖြစ်ပါကြောင်း၊

တတိယအချက်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွာသူများဟုတ်/မဟုတ်ကို မည်ကဲ့သို့ စစ်ဆေးလက်ခံမည်နည်းဆိုသည့် အပိုင်းအနေဖြင့်လည်း ပြန်လည်လက်ခံရေးမူ (၄) ချက်နှင့်အညီ စိစစ်ပြီးမှ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊  ယခုလိုပြန်လည်ဝင်ရောက်လာသူများကို စိစစ်သည့်အခါ ဝင်လာသည့်သူများထဲမှ အကြမ်းဖက်သူများ၊ ARSA အကြမ်းဖက်အဖွဲ့ဝင်များ မပါလာအောင်လည်း ပြည်ထဲရေးကနေပြီး စိစစ်လက်ခံလျက်ရှိပါကြောင်း၊ စိစစ်လက်ခံသည့်အခါတွင်လည်း နိုင်ငံတော်က ထုတ်ပေးထားသည့် သက်ဆိုင်ရာ ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်း မရှိပါက National Verification Card ကို တစ်ပါတည်းစိစစ်ထုတ်ပေးပြီး Biometric နည်းဖြင့် ၎င်းတို့၏ပေါ်လွင် ထင်ရှားသည့် အမှတ်အသားများကို မှတ်တမ်းရယူပြီး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထို NVC ကတ်ကို ကိုင်ဆောင်ခြင်းဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာသွားလာခွင့်၊ ပညာရေးနှင့်အသက်မွေးဝမ်း ကျောင်းများကို လက်လှမ်းမီ ရရှိမည်ဖြစ်ပါကြောင်း၊ ARSA အဖွဲ့ဝင်များနှင်‌့ ပတ်သက်၍လည်း ၂၅-၈-၂၀၁၇ ရက်နေ့တွင် ARSA အကြမ်းဖက်အဖွဲ့အစည်းများက ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နယ်စပ်လုံခြုံရေးကင်းစခန်း ၃၀ ကို အချိန်ကိုက်တစ်ပြိုင်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့ကို ဦးတည်ဖြေရှင်းဆောင်ရွက်မှု ကြောက်လန့်၍လည်းကောင်း၊ အကြမ်းဖက်သမားများ၏ စည်းရုံးလှုံ့ဆော်မှုကို လက်ခံပြီး နေရပ်စွန့်ခွာ ထွက်ပြေးခြင်းကိုလည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ နည်းမျိုးစုံဖြင့် ဖိအားပေးနေမှုများနှင့် ARSA များ၏ အကြမ်းဖက်ဆောင်ရွက်မှုကို နိုင်ငံတကာအဖွဲ့အစည်း သတင်းဌာနများက ထိန်ချန်၍ မဟုတ်မမှန်ဝေဖန် ထိုးနှက်မှုများကိုလည်း သတိရှိရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအကြမ်းဖက် တိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း ၂၅-၈-၂၀၁၇ ရက်နေ့က ကြော်ငြာစာအမှတ် (၁/၂၀၁၇) ဖြင့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အစွန်းရောက် အကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက်များတွင် တာဝန်ရှိသော ARSA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည့်အပြင် ၎င်းထုတ်ပြန်ကြေညာခဲ့မှုကို ကုလသမဂ္ဂ အကြမ်းဖက်တိုက်ဖျက်ရေး အမှုဆောင်အရာရှိချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၊ ဥရောပရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့နှင့် အာဆီယံအကြမ်းဖက်မှု တိုက်ဖျက်ရေး (Cooperation) အတွင်းရေးမှူးချုပ်ရုံးနှင့် မြန်မာနိုင်ငံရှိ နိုင်ငံတကာမှသံရုံးများသို့လည်း အကြောင်းကြားစာများ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ARSA အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အဒူလာအဘူအာမာ အဒူနီ (ခေါ်) ဟာရစ်တိုအာဟာ ဆော်ဒီအာရေဗျနိုင်ငံအတွင်းရှိ အရင်းအမြစ်များနှင့် ဆက်စပ်မှုရှိကြောင်း သတင်းအချက်အလက်များကိုလည်း ရန်ကုန်မြို့ရှိ ဆော်ဒီအာရေဗျသံရုံးသို့ အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ Safe Zone နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ပယ်ချထားပြီးဖြစ်ပါကြောင်း၊ International Safe Zone ဆိုသည်မှာ နှစ်နိုင်ငံစစ်ဖြစ်လျှင် သော်လည်းကောင်း၊ ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ကာလများတွင် လည်းကောင်း ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်းရှိ အရပ်သားများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာနိုင်ငံက ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသည့်အခြေအနေမှသာလျှင် ကုလသမဂ္ဂကဲ့သို့ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်း တစ်ခုခုက ဦးဆောင်၍ ဝင်ရောက်ထိန်းသိမ်းရသည့် အခြေအနေမျိုး  ဖြစ်ပါကြောင်း၊

လူမှုစာမျက်နှာများတွင် ထွက်ခွာသွားစဉ်က အမျိုးသမီးထုများပြီး ပြန်လာသည့် အမျိုးသားထုများပြားနေခြင်းကို ဖော်ပြထားခြင်းသည် ထွက်ခွာသွားစဉ်အခါက အမျိုးသား/အမျိုးသမီး အရွယ်မရွေး မိသားစုအလိုက် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုပြန်လည်ရောက်ရှိရန်အတွက် ၈၀၃၂ ဦးကို စာရင်းပေးပို့စိစစ်သည့်အခါ အမျိုးသမီးဦးရေ ၂၃၃ ဦးနှင့် အမျိုးသားဦးရေ ၂၀၂ ဦး၊ အမျိုးသားအမျိုးသမီး စိစစ်၍မရသူ လေးဦး စုစုပေါင်း ၄၃၉ ဦးရှိပါကြောင်း၊ ထိုလူများသည် မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သူမှန်ကန်ကြောင်း စိစစ်တွေ့ရှိရသည့် စာရင်းထဲတွင် ပါဝင်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာမည့် မူဆလင်များ လက်ခံရေးကိစ္စကို ပွင့်လင်းမြင်သာမှုရှိရေးအတွက် ပြည်သူများအား အသေးစိတ်ရှင်းပြရန် အစီအစဉ်ရှိ/မရှိနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အစိုးရ၏ကောင်းမွန်သော လက်ခံရေးအစီအစဉ်များကို တင်ပြပါအတိုင်း ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ပြည်သူများ ပိုမိုသိရှိနားလည်စေရန်အတွက် နေ့စဉ် မြန်မာ၊ အင်္ဂလိပ်သတင်းစာများတွင် ခရိုင်ပြည်နယ်သတင်းဖြင့် သီးသန့်စာမျက်နှာတွင် ဖော်ပြလျက်ရှိသကဲ့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ကလည်း တီဗွီအစီအစဉ်၊ FL အစီအစဉ်တို့ဖြင့် ထုတ်လွှင့်လျက်ရှိပါကြောင်း၊ နောင်တွင်လည်း ‌ဆောင်ရွက်မှုအစဉ်တိုင်း၌ ပြည်သူများထံ အသေးစိတ် ရှင်းလင်းတင်ပြမည် ဖြစ်ပါကြောင်းနှင့် ယနေ့မွန်းလွဲပိုင်းတွင်လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ပြီး ပြည်တွင်း/ပသတင်း သမားများနှင့်သတင်းစာ ရှင်းလင်းပွဲကိုလည်း ပြုလုပ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုလိုပြန်လည်လက်ခံရေး လုပ်ငန်းများသည် အစိုးရနှင့်သက်ဆိုင်ရာ အာဏာပိုင်များကသာ  ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်ဟု ပြည်သူများနှင့် မိမိတို့ကနားလည်ထားပါကြောင်း၊ သို့သော် လူမှုကွန်ယက်များတွင် အမျိုးသမီးတစ်ဦးက ပြန်လည်ထွက်ခွာသွားသော ဘင်္ဂါလီများကို ပြန်လာရန်သွားခေါ်သည့် သတင်းများပျံ့နှံ့နေပြီးဖြစ်ပါကြောင်း၊ ထိုသတင်းမှန်ကန်ပါက ပြည်သူများအနေဖြင့် သိရှိလိုသည်မှာ အစိုးရအနေဖြင့် ထိုအမျိုးသမီးကို မည်သို့ဟန့်တားထားပြီး မည်သို့အရေးအရာ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်းနှင့် ယခုလို ထွက်ခွာသွားသော ဘင်္ဂါလီပြန်လည်လက်ခံရေး လုပ်ငန်းအတွက် ယနေ့အထိ နိုင်ငံတော်မှ  ငွေမည်မျှသုံးစွဲပြီးပါကြောင်းကိုလည်း ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းပါသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

တင်ပြသည့်အမျိုးသမီးကို အရေးယူမည်ဆိုသည့်အပိုင်းနှင့် ပက်သက်ပြီး လူမှုကွန်ယက်တွင် ရေးသွားသည့် အနေအထားအပေါ် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အရေးယူရန်ကိစ္စကို ဆက်လက်ပြီးသက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခုကငွေမည်မျှသုံးစွဲထားသည် ဆိုသည့်အပိုင်းတွင် ဝန်ကြီးဌာန အနေဖြင့် အကြမ်းဖျင်းသုံးစွဲ ထားသည်ဆိုသည့် အနေအထားတွင် မြန်မာကျပ်ငွေ ၃ ဘီလီယံခန့် သုံးစွဲထားရှိပါကြောင်း၊ ယခုလိုသုံးစွဲထားသည့် အပိုင်းတွင် ပြန်လည်လက်ခံရေး စခန်းများတွင် တည်ဆောက်သည့် အပိုင်းများ၊ မြေနေရာရှင်းလင်းသည့် အပိုင်းများကို UEHRD ၏ လုပ်ငန်းစဉ်အောက်မှ သုံးစွဲခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြ အပ်ပါသည်။