(က)-ထူးချွန်ထက်မြက်ပြီး အောင်မြင်သော ဘွဲ့ရကျောင်း/သူများကို နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၉.၃.၂၀၁၈)

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ခြင်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအားအရင်းအမြစ်ကို စီမံခန့်ခွဲသည့် နေရာတွင် လုပ်ငန်းသဘာဝနှင့် ကိုက်ညီသောလူမှန်၊ နေရာမှန်ရွေးချယ် ခန့်ထားနိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုမှ ချမှတ်ထားသော စီမံချက်များ၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ဝန်ထမ်းများအပေါ် မူတည်နေသည်ကို တွေ့ရရှိရပါကြောင်း၊

ယနေ့ တက္ကသိုလ်ပေါင်းစုံမှ ထူးချွန်ထက်မြက်သည့် ဘွဲ့ရကျောင်းသား/သူများကို နှစ်စဉ်မွေးထုတ် ပေးနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ဥပမာအားဖြင့် မကွေးနည်းပညာတက္ကသိုလ်မှ B.E (Electrical Power) ဖြင့် ဘွဲ့ရကျောင်းသူတစ်ဦး အမှတ်စာရင်းကို ကြည့်မည်ဆိုပါက ရှစ်ဘာသာရှိသည့်အထဲက ခုနစ်ဘာသာလုံး ဂုဏ်ထူးထွက်သည်ကို တွေ့ရှိရသည်မှာ အောင်မြင်သည့် ကျောင်းသား/သူများအဖြစ် တက္ကသိုလ်ပေါင်းစုံတွင် နှစ်စဉ်ပေါ်ထွက်သည်ကို တွေ့ရှိရပါကြောင်း၊

ပညာကလည်း ဆက်မသင်နိုင်၊ အလုပ်ကလည်း အလွယ်မရသည့် နောက်ဆုံး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီလာပြီး အလုပ်လာလျှောက်သည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ Master နှင့် Honours များ ကျောင်းပြီးဘွဲ့ရများ၊ ကျောင်းသား/သူများ ကျောင်းဆရာ/မများ ဝင်လျှောက်နေချိန်တွင် မကွေးနည်းပညာတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာဖြင့်ပြီးသည့် အတော်ဆုံး ကျောင်းသားတစ်ယောက်ကို နှစ်စဉ်တစ်နှစ်တစ်ယောက် ဂျပန်နိုင်ငံဖူဂျီကုမ္ပဏီမှ အလုပ်ပေးသည်ကို တွေ့ရှိရသည့်အပြင် မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် အထူးပြုကွန်ပျူတာဖြင့် ပညာသင်ဆဲဖြစ်သည့် ကျောင်းသား/သူ ၅ ယောက်ကိုလည်း ဂျပန်ယမ်း ၁၉၀၀၀၀ နှင့် အလုပ်ခေါ်ခြင်း၊ ရေကြောင်းတက္ကသိုလ်မှ ကျောင်းသား/သူများကို၊ ဂျပန်နိုင်ငံမှ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနေသည်ကိုလည်း တွေ့ရှိရသည့်အခါ တိုင်းပြည်အတွက် ဦးနှောက်ယိုစီးခြင်း၊ ဦးနှောက်ဖောက်စားခံရခြင်းများဖြစ်သည့်အတွက် ယခုလိုထူးချွန်ထက်မြက်သည့် တက္ကသိုလ်ပေါင်းစုံမှ ဘွဲ့ရကျောင်းသား/သူများကို နိုင်ငံတော်အစိုးရမှ နိုင်ငံတကာကို ပညာတော်သင်စေလွှတ်ပြီး မိမိတိုင်းပြည်၏ တက္ကသိုလ်များ၊ ကောလိပ်များတွင် ပြနလည်ပြီး ပညာပို့ချခိုင်းမည်။ သို့ဖြစ်ပါ၍ ထူးချွန်ထက်မြက်ပြီး အောင်မြင်သောဘွဲ့ရ ကျောင်းသား/သူများကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ရန် အစီအစဉ်ရှိ/မရှိနှင့် ထူးချွန်ထက်မြက်ပြီး အောင်မြင်သောဘွဲ့ရ ကျောင်းသား/သူများကို ၎င်းတို့နှင့် သင့်လျော်ကိုက်ညီသော အလုပ်များခန့်ထား တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးကဏ္ဍကို အဓိကတာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ဘွဲ့လွန်သင်တန်း တက်ရောက်နေသော ဘွဲ့ရကျောင်းသား/သူ များအား နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်မှုနှင့် ပတ်သက်၍ တက္ကသိုလ် အချင်းချင်းချိတ်ဆက်၍ ဆောင်ရွက်သည့် ပညာသင်ဆုအစီအစဉ်များသို့ သက်ဆိုင်ရာတက္ကသိုလ်များ၏ ကမ်းလှမ်းစာပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျောင်းသား/သူများကို သက်ဆိုင်ရာ ဘာသာရပ်နှင့် အင်္ဂလိပ်စာ ဘာသာရပ်များအား ရေးဖြေနှင့်နှုတ်ဖြေ စစ်ဆေး၍ အမည်စာရင်း အဆိုပြု လျှောက်ထားစေပြီး သက်ဆိုင်ရာတက္ကသိုလ်မှ လက်ခံစာရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ စေလွှတ်ပေးလျက် ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ မှ ဦးရေကန့်သတ်မှုမရှိဘဲ ဘာသာရပ်နယ်ပယ် ကျယ်ပြန့်စွာ ကမ်းလှမ်းလာသည့် ပညာသင်ဆုများကို လွတ်လပ်စွာ လျှောက်ထားနိုင်ကြောင်း အကြောင်းကြားလာပါက သတင်းဖြန့်ဝေခြင်း (Information Drop) ပြုလုပ်၍ လျှောက်ထားစေပြီး သက်ဆိုင်ရာမှ လက်ခံစာရရှိပါက စေလွှတ်ပေးလျက်ရှိပါ ကြောင်း၊ Internet Website မှ ကမ်းလှမ်းလာသည့် ပညာသင်ဆုအစီအစဉ်များသို့ ပညာရေးဝန်ကြီး ဌာန၏ အတည်ပြုချက်ဖြင့် Online အသုံးပြုလျှောက်ထားပြီး လက်ခံစာရရှိပါက လုပ်ထုံးလုပ်နည်းနှင့် အညီ စေလွှတ်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူနေ ကြသော ထူးချွန်ကျောင်းသား/သူများအတွက် အရည်အသွေးပြည့် ပညာသင်ယူနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပြီး (ဥပမာ-ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တို့ကို Center of Excellence -COE များ ဖြစ်လာစေရန် အဆင့်မြှင့်တင်ခြင်း) ပြည်ပသို့ သွားရောက် ပညာဆက်လက်သင်ယူ လိုသူများအတွက်ကိုလည်း အခွင့်အလမ်းများ (ဥပမာ -ပညာရေးသံမှူးများ ခန့်အပ်တာဝန်ပေးခြင်း၊ နိုင်ငံတော်ပညာသင်ဆုရွေးချယ် ချီးမြှင့်ခြင်း)တို့ကို ဖန်တီးပေးလျက်ရှိပါကြောင်း၊

ထို့အတူ စက်မှုဝန်ကြီးဌာနမှလည်း ယင်း၏ ကွပ်ကဲမှုအောက်၌ရှိသော စက်မှုသင်တန်းကျောင်း ခြောက်ကျောင်းမှ သင်တန်းဆင်းများ အလုပ်အကိုင်ရရှိစေရန် Myanmar Human Energy Co.,Ltd နှင့်ပူးပေါင်း၍ ဂျပန်ဘာသာစကားကျွမ်းကျင်မှု သင်တန်းကို အမှတ် (၂) စက်မှုသင်တန်း ကျောင်း (မန္တလေး) တွင် တစ်နှစ်ကြာသင်ကြားပေးပြီး သင်တန်းပြီးဆုံးပါက ထူးချွန်သော သင်တန်းသားများကို ဂျပန်နိုင်ငံသို့ အလုပ်သင် သင်တန်းသားများအဖြစ် သင်တန်းကာလ သုံးနှစ်စေလွှတ်လျက် ရှိပါကြောင်း၊ ၎င်းတို့နှင့် သင့်လျော်ကိုက်ညီသော အလုပ်များခန့်အပ်တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ နည်းဥပဒေ ၇၊ နည်းဥပဒေ ၈ နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ရွေးချယ်ပေးနိုင်သော ဝန်ထမ်းအဖွဲ့အစည်း အသီးသီးမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူး နေရာများ လစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လိုကြောင်း ခန့်အပ်မည့် ရာထူးအတွက် လုပ်ငန်းသဘော သဘာဝများအပေါ်အမှီပြု၍ ပညာအရည်အချင်းနှင့် အသက်သတ်မှတ်ချက်အပါ အဝင် အခြားသောသတ်မှတ်ချက်များကို ထည့်သွင်းဖော်ပြ၍ အဆိုပြုလာမှုအပေါ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ နည်းဥပဒေများ နည်းဥပဒေ ၉ မှ နည်းဥပဒေ ၁၈ အထိပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြော်ငြာခေါ်ယူပေးခြင်း၊ ပဏာမစစ်ဆေးခြင်း၊ ရေးဖြေစာမေးပွဲကျင်းပစစ်ဆေးခြင်း၊ စိတ်အခြေအနေ စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ အဆင့်ဆင့်ဆောင်ရွက်ပြီးနောက် အဆိုပြုသည့် အရေအတွက်အတိုင်း ထူးချွန်ထက်မြက်သော သူများကို စိစစ်ရွေးချယ်ပေးလျက်ရှိပါကြောင်း၊

နောက်တစ်ချက်အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇ ပုဒ်မခွဲ (ခ) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၅ တို့ပါ ပြဋ္ဌာန်းချက်များအရ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ်များအား စတင်ခန့်ထားနိုင်သည့် အမှုထမ်းအဆင့် စတင်ခန့်ရာထူးများကိုမူ ရာထူးလစ်လပ်မှုအပေါ် မူတည်၍ ခန့်ထားမည့်ရာထူးနှင့် အရည်အချင်းကိုက်ညီသူများအား သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း များက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယှဉ်ပြိုင် လျှောက်ထားစေပြီး အရည်အချင်းစစ် ရေးဖြေစာမေးပွဲ၊ လူတွေ့နှုတ်ဖြေစာမေးပွဲများကို ကျင်းပပြုလုပ် ၍ အရည်အချင်းစစ်ဆေးရေးအဖွဲ့ဖြင့် စနစ်တကျရွေးချယ်ခန့်ထား ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန များမှ ဖြေကြားချက်များ ပေးပို့လာပါသဖြင့် ပြည်ထောင်စုဝန်ကြီးဌာနအားလုံးနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းလျက်ရှိကြောင်း ဖြေကြားပါသည်။