(စ)-ငါန်းဇွန်မြို့နယ်၊ သားကျင်အုပ်စု၊ သားကျင်ရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၇.၃.၂၀၁၈)

၁၉၉၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးထဲရှိခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးကို ပြောင်းရွှေ့ခြင်း ဖြစ်သည့်အတွက် မှတ်ပုံတင်မှာလည်း (၅/) နှင့် (၉/) နှစ်ခုခွဲပြီး           အမြဲတမ်းဖြေရှင်း နေရသော မြို့နယ်ဖြစ်ပါကြောင်း၊ နောက်တစ်ခါ အဆင်းရဲဆုံးမြို့နယ်လည်း ဖြစ်သည့်အတွက် ကမ္ဘာ့ဘဏ်ကချေးငွေဖြင့် လူထုဗဟိုပြု UCDDP စီမံကိန်း ပထမဦးစွာရခဲ့သည့် မြို့နယ်လည်း ဖြစ်ပါကြောင်း၊ မြို့နယ်၏တည်နေရာလေးကလည်း ထူးခြားသည့်အတွက် သွားရေးလာရေး အင်မတန်ခက်ခဲပါကြောင်း၊ ရေဝင်ဒေသများလည်း များသည့်အတွက် သားကျင် အုပ်စု၊ တိုက်နယ်ဆေးရုံ စတင်ဖြစ်ပေါ်လာပုံက ၆-၅-၂၀၁၇ တွင် လူထုတွေ့ဆုံပွဲ လုပ်ပြီး လူထုက ဆေးရုံတစ်ရုံ တောင်းပေးရန် တင်ပြသည့်အခါ နိုင်ငံတော်အနေဖြင့် မြေယာပြဿနာ အခက်အခဲရှိနိုင်သည့်အတွက် အလှူခံ၍ဖြစ်စေ၊ ဝယ်၍ဖြစ်စေ မြေနေရာရလျှင် ဆက်ပြီးဆောင်ရွက် ပေးပါမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားလှယ်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ရွာမိ/ရွာဖများပေါင်းပြီး အလှူခံဆောင်ရွက်လိုက်သည့်အခါ မြေဧက ၅ ဧကကျော်လှူသည့် ပုဂ္ဂိုလ်တစ်ဦးပေါ်ထွက် လာခဲ့သည့်အတွက် ပုံစံ (၇) ရရှိရေးနှင့် အခြားနည်းသုံးစွဲရန် နောက်တစ်ခါ မြေဂရန်ရရှိဖို့ အဆင့်ဆင့်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ သားကျင်ရွာ၏ မြောက်ဘက်ခြမ်း ရေဝင်ဒေသဖြစ်သည့်အတွက် အနည်းဆုံးငါးလခန့် ရေထဲတွင် နေရခြင်းဖြစ်ပါကြောင်း၊ လွှမ်းခြုံဧရိယာနှင့် လူဦးရေလည်း ထူထပ်သည့် စိုက်ပျိုးမြေဧရိယာများ ကျယ်ဝန်းသည့် ဒေသဖြစ်သောကြောင့် ဒေသခံပြည်သူပြည်သားများက၊ မဲဆန္ဒရှင်များက တိုက်နယ်ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် တောင်းဆိုချက်နှင့်ပတ်သက်ပြီး မြို့နယ်ဆရာဝန်များနှင့် ညှိနှိုင်းပြီးအမှုတွဲ တည်ဆောက်ခိုင်းပါကြောင်း၊ ခရိုင်၊ တိုင်းဒေသကြီးတို့တွင်တင်သည့်  အမှုတွဲကို မိတ္တူတစ်စုံပို့ခိုင်းပြီး အပေါ်စာနှင့်အတူ မေးမြန်းရခြင်းဖြစ်ပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်မြို့နယ်ကို ကြည့်လိုက်သည့်အခါ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံတစ်ရုံ၊ မြို့သာတိုက်နယ်ဆေးရုံတစ်ရုံနှင့် ငါးမျှာကြီးတိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံသုံးရုံ ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သားကျင်ကျေးလက် ကျန်းမာရေးဌာနကို နေရာကိုကြည့်သည့်အခါ တိုက်နယ်ဆေးရုံနှစ်ရုံသည် တစ်ရုံနှင့်တစ်ရုံက အနည်းဆုံး ၁၀ မိုင်အထက် ၁၀ မိုင်/၁၅ မိုင်ရှိရမည်၊ သားကျင်တွင် တိုက်နယ်ဆေးရုံဆောက်မည်ဆိုပါက ၎င်းနှင့်အနီးဆုံးဖြစ်သည့် ငါးမျှာကြီးတိုက်နယ် ဆေးရုံနှင့် ခြောက်မိုင်ဝေးပါကြောင်း၊ အဓိကမှာ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက ထိုလမ်းကိုပြင်ပေးမည်ဆိုပါက ခြောက်မိုင်ကို ၁၅ မိနစ်ဖြင့် သွား၍ရပါကြောင်း၊ ထို့ကြောင့် ဆေးရုံတစ်ရုံဆောက်မည့်အစား လမ်းကိုသေချာ လုပ်ပေးလျှင် ငါးမျှာကြီးတိုက်နယ်ဆေးရုံကို သွားလာ၍ရပါကြောင်း၊ တိုက်နယ်ဆေးရုံ နှစ်ရုံက ခြောက်မိုင်အတွင်း ဆောက်ပေး၍ မရပါကြောင်း၊ သို့ဖြစ်ပါ၍ သားကျင်တိုက်နယ်ဆေးရုံရှိသည့် Rural Health Center တို့ ရှိမည်ဆိုပါက ပစ္စည်းအင်အား၊ လူအင်အားနှင့် အားဖြည့်ပေးမည် ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။